သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ အလေးထားဖို့ ASEAN ခေါင်းဆောင်တွေကို လူ့အခွင့်အရေးသမားတွေ တိုက်တွန်း


အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ ကျင်းပတော့မယ့် အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အမှန်အတိုင်းတင်ပြဖို့ လူ့အခွင့်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခိုလှုံကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးအတွက် မြန်မာဘက်က လုပ်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်တွေပါတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြုသဘောဆောင် ဖေါ်ပြထားကြောင်း ဒီလ အစောပိုင်းမှာ ပေါက်ကြားခဲ့တဲ့နောက် အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား သဘောတူညီချက် ရထားပေမယ့် ပြန်ပို့ရေးအစီစဉ်ကို အခုထိ မစနိုင်သေးပါဘူး။ ဒါဟာ မြန်မာနိုင်ငံကို ပြန်ရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ဖြစ်သလို မြန်မာအစိုးရက သူတို့ကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ငြင်းဆိုတာကြောင့် ဖြစ်ကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ဒါပေမယ့် အာဆီယံ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးနဲ့ သုံးသပ်ရေးအဖွဲ့ကတော့ ဒီဒုက္ခသည်တွေ သူတို့ သဘောနဲ့ သူတို့နေရပ်ပြန်ရေးဟာ ၂ နှစ်အတွင်း ပြီးစီးနိုင်တယ်လို့ အစီရင်ခံစာထဲမှာ ခန့်မှန်းထားတာပါ။ ဒါ့အပြင် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုပါ ထည့်သွင်းမရေးသား ခဲ့ပါဘူး။

Human Rights Watch လူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ကတော့ အခုကျင်းပမယ့် အစည်းအဝေးမှာ ရိုဟင်ဂျာပြဿနာကို အာဆီယံခေါင်းဆောင်တွေ အနေနဲ့ ပြန်လည်သုံးသပ် သင့်ကြောင့် ပြောခဲ့သလို အာဆီယံ ပါလီမန်အမတ်များအဖွဲ့ကလည်း ရိုဟင်ဂျာတွေ အပေါ် မြန်မာလက်နက်ကိုင်တွေရဲ့ ရက်စက်မှုတွေကို အာဆီယံခေါင်းဆောင်တွေ မျက်ကွယ်ပြုမထားသင့်ဘူးလို့ ပြောပါတယ်။

မြန်မာအစိုးရကတော့ အခုလို စွပ်စွဲမှုတွေကို ငြင်းဆိုထားပေမယ့် အာဆီယံအဖွဲ့ဝင်တွေထဲက မလေးရှားကဦးဆောင်ပြီး ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေအတွက် ရှုံ့ချခဲ့တာပါ။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးကတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်တဲ့မူကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

ဒီအာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG