သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bill Richardson နှုတ်ထွက်မှု နိုင်ငံ့ပုံရိပ် ထိခိုက်


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ- နှုတ်ထွက်သူ Bill Richardson ( ဒုတိယမြောက် ညာစွန်) (ဇန်နဝါရီ ၂၂-၂၀၁၈)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ- နှုတ်ထွက်သူ Bill Richardson ( ဒုတိယမြောက် ညာစွန်) (ဇန်နဝါရီ ၂၂-၂၀၁၈)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ထဲကနေ ထင်ရှားတဲ့ အမေရိကန်နိုင်ငံရေးသမား Bill Richardson နုတ်ထွက်သွားတာဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးအပေါ် ယုံကြည် ကိုးစားရမှုကို ထိခိုက်စေနိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက မြင်ပါတယ်။ ရခိုင်ပြည်နယ်ပြဿနာကို သိပ်မကြာခင်ကာလအတွင်း ဖြေရှင်းနိုင်မယ်လို့ မထင်တဲ့အကြောင်း အမေရိကန်ပါမောက္ခတဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းနဲ့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ထဲကနေ နုတ်ထွက်သွားတဲ့အပေါ် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ တွေကြား အမြင် သိပ်မကွဲလှဘူးလို့ဆိုရမှာပါ။

အမေရိကန်ပါမောက္ခတဦးဖြစ်သူ David Steinberg ဟာ ၁၉၉၄ ခုနှစ်တုန်းက အဲဒီအချိန် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ Bill Richardson လွှတ်တော်အမတ်ဘဝနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားခါနီးမှာ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး Bill Richardson ကို ရှင်းလင်းပြောဆိုခဲ့ဖူးသူပါ။

“ဒီကိစ္စဟာ မြန်မာအစိုးရကို ထိခိုက်စေပါတယ်။ သူဟာ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူဖြစ် တာကြောင့် ဒီနိုင်ငံအပေါ် သူ့ရဲ့ချဉ်းကပ်မှုကို ကျနော် စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။ ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာအမြင်မှာ မြန်မာအစိုးရအပေါ် ယုံကြည်ကိုးစားရမှု လျော့ကျသွားပြီး ကိုဖီ အာနန် အကြံပြုချက်တွေကို အစိုးရဟာ ကြိုးစား အကောင် အထည်ဖော်မှာမဟုတ်ဘူးလို့ လူတွေ ခံစားရမှာဖြစ်တာကြောင့် မြန်မာအစိုးရကို ထိခိုက်စေပါတယ်။”

အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်မှာ အခြေစိုက်ပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ တချိန်က အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဒေါက်တာ တင့်ဆွေကလည်း ပါမောက္ခ Steingberg ရဲ့အမြင်နဲ့ တူပါတယ်။

" ကျနော်လည်း အဲ့ဒီ့လို ခပ်ဆင်ဆင် သဘောပေါက်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ Bill Richardson ကလည်း အထင်ကရပုဂ္ဂိုလ် နောက်တခါ ဒီစုံစမ်းစစ်ရေးကော်မရှင် ဖွဲ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့တာပေါ့ အဲ့ဒီ့တော့ ဒေါ်အောင်ဆန်းစုကြည်က အထင်ကရပုဂ္ဂိုလ်တွေ ပါတဲ့အဖွဲ့ဆိုတော့ လူတိုင်းကလည်း အာရုံထားတယ် အဲ့ဒီ့အထဲမှာမှ ဒီလိုဖြစ်လာတယ်ဆိုတော့ ဒီဖွဲ့စည်းခြင်း ကိစ္စအပေါ်ရိုက်ခတ်မှုဟာ နိုင်ငံတကာအဆင့်အထိ အနှုတ်သဘောဆောင်မယ်ဆိုတာကတော့ ဖြစ်နိုင်မယ်လို့ယူဆပါတယ်ခင်ဗျ။"

မစ္စတာ Richardson အကြံပေးအဖွဲ့ကနေ နုတ်ထွက်တဲ့ တရက်ထဲမှာပဲ အမေရိကန် ပါတီကြီးနှစ်ရပ်စလုံးက အထက်လွှတ်တော် အမတ်တွေ ပူးပေါင်းပြီးတော့ ရခိုင်အရေး အပေါ် မြန်မာအာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့အဆိုတရပ်ကို တင်သွင်းခဲ့တာပါ။ လက်ရှိမှာကိုပဲ မြန်မာအစိုးရအပေါ် နိုင်ငံတကာဖိအားက ရှိနေပြီလို့ ပါမောက္ခ Steinberg က ထောက်ပြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက အဖြစ်အပျက်ဟာ ပြည်တွင်းအဖြစ်အပျက်တခုသာဖြစ်ပြီး ဒီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ရှိသင့် တာထက် အဆပေါင်းများစွာ ချဲ့ကား တာတွေပါတယ်လို့ ဒေါက်တာတင့်ဆွေကမြင်ပါတယ်။ Bill Richardson နုတ်ထွက်တာ ကြောင့် ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းမှုပေါ် ထိခိုက်စေနိုင်မှာမဟုတ်ဘူးလို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

" ဒါကတော့ နိုင်ငံတကာအမြင်တပိုင်းပေါ့ တနည်းအားဖြင့် အပြင်ကနေ မြင်တဲ့အမြင် အပိုင်းဖြစ်ပြီးတော့ တကယ်တမ်းလိုအပ်တာက ပြည်တွင်းမှာ ဖြေရှင်းနိုင်ဖို့။ ဖြေရှင်းတဲ့နေရာမှာလည်း ရေတိုနဲ့ ရေရှည်ဖြေရှင်းမှုတွေ လိုပါတယ် ဒီအတွက် အထောက်အကူ တခုအနေနဲ့သာလျှင် ကော်မရှင်ဆိုတဲ့ဟာတွေက သက်ရောက်တယ်။ နိုင်ငံတကာအမြင်ကောင်းတာ မကောင်းတာကတော့ နိုင်ငံတကာကူညီတယ် ထောက်ပံ့တယ် ပြစ်ဒဏ်ခတ်အရေးယူတာတွေ စသဖြင့် ဒါတွေကတော့ ရှိမှာကတော့ အမှန်ပဲခင်ဗျ။ သို့သော်ဖြေရှင်းမှုအပိုင်းမှာကတော့ ပြည်တွင်းက ခေါင်းဆောင်တွေက အကောင်းဆုံး ဆောင်ရွက်နိုင်မှုအပေါ်မှာတော့ ဒီဟာတွေက အပြင်ပမ်း ရိုက်ခတ်မှုလောက် အဆင့်သာရှိနိုင်တယ်လို့ ကျနော် သုံးသပ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့မယ့်လုပ်ငန်းစဉ်ကိုလည်း စတင်ခါနီးလေးမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဆိုင်းငံ့ထားလိုက်ပြီး အခြေအနေက မရေမရာဖြစ်နေပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ရင် အကောင်းဆုံးဖြစ်လာဖို့ အမြဲဆုတောင်းပါတယ်လို့ ပါမောက္ခ Steinberg ကပြောပါတယ်။ ဒါပေမဲ့ လည်း မဝေးလှတဲ့အနာဂတ်မှာ ဒီပြဿနာ ပြီးဆုံးသွားလိမ့်မယ်လို့တော့ သူကမမြင်ပါဘူး။

“ရိုဟင်ဂျာပြဿနာ ပြီးဆုံးသွားတာ ကျနော်တို့အားလုံးမြင်ချင်ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်ကာလမှာ ပြီးသွားလိမ့်မယ်လို့ ကျနော်တော့ မယုံကြည်ပါဘူး။ ရိုက်တာ သတင်းထောက်တွေ ပြန်လွတ်လာတာ ကျနော်တို့မြင်ချင်ပါတယ်။ ပြဿနာအပေါ် ပွင့်လင်းမြင်သာမှုရှိတာ ကျနော်တို့မြင်ချင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်အမင်းကိုခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မူဝါဒအပေါ် လွှမ်းမိုးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဗျူရိုကရေစီယန္တယား၊ စစ်ဘက်နဲ့ ရဲဘက်တို့ကို တပ်မတော်က ထိန်းချုပ် ထားတာကြောင့်ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက်က သိပ်ကိုခက်ခဲတဲ့ အနေအထားပါ။ ဒါပေမဲ့လည်း ဒီကိစ္စရပ်တွေကို ကြိုးစား ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံလောက်တဲ့အားထုတ်မှု ရှိထားတယ်လို့ ကျနော်မထင်ပါဘူး။”

Bill Richardson နုတ်ထွက်သွားပြီးတဲ့နောက် အကြံပေးအဖွဲ့တွင်း လစ်လပ်သွားတဲ့ အဖွဲ့ဝင်တနေရာမှာ တခြားတဦးဦးကို ပြန်ထည့်မလား၊ လက်ရှိအဖွဲ့ဝင်တွေနဲ့ပဲ ဆက်သွားမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG