သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA ခြိမ်းခြောက်မှုကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ခွာနေဆဲဟု မြန်မာတာဝန်ရှိသူဆို


ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ခွာ
ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ခွာ

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ရာနဲ့ချီတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနကတော့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှု ခေါ်ယူမှုကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရှိနေပြီး ဒါဟာ နိုင်ငံရေးကစားကွက် ဖန်တီးနေတာလို့ ပြောလိုက်ပါတယ်။ အပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရအနေနဲ့ ဇန်နဝါရီ ၂၃ရက်နေ့ကတည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုပေမယ့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဒီကနေ့ချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အသုတ်လိုက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။

အခုလ ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၁၀ရက်နေ့အထိ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ် ထဲကနေ ကျေးရွာ ၁၆ရွာက ဒုက္ခသည် ၈၀၀ ကျော်လောက် မောင်တောမြို့နယ် ဂေါ်ဒူသာရ ချောင်းဝ ပင်လယ်ကမ်းခြေကတဆင့် စက်လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မွတ်ဆလင် ဒုက္ခသည်တွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထပ်မံ ထွက်ပြေးနေရတဲ့ အကြောင်း ရင်းတွေထဲ ARSA အကြမ်းဖက်အဖွဲ့ရဲ့ခြိမ်းခြောက်မှုကြောင့်လည်း ပါဝင်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"သူတို့ကတော့ ၂ ချက်ပေါ့ တခုကတော့ ဟိုဘက်ကနေ လှမ်းခေါ်နေတယ်။ ဟိုဘက်မှာ လာလို့ရှိရင် ပိုပြီးတော့ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်ပြေမယ်။ လုပ်ငန်းလေးတွေရှိတယ် ဆိုပြီးတော့ စည်းရုံးတာလည်း ရှိတယ်။ တချို့ကလည်း ကြားတာကတော့ ခြိမ်းခြောက်တဲ့ဟာတွေလည်း ရှိတယ်။စည်းရုံးတာနဲ့ ခြိမ်းခြောက်တာတွဲပြီးတော့ လုပ်နေကြတော့ သူတို့ကလည်း လက်ရှိအနေအထားမှာတော့ ဒီဘက်မှာတော့ လုပ်ရကိုင်ရတာ အရင်လို စိတ်ချမ်းချမ်းသာသာနဲ့ မလုပ်ရဘူးပေါ့ ။ ရခိုင်ကလည်း သူတို့ကိုလန့်နေတယ်၊ သူတို့ကလည်း ရခိုင်ကိုလန့်တယ် အဲဒီလို မလုံခြုံတဲ့ အခြေအနေမျိုးလေးတွေလည်း ရှိတယ်ဆိုတော့ ဒါတွေကြောင့်ထွက်တယ်ဆိုပြီး မြေပြင်သတင်းအရတော့ သိရတယ်ခင်ဗျ။ အဓိကတော့ ARSA အဖွဲ့ကတော့ သူတို့ကို အကုန်လုံးထွက်သွားစေချင်တယ်။ ထွက်သွားမှ ဟိုဘက်မှာ သူတို့ တခုခုတောင်းဆိုလို့ရမယ်ဆိုတဲ့ သဘောနဲ့ ARSAအဖွဲ့ကလည်း ခြိမ်းခြောက်တယ်။ နောက်ဟိုဘက်မှာ ရောက်နေတဲ့ ARSAအဖွဲ့နဲ့ ပတ်သက်တဲ့ အဖွဲ့တွေကလည်း ဟိုဘက်မှာ လုပ်ငန်းကိုင်ငန်းတွေကောင်းတယ်၊ ကောင်းကောင်းမွန်မွန်နေရတယ်။ ရိက္ခာတွေ အများကြီးရတယ်။ ထောက်ပံ့တဲ့ ပစ္စည်းတွေ အများကြီးရတယ်ဆိုပြီး လာခဲ့ဖို့ ခေါ်တယ်။ အဲဒါမျိုးတွေလည်း ကြားတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို ဇန်နဝါရီ ၂၃ရက်နေ့မှာ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ် နှစ်နိုင်ငံကြား သဘောတူညီထားတာ ဖြစ်ပြီး မြန်မာအစိုးရဘက်က လက်ခံဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောဆိုထားတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ လိုအပ်ချက် တချို့ကြောင့် ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဆိုထားသလို ကုလသမဂ္ဂ အပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ရိုဟင်ဂျာ ဒုက္ခသည် တွေ နေရပ်ပြန်ရေး အလျင်စလို မလုပ်ဖို့ ပြောဆိုထားပါတယ်။

အခုလို အခြေအနေမျိုးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ဆက်လက်ထွက်ပြေးနေတာဟာ နိုင်ငံရေးကစားကွက် ဖန်တီးနေ တာလို့မြင်ကြောင်း ဦးမြင့်ကြိုင်က အခုလို ပြောပါတယ်။

"ကျနော့်အနေနဲ့ကတော့ ဒါကတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံး လိုက်လိုက်လျောလောျနဲ့ ကူညီထောက်ပံ့ရေးတွေလည်း လုပ်တယ်။ သူတို့ အမှန်မှန်တော့ ဒါတွေက တရားမဝင် နယ်စပ်ဖြတ်ကျော်တာဖြစ်တဲ့အတွက် ဖမ်းလို့ဆီးလို့ရတဲ့အနေအထားပဲ ဒါကို ကျနော်တို့က ဖမ်းတာဆီးတာမလုပ်ပဲနဲ့ ခြောက်ပြပြီးတော့ပဲ စည်းရုံးသိမ်းသွင်းပြီးတော့ လိုအပ်တဲ့ ကိစ္စတွေ ထောက်ပံ့ခေါ်နေတာဖြစ်တဲ့အတွက် ဒါတွေက သူတို့ နိုင်ငံရေးကစားနေတာတွေ ဖြစ်တဲ့အတွက် တဖက်ကလည်း လူမှုရေးအရ ကူညီစောင့်ရှောက်သလို တဖက်က လုံခြုံရေးအသိနဲ့ စောင့်ကြည့်နေရတယ်လို့ ယူဆတယ်ခင်ဗျ။"

၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ထဲက လုံခြုံရေး ကင်းစခန်း ၃၀ လောက်ကို ARSA အစွန်းရောက် အုပ်စုတွေက စတင်တိုက်ခိုက်ပြီး မြန်မာစစ်တပ် ဘက်က အင်အား အလွန်အကျွံသုံး တန်ပြန် တိုက်ခိုက်ပြီးနောက်ပိုင်း တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ အရေအတွက်ဟာ အခုချိန်မှာ ၇ သိန်းဝန်းကျင် ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG