သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bill Richardson နှုတ်ထွက်မှုအပေါ် ကန်နိုင်ငံခြားရေးဌာနနဲ့ HRW တုန့်ပြန်


New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်း ဖြစ်တဲ့ Bill Richardson
New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်း ဖြစ်တဲ့ Bill Richardson

New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်း ဖြစ်တဲ့ Bill Richardson ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တဲ့ ရခိုင်အကြံပေးအဖွဲ့ကနေ နှုတ်ထွက်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရုတ်တရက် ကြေညာလိုက်တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာန က စိုးရိမ်မကင်း ဖြစ်မိကြောင်း တုန့်ပြန်ခဲ့ပါတယ်။ HRW လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုပါတယ်။

အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြပေးပါလိမ့်မယ်။

နိုင်ငံတကာကို ရိုက်ခတ်စေခဲ့တဲ့ ရခိုင်ပဋိပက္ခအရေး ကူညီဖြေရှင်းပေးဖို့ အဓိက ကိုဖီအာနန်ကော်မရှင်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အသီးသီးရဲ့ အကြံပေးချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖေါ်ရာမှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအဖွဲ့ဝင် ငါးဦးနဲ့ ပြည်တွင်းအဖွဲ့ဝင် ငါးဦးတို့ပါဝင်တဲ့ အကြံပေးအဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံတကာအဖွဲ့ဝင်တဦးဖြစ်တဲ့ အမေရိကန်သံတမန်ဟောင်း Bill Richardson ဟာ မြန်မာနိုင်ငံရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အဆင်မပြေမှုတွေကြောင့် ဗုဒ္ဓဟူးနေ့က နှုတ်ထွက်ခဲ့ပါတယ်။

အခုလို မမျှော်လင့်ပဲ နှုတ်ထွက်ရခြင်းအကြောင်းရင်းကို မစ္စတာ Richardson က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှု ကင်းမဲ့နေကြောင်းနဲ့ သူတို့အကြံပေးအဖွဲ့နဲ့ ဆွေးနွေးရာမှာ သတင်းမီဒီယာ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေအပေါ် ဝေဖန်မှုတွေ များတာတွေ့ရတဲ့အကြောင်း ထောက်ပြပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ဖို့ပြောရမှာ ရခိုင်အကြံပေးအဖွဲ့နဲ့ မသက်ဆိုင်တဲ့အကြောင်း ဒေါသနဲ့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သာမန်အမေရိကန်နိုင်ငံသားတဦးအနေနဲ့ ရခိုင်အကြံပေးအဖွဲ့မှာ ကိုယ်စားပြုပါဝင်ခဲ့တဲ့ မစ္စတာ Richardson အခုလို နှုတ်ထွက်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက စိုးရိမ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ Katina Adams က အရှေ့အာရှရေးရာ ပြောခွင့်ရဖြစ်ပါတယ်။

“ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ကရခိုင်အကြံပေးအဖွဲ့ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ သူရှင်းပြခဲ့တဲ့ နှုတ်ထွက်ရခြင်းအကြောင်းရင်းဟာ စိုးရိမ်မကင်းဖြစ်စရာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လေးစားပါတယ်။ သူက သာမန်အမေရိကန်နိုင်ငံသားတဦးအနေနဲ့ မြန်မာပြည်ရှိ အကြံပေးအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ နောက်ဆုံးအကြံပေးချက်တွေကို လိုက်နာဖို့ ကတိပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဂတိတွေကို အရေးတကြီး အကောင်အထည်ဖေါ်ဖို့ ကျမတို့ တိုက်တွန်းပါတယ်။”

အကြံပေးချက်တွေမှာ ရခိုင်ပြည်နယ်မှာ ကာလကြာရှည်ရှိနေတဲ့ အကဲစမ်းမှု ပြဿနာတွေနဲ့ မကြာသေးမှီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု၊ ဒုက္ခသည်တွေရဲ့ အိုးအိမ်မဲ့ဖြစ်ရတဲ့အကြောင်းရင်းတွေ ဖြေရှင်းပေးဖို့ ပါဝင်ပါတယ်လို့ Katina Adams ကပြောသွားတာဖြစ်ပါတယ်။

ဒါအပြင် မစ္စတာ Richardson နှုတ်ထွက်ရခြင်း အကြောင်းအရင်းနဲ့ ပတ်သက်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း စိတ်ပျက်မိကြောင်းတုန့်ပြန်ပါတယ်။ Brad Adams က HRW အာရှရေးရာ ညွန်ကြားရေးမှူးဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ သံတမန်တွေနဲ့ တခြားပုဂ္ဂိုလ် တွေက နောက်ကွယ်မှာ ပြောတဲ့ စကားကို Bill Richardson က လူသိရှင်ကြား ထုတ်ပြောလိုက်တာပါပဲ။ သူက လူ့အခွင့်အရေး အုပ်စုတွေ၊ သံတမန်တွေနဲ့ ကုလသမဂ္ဂ အပေါ် မနှစ်မြို့မှာကို တင်ပြခဲ့ပြီး၊ အမှန်က သူအတိုက်အခံဘဝ တုန်းက သူပြောခဲ့တဲ့ လူ့တန်ဖိုးတွေ အပေါ်လဲ လေးစားမှုကို မပြခဲ့ပါဘူး။ အရင်က မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်မှုအတွက် ရှေ့ရှု ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံမှုက အခု သူအာဏာရလာတော့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေ၊ Bill Richardson လို ပုဂ္ဂိုလ်မျိုးကို မြန်မာနိုင်ငံရဲ့ ရန်သူအပြင် သူက မြင်လာခဲ့တယ်။ ကျွန်တော်တို့ ဘက်က မပြောင်းပါဘူး သူ့ဘက်ကပဲ ပြောင်းခဲ့တာပါ။”

ဒါအပြင် ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ မစ္စတာ Richardson က မေတ္တာရပ်ခံခဲ့ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေါသနဲ့ တုန့်ပြန်မှုကိုလည်း HRW ကဝေဖန်လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်က သတင်းလွတ်လပ်ခွင့်နဲ့ မီဒီယာကို လွန်စွာ ထောက်ခံ အားပေးခဲ့တဲ့ အပြင် ဟောင်းနွမ်း ဆိုးဝါးလှတဲ့ လူတွေကို ထောင်ကျစေမယ့် ဥပဒေတွေ အသုံးပြုမှုကို ဆန့်ကျင် အပစ်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Bill Richardson လို လူမျိုးက အဖမ်းဆီးခံ ထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေး အတွက် သူ့ကို ကူဖို့ ပြောတော့ သူက ဒေါသ ထွက်ခဲ့တယ်။ ဒါဟာ သူသိပ်ကို ပြောင်းသွားတယ် ဆိုတာ ပြပြီး၊ သိပ်ကို စိတ်ပျက်စရာပါ။”

Bill Richardson ဟာ အရင်က အီရတ်နဲ့ မြောက်ကိုရီးယားတို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် ညှိုနှိုင်းပေးခဲ့သူဖြစ်တဲ့အပြင် ပြည်တွင်းမှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိုနှိုင်းရေးတို့အတွက် တသီးပုဂ္ဂလိက အဖွဲ့ကို ဖွဲ့စည်းထားပြီး ဆောင်ရွက်နေသူဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက်လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့သူလည်းဖြစ်ပါတယ်။ ခုတော့ သူဟာ အခုလို အကြောင်းပြချက်တွေကြောင့် ရခိုင်အကြံပေးအဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ကို လိုက်ပါသွားခြင်းမရှိပဲ နေပြည်တော်ကနေ ရန်ကုန်ကိုပြန်ကာ အခုဆို မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG