သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နိုင်ငံတကာအကြံပေးအဖွဲ့ဝင် လုပ်ပိုင်ခွင့်ဘောင် မကျော်ကြောင်း Richardson တုံ့ပြန်


ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းနိုင်ရေးအတွက် ကိုဖီအာနန်အဖွဲ့ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အကြံပေးဖို့ ခန့်အပ်ထားတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ပြီးခဲ့တဲ့သီတင်းပတ်က နုတ်ထွက်ခဲ့ရာမှာ အဓိက အကြောင်းတွေအနက် တခုကတော့ ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးကိစ္စ ပါဝင်ပါတယ်။ ဒီကိစ္စဟာ ရခိုင်အရေးအကြံပေးအဖွဲ့နဲ့ မပတ်သက်ဘူးလို့ မြန်မာအစိုးရက ပြောပေမယ့် မစ္စတာ ရစ်ချတ်ဆန်ကတော့ အဖွဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ အကျုံးဝင်တယ်လို့ ပြောပါတယ်။ အကြံပေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းကတော့ သူ့အဖွဲ့အနေနဲ့ ဒီသတင်းထောက်နှစ်ဦးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဘယ်လိုမှ ဖိအားပေးပြောဆိုမှာမဟုတ်ဘူးလို့ မြန်မာအစိုးရသတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကူညီဖြေရှင်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပေးချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖော်ရမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာအစိုးရကနေ ဖွဲ့စည်းခဲ့တဲ့ အကြံပေး အဖွဲ့မှာ နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ် ၅ ဦးတို့ပါဝင်ရာမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံသား New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူး ဟောင်း Bill Richardson က အကြံပေးအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အခုလိုသူနုတ်ထွက်သွားတဲ့အကြောင်းတွေအနက် အဓိကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiat Sathianthai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့အနေနဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးဖို့အပြင် အခြေအနေကို ဖုံးဖိဖို့ ကြိုးစားတယ်လို့ သူရှုမြင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Richardson က သတင်းမီဒီယာကိုပြောခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ပဋိပက္ခအရေး သတင်းယူရင်းနဲ့ အရေးယူခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးတို့ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကိစ္စနဲ့ပတ်သက်လို့ မစ္စတာ Richardson က တင်ပြခဲ့ရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အကြံပေးအဖွဲရဲ့ လုပ်ပိုင်ခွင့်နဲ့ ဒီကိစ္စမပတ်သက်ကြောင်း ဒေါသနဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အခုလို ရိုက်တာ သတင်းထောက်နှစ်ဦးအကြောင်း Mr. Richardson အနေနဲ့ ထည့်သွင်းမေးမြန်းခြင်းဟာ အကြံပေးအဖွဲ့ရဲ့ Mandate လုပ်ပိုင်ခွင့်မှာ မပါဝင်တဲ့အကြောင်းလည်း မြန်မာအစိုးရပြောခွင့်ရ ဦးဇော်ဌေးက ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ သတင်းမီဒီယာကို တုံ့ပြန်ခဲ့ပါတယ်။

အလားတူပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ်ပြန် ချက်မှာလည်း ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးမှုတွေပြုလုပ်စဉ်အတွင်း အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ရဲ့ ရည်ရွယ်ချက်ဟာ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များအပေါ်အခြေခံပြီး အကြံပေးခြင်းမျိုးမဟုတ်ဘဲ သူ့ရဲ့ပုဂ္ဂလိကအကျိုးကို ရှေ့ရှုဆောင်ရွက်လိုတာကို ထင်ရှားတွေ့ရတယ်လို့ ထောက်ပြထားပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson က အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“ဒါဟာ အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာမှာ အကျုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြံပေးအဖွဲ့ရဲ့လုပ်ပိုင်ခွင့်အာဏာဟာ ကိုဖီအာနန် အကြံပေးအဖွဲ့ရဲ့ အကြံပေးချက်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထူထောင်ဖို့၊ ရခိုင်ပြည်နယ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ပါဝင်ပါတယ်။ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေမှာ သတင်းလွတ်လပ်ခွင့်အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်တာတွေကို သတင်းလွတ်လပ်စွာ ယူခွင့်ပြုဖို့ကိုလည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း သတင်းမီဒီယာဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ထဲမှာ ပါဝင်တယ်လို့ ခံယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်က ဒီအကြံပေးအဖွဲ့မှာ ပါဝင်ခဲ့တာက ဒီသတင်းထောက် နှစ်ဦး အဖမ်းမခံခဲ့ရစဉ် ကပါ။ ဒါကြောင့် အခုလို အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာမှာ မပါဝင်ဘူးလို့ ပြောတာဟာ သိပ်ကို အားနည်းတဲ့ အကြောင်းပြချက်ပါ။”

Mr. ကိုဖီအာနန်ရဲ့ အကြံပေးကော်မရှင် ထုတ်ပြန်ခဲ့တဲ့ အကြံပေးချက်မှာလည်း သတင်းယူခွင့်နဲ့ ပတ်သက်လို့ အပိုဒ် ၃၁ မှာ မြန်မာအစိုးရ အနေနဲ့ မကြာသေးမီ ကာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများရဲ့ အကျိုးသက်ရောက်မှုများကိုခံရသော ဒေသများနှင့် ရခိုင် ပြည်နယ် အတွင်းရှိ အခြားနေရာများမှာ ပြည်တွင်းပြည်ပ သတင်းထောက်များအား ပုံမှန်သတင်းရယူခွင့်များ အပြည့်အဝပေးသွားဖို့ ကော်မရှင်က ထပ်မံတိုက်တွန်းတဲ့အကြောင်းလည်း ဖော်ပြထားတာတွေ့ရပါတယ်။

Mr. Richardson ကတော့ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ထောက်ခံအားပေးလာခဲ့သူဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း ရင်းနှီးခဲ့သူဖြစ်တဲ့အတွက် လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာအရေးအပြင် သတင်းထောက်နှစ်ဦး ပြန်လွတ် မြောက်ရေးနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေကို သူထောက်ခံပေမယ့်လို့လည်း တချိန်တည်းမှာပဲ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကြိုးပမ်းချက်တွေကိုတော့ သူ့အနေနဲ့ သဘောမတူကြောင်း အခုလိုပြောခဲ့ပါတယ်။

“ကျနော့်အနေနဲ့ မြန်မာနိုင်ငံပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထောက်ခံသလားဆိုရင် မထောက်ခံပါဘူး။ မထောက်ခံရခြင်းက ဒီဒဏ်ခတ် ပိတ်ဆို့မှုဟာ မြန်မာနိုင်ငံသားတွေကို ထိခိုက်စေလို့ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အခွင့်အရေးပေးတာကို ကျနော် မြင်လိုပါတယ်။ ဒဏ်ခတ်အရေးယူတာတွေဟာ အလုပ်မဖြစ်ပါဘူး။ နိုင်ငံအတွက် ပိုပြီး ဒုက္ခရောက်စေမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အကြံပေးအဖွဲ့ကို ဦးဆောင်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart Sathirathai ကတော့ ရိုက်တာသတင်းထောက် ၂ ဦး အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အကြံပေးအဖွဲ့အနေနဲ့ ဝင်ရောက်ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း မြန်မာအစိုးရထုတ် Global New Lights of Myanmar သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါအပြင်အခုလို တရားလိုဘက်က စွဲချက်တင်အမှုစစ်ဆေးနေချိန်အတွင်း ဥပဒေကို လူတိုင်းလေးစားသင့်တဲ့အကြောင်း ဒါပေမယ့် သူ့အနေနဲ့ မြန်မာ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ သီးခြားတွေ့ဆုံရာမှာတော့ ဒီကိစ္စကို ထည့်သွင်းပြောကြားခဲ့တဲ့အကြောင်းနဲ့ ဦးသောင်းထွန်းဘက်ကလည်း တရားဥပဒေနဲ့အညီ ဖြစ်စေရမှာ ဖြစ်တဲ့အကြောင်း ကတိပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့ အကြံပေးအဖွဲ့ဟာ ဘယ်သူ့ကိုမှ ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ဖိအားပေးမှာမဟုတ်သလို တရားရုံး စစ်ဆေးမှုတွေမှာလည်း ဝင်ရောက်နှောင့်ယှက်ဖို့ ရည်ရွယ်ချက်မရှိတဲ့အကြောင်းလည်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း က ပြောကြောင်း မြန်မာအစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG