သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို Bill Richardson ဝေဖန်


Bill Richardson
Bill Richardson

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးတခြားဖြစ်နေပြီး သူ့အဆိုအားဖြင့် - living in a bubble လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတယ်လို့ အမေရိကန် ဝါရင့်နိုင်ငံရေးသမား Bill Richardson က ပြောပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရခိုင်အရေး အကြံပေးအဖွဲ့ထဲကနေ နုတ်ထွက်သွားပြီးတဲ့နောက် မစ္စတာ Richardsonက အဲဒီလို ထပ်ပြောတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်သူတွေ ပတ်လည်အဝိုင်းခံနေရတယ်ဆိုတဲ့ စိတ်သဘောထားမျိုး ရှိလာတယ်လို့လည်း ဆိုပါ တယ်။ ဒါပေမဲ့လည်း အနောက်နိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိစပ်နေသင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအပြောင်းအလဲအတွက် အကောင်းဆုံးမျှော်လင့်နိုင်တဲ့ပုဂ္ဂိုလ်အဖြစ် ဆက်ရှိနေတုန်းပဲလို့လည်း နယူးမက္ကဆီကို ပြည်နယ်ကနေအိမ်မှာ ပြန်ရောက်သွားပြီဖြစ်တဲ့ မစ္စတာ Richardson က ရိုက်တာသတင်းဌာနနဲ့ တယ်လီဖုန်း အင်တာဗျူးမှာ ပြောသွားပါတယ်။

ရခိုင်ပြည်နယ်ကနေ ဒုက္ခသည် ၇ သိန်းနီးပါး ထွက်ပြေးသွားရတဲ့ဖြစ်ရပ်တွေအတွက် မြန်မာစစ်တပ်မှာ အများကြီး တာဝန်ရှိတယ် လို့ သူယူဆကြောင်း၊ ဒီအခြေအနေကို ပြောင်းပစ်နိုင်တဲ့ တဦးတည်းသောပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်လို့ သူယုံကြည်ပြီး သူ့အနေနဲ့ စတင်လုပ်ဆောင်သင့်ကြောင်း မစ္စတာ Richardson ကပြောပါတယ်။

မစ္စတာ Richardson ဟာ သူ့ရဲ့ပုဂ္ဂလိကအကျိုးကိုရှေးရှုပြီး ဆောင်ရွက်လိုတာ ထင်ရှားပြီး မတူညီတဲ့ခံယူချက်တွေ ရှိတာကြောင့် အကြံပေးအဖွဲ့မှာ ဆက်ပြီးပါဝင်တာဟာ သက်ဆိုင်သူအားလုံးကို အကျိုးပြုမှာမဟုတ်တဲ့အတွက် အကြံပေးအဖွဲ့မှာ သူ့ရဲ့ပါဝင်မှုကို ရပ်စဲဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါ တယ်။ ဒါပေမဲ့ မစ္စတာ Richardson အဲဒီထုတ်ပြန်ချက်မှာ ပြောထားတာကို ငြင်းပြီး သူ့သဘောနဲ့သူ နုတ်ထွက်တာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးအနေနဲ့ စတင်ထုတ်ဖော်ပြောဆိုကြရမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စပြီး နားထောင်ဖို့လိုပြီလို့ NPR သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာလည်း မစ္စတာ Richardson ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG