သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မုတ်သုန်မိုးကြောင့် ထိခိုက်ပျက်စီး


ရိုဟင်ဂျာဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)
ရိုဟင်ဂျာဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ မိုးဦးကာလမှာ ပထမဆုံး မိုးသည်းထန်စွာ အဆက်အပြတ်ရွာသွန်းမှုကြောင့် ဒုက္ခသည်စခန်းတွင်း အကြီးအကျယ်ပျက်စီးသွားတဲ့ နေရာတွေကို ကုလသမဂ္ဂ အေဂျင်စီတွေ အပူတပြင်းပြင်ဆင်နေကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးလောက် နေထိုင်နေတယ်ဆိုတဲ့ ဒီစခန်းမှာ မိုးသည်းထန်မှုကြောင့် အိမ်ခြေ ၂၇၅ လုံးထက် မနည်းပျက်စီးသွားသလို လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ခုလိုမိုးရွာသွန်းမှုကြောင့် ၂၆ ကြိမ်ထက်မနည်း မြေပြိုခဲ့တဲ့အတွက်လည်း ထောင်နဲ့ချီတဲ့ လူတွေ ဒုက္ခရောက်မယ့်အခြေအနေရှိနေတယ်လို့ ကနဦးထုတ်ပြန်တဲ့ ကုလရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

မြေပြိုပြီး အိမ်တွေ ပျက်စီးသွားတဲ့ လူတွေကို ကယ်တင်ပေးရတာမျိုးတွေလည်း ရှိသလို ခုလောလောဆယ်မှာ အိမ်တွေ အတော် ပျက်စီးသွားတဲ့လူတွေရော မြေပြိုတဲ့အထဲ ပါသွားနိုင်ခြေရှိတဲ့လူပေါင်း၂,၁၃၇ ဦးရှိနေပြီလို့ ဒုက္ခသည်များဆိုင်ရာကုလ ပြောခွင့်ရသူ Charlie Yaxley က ပြောဆိုသွားတာပါ။

မိုးရာသီကုန်ဆုံးဖို့ နောက်ထပ် ၄ လ ကျန်သေးတဲ့အတွက် အခြေအနေတွေ ဒီထက်ဆိုးလာနိုင်တယ်လ့ိုလည်း ပြောခွင့်ရသူက သတိပေးထားပါတယ်။

မိုးရာသီကာလအတွင်း အဆိုးဆုံးအခြေအနေနဲ့ မကြုံရအောင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်တွေ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်နေပါတယ်။ ဒီထဲမှာ ကုန်းစောင်းပေါ်က အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်တာ၊ ရေသွယ်မြောင်းဖောက်လုပ်တာနဲ့ လမ်းတံတားတွေ တည်ဆောက်တာလည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG