သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြံပေးအဖွဲ့ တာဝန်ထက် ကျော်လွန် ဆွေးနွေးဟု Bill Richardson ကို အစိုးရဝေဖန်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်များ- အမေရိကန်ဝါရင့်သံတမန် Bill Richardsonဆွေးနွေးနေစဉ် ( ဇန်နဝါရီလ ၂၂-၂၀၁၈)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင်များ- အမေရိကန်ဝါရင့်သံတမန် Bill Richardsonဆွေးနွေးနေစဉ် ( ဇန်နဝါရီလ ၂၂-၂၀၁၈)

အမေရိကန်ဝါရင့်သံတမန် Bill Richardson ကအကြံပေးအဖွဲ့ဝင် အဖြစ်က နုတ်ထွက်ပြီး ပြောဆိုလိုက်တဲ့ ဝေဖန်ချက်တွေဟာ လုပ်ငန်းမစမီပြောတာဖြစ်တဲ့အတွက် စိတ်ခံစားမှုမှု အရပြောဆိုတယ်လို့ ယူဆကြောင်းနဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ပတ်သက်လို့ ပြောဆိုတာဟာလည်း အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေပါဝင်ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ ပထမဆုံးအကြိမ် မြန်မာပြည်ကို လာရောက်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်တဲ့နေ့မှာပဲ Bill Richardson ကအကြံပေးအဖွဲ့ဝင် အဖြစ်က နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဒီလို နှုတ်ထွက်တာဟာ အကြံပေးအဖွဲ့ဟာ ရခိုင်ပြည်နယ်က မူဆလင်အရေးနဲ့ ပတ်သက်လို့ ဖုံးဖိဖို့ကြိုးစားနေတာကြောင့်ဖြစ်ကြောင်း Bill Richardson ကနိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ်မှာ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို တုံပြန်ပြောဆိုပါတယ်။

“ အဲဒါက သူတို့ ဘာမှ မလုပ်ရသေးဘူး။ ရခိုင်တောင် မသွားရသေးဘူး။ မသွားဘဲနဲ့ ပြန်သွားပြီးတော့ ပြောတာ။ အခု အကြံပေးအဖွဲ့တွေ ရခိုင်ကို သွားနေတယ်။ လက်တွေ့မြေပြင်အခြေအနေတွေ သွားကြည့်ပြီးတော့ အဲဒီအပေါ်မှာ recommendation တွေ သူတို့ ပြန်လည်သုံးသပ်ပြီးတော့ အကြံဉာဏ်တွေ ပေးကြမယ်။ ဘာလုပ်သင့်တယ် ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ပြောမှာ။ ဆိုတော့ ဘာမှတောင်မလုပ်ရသေးဘူး။ ဒီကော်မရှင် အလုပ်တောင် မစရသေးဘူး။ ဘာမှ မလုပ်ရသေးဘဲ ပြောတဲ့အပေါ်က စဉ်းစားစရာဖြစ်တယ်။ အဲတော့ ဖြစ်သွားတဲ့ ကိစ္စတွေမှာ အခြေခံပြီးတော့ emotion အရ ပြောတယ်လို့ ကျနော်တို့က ယူဆတယ်။ ”

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူခြင်းခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ အမှုကို ထည့်သွင်း တင်ပြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အကြံပေး အဖွဲ့ရဲ့ အလုပ်တာဝန်နဲ့ မပတ်သက်ကြောင်း ဒေါသနဲ့ တုန့်ပြန်ခဲ့တဲ့နောက် မပြေမလည်ဖြစ်ခဲ့တယ်လို့ Bill Richardson က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက -

“ ပြောတာတွေက ဘာတွေလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးနဲ့တွေ့မယ်။ ဘာဆွေးနွေးနွေးမှာလဲဆိုတော့ အဲဒီ ရိုက်တာသတင်းထောက် ၂ယောက်ကိစ္စ၊ Freedom of expression ဆွေးနွေးမယ်။ ဆိုတော့ကာ ကျနော်တို့ သူတို့ ဖွဲ့ထားတာက ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင်အထည်ဖော်ရေးကော်မတီကို အကြံဉာဏ်ပေးဖို့ ဖွဲ့ထားတာ။ သူ့ရဲ့ Mandate က အဲဒါပဲ။ အဲဒီ Mandate ကို ကျနော်တို့ ဘယ်မှာ ရေးထားလဲဆိုတော့ သူတို့ အကြံပေးအဖွဲ့ဝင်တွေအားလုံးကို ပေးထားတဲ့ TOR , Terms of Reference မှာ အကုန်ပါတယ်။ သူ့ရဲ့ scope က ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ အကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့ အကြံဉာဏ်တွေပေးဖို့ ဒါက သူ့ရဲ့ Mandate က ရှင်းတယ်။ နောက်တခုက သူ့ရဲ့ personal own capacity နဲ့ ဒီအကြံပေးအဖွဲ့မှာ ပါတာ။ ပြောရရင် အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ဘူး။ ကိုယ်စားလှယ်အနေနဲ့ ခေါ်ထားတာမဟုတ်ဘူး။ ပုဂ္ဂိုလ်တဦးချင်းကို ကမ်းလှမ်းပြီးတော့ ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ပဲ ထည့်ထားတာ။”

အကြံပေးအဖွဲ့မှာ ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ဆုံးဖြတ်ပြီးပါဝင်ခဲ့သလို ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ဆုံးဖြတ်ပြီးနှုတ်ထွက်တဲ့အပေါ် အငြင်းပွားဖို့ မရှိကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ခုနှစ်ကစတင်ပြီး လူမျိုးရေး၊ ဘာသာရေး မတည်မငြိမ် မှုတွေဖြစ်ပွားခဲ့တာပါ။ ၂၀၁၅ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအစိုးရဖွဲ့ပြီးချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် နဲ့ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို ဖော်ဆောင်ဖို့အတွက်၂၀၁၇ခုနှစ် စက်တင်ဘာလ မှာ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင် အထည်ဖော်ဆောင် ရွက်ရေးကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သလို ဒီကော်မတီ အတွက် အကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai အပါအဝင် အမေရိကန်၊တောင်အာဖရိက၊ ဆွီဒင်နဲ့ အင်္ဂလန်က ထိပ်တန်းနိုင်ငံရေးသမားကြီးတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။

ဒေါက်တာ Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ ဒီလ ၂၄ရက်နေ့က ရခိုင်ပြည်နယ် ကိုသွားရောက်လေ့လာပြီး ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကို ပြန်လည်ရောက်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG