သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးအဖွဲ့ကနေ နှုတ်ထွက်ရခြင်းအကြောင်း Bill Richardson ရှင်းလင်း


အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson ကို အေပီ သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် (ဇန်နဝါရီလ ၂၄ ၂၀၁၈)
အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson ကို အေပီ သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် (ဇန်နဝါရီလ ၂၄ ၂၀၁၈)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson ဟာ ရခိုင်ပဋိပက္ခအရေး အကြံပေးဖို့ မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ မနေ့ ဗုဒ္ဓဟူးနေ့က ရုတ်တရက် နှုတ်ထွက်လိုက်ပြီး မြန်မာနိုင်ငံကနေ ချက်ချင်းထွက်ခွာသွားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ရခိုင်အကြံပေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံရာမှာ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိစ္စ မျှမျှတတ ဆောင်ရွက်ဖို့ သူရဲ့ ပန်ကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါသနဲ့ တုန့်ပြန်ဆွေးနွေးမှုကို သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း မစ္စတာ Rihcardson ကပြောပါတယ်။

မြန်မာနိုင်ငံကမထွက်ခွာခင် အေပီ၊ ရိုက်တာ သတင်းဌာနတွေနဲ့ Bill Richardson တွေ့ဆုံမေးမြန်းထားတာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့အပြင် သမ္မတ Bill Clinton အစိုးရဟောင်းလက်ထက်က စွမ်းအင်ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ Bill Richardson ဟာ အဖွဲ့ဝင် ၁၀ဦးပါ ရခိုင်အကြံပေးအဖွဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ်သွားရောက်တဲ့နေ့မှာ အခုလို နှုတ်ထွက်ကြောင်း ပြောကြားလိုက်တာပါ။

သူ့အနေနဲ့ အကြံပေးအဖွဲ့ကနေ နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းအဖြစ် အဲဒီအကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဖုံးဖိဖို့ ကြိုးစားနေတဲ့အတွက် သူ့အနေနဲ့ မြန်မာအစိုးရရဲ့ အခုလိုလုပ်ဆောင်မှုမှာ မပါဝင်လိုတဲ့အတွက် ဖြစ်ကြောင်း မစ္စတာ Richardson ကပြောပါတယ်။

“ကျနော်အနေနဲ့ ပြဿနာကို ဖုံးဖိရာမှာ မပါချင်ပါဘူး။ ဒါကြောင့် ကျနော် ချက်ချင်းနှုတ်ထွက်လိုက်တာ ဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်ခံစားမိပါတယ်။”

ဒါအပြင် အခြားအကြံပေးအဖွဲ့ဝင်တွေနဲ့အတူ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မပြေမလည်ဖြစ်ခဲ့တယ်လို့ Bill Richardson ကပြောပါတယ်။ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူခြင်းခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ အမှုကို သူကထည့်သွင်း တင်ပြခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ရိုက်တာသတင်းထောက်တွေကိစ္စမှာ မျှမျှတတနဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ကျနော်ရဲ့ မေတ္တာရပ်ခံပန်ကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တုန့်ပြန်လိုက်တဲ့အပြုအမူကို ကျနော် အလွန်အင်မတန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သတင်းထောက်နှစ်ဦးကိစ္စနဲ့ဲ့ပတ်သက်လို့ သူ့ရဲ့ အမျက်ဒေါသကို ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ ပတ်သက်နေတဲ့ကိစ္စတွေဖြစ်နေတယ်လို့ ပြောတဲ့အပြင် ဒါကို အကြံပေးအဖွဲ့ဝင်တဦးအနေနဲ့ ပြောရမယ့်အလုပ်မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။ ကျနော်တို့ နှစ်ယောက်ကြား အပြန်အလှန်ပြောဆိုမှုတွေဟာ အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။”

ဒီမပြေလည်မှုဟာလည်း ညစာ စားပွဲမှာ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့လည်း သူကပြောပါတယ်။ အခုလို ဖြစ်ရပ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးဘက်ကရော သတင်းဌာနတွေကို တစုံတရာတုန့်ပြန်ဖြေကြားခြင်းမရှိသေးပါဘူး။

ဒါအပြင် မြန်မာအစိုးရ အရာရှိတွေနဲ့ သုံးရက်ကြာ ဆွေးနွေးမှုတွေအတွင်း သတင်းမီဒီယာ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းကို ယေဘုယျအားဖြင့် ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရတဲ့အတွက် သူ့အနေနဲ့ အံသြသင့်မိတဲ့အကြောင်း မစ္စတာ Richardson ကဆိုပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာအပေါ် ထားတဲ့ သဘောထားအမြင်တွေဟာ အတော်လေး မှားယွင်းနေတယ်လို့ သူက အခုလိုပြောပါတယ်။

“မြန်မာကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ပူးပေါင်းကြံစည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကယုံကြည်နေတာဟာ မှားယွင်းနေတယ်လို့ ကျနော်မြင်ပါတယ်။မြန်မာနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးအတွက် နိုင်ငံတကာသတင်းမီဒီယာတွေ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အခြားအစိုးရတွေကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်အပြစ်တင်ပြောဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ သူ့အနားမှာရှိနေတဲ့ အသံတွေကြောင့်လို့ ကျနော်ထင်ပါတယ်။ သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်း အကြံဉာဏ်တွေမပေးကြဘူးလို့ ကျနော်ယူဆပါတယ်။”

Bill Richardson ဟာ ၁၉၈၀ခုနှစ်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သိကျွမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အလွန်ပဲ လေးစားသူဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရခိုင်အရေးကိစ္စအပြင် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှုကင်းမဲ့နေတဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းကြောင်း မစ္စတာ Richardson ကပြောပါတယ်။

ဆက်လက်ပြီးတော့ ရခိုင်အကြံပေးအဖွဲ့ကို ဦးဆောင်နေတဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai နဲ့ ပတ်သက်လို့လည်း အခုလို သူ့အမြင်ကို ပြောဆိုပါတယ်။

“ရခိုင်အကြံပေးအဖွဲ့ ဥက္ကဌ Surakiart အနေနဲ့ အကြံပေးအဖွဲ့ကို ဦးဆောင်ပြီးသွားချင်တဲ့ လမ်းကြောင်းကို ကျနော် သဘောမတူပါဘူး။ လုပ်ငန်းစဉ်လည်းမရှိသလို လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် စတဲ့ အချို့ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အစီအစဉ် မရှိပါဘူး။”

ဒါနဲ့ ပတ်သက်လို့ မစ္စတာ Sathirathai ကို သတင်းမီဒီယာတွေဘက်က ဆက်သွယ်မေးမြန်းခဲ့တဲ့ အပေါ် တုန့်ပြန်ဖြေဆိုခြင်းမရှိသေးပါဘူး။ မနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်အကြံပေးအဖွဲ့ရဲ့ ပထမဆုံးရခိုင်ခရီးစဉ်ကိုတော့ မစ္စတာ Richardson လိုက်ပါသွားခြင်းမရှိခဲ့ပဲ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်သွားခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ မနေ့က ထွက်ခွာသွားပါတယ်။

အကြံပေးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Roel of Meyer ကတော့ သူတို့ ရခိုင်ခရီးစဉ်ဟာ အပြုသဘောဆောင်တယ်လို့ ပြောပြီး အကြံပေးအဖွဲ့အနေနဲ့ လက်ရှိအကြံဉာဏ်များ မပေးရသေးတဲ့အတွက်ကြောင့် အစိုးရ ရဲ့အသံကို ကိုယ်စားပြုမယ်လို့ ပြောဆိုချက်ဟာ လုံးဝမတရားတဲ့အပြင် မမှန်ကန်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဆွီဒင်လွှတ်တော်အမတ် Urban Ahlin၊ အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Meyere စတဲ့ ပြည်ပ ဝါရင့် အတွေ့အကြုံရှိသူ ငါးဦးနဲ့မြန်မာနိုင်ငံက ငါးဦး စုစုပေါင်း ၁၀ ဦး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG