သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမဟာမင်းကြီးခရီးစဉ် ရခိုင်ဒေသ ဒုက္ခသည်တွေကြိုဆို


ကုလမဟာမင်းကြီးFillippo Grandi က ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံများနှင့်တွေ့ဆုံ (moi)
ကုလမဟာမင်းကြီးFillippo Grandi က ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံများနှင့်တွေ့ဆုံ (moi)

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အရင်ဆုံး စစ်ရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဦးစားပေး အလေးထား သွားရောက်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်းနဲ့လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေသခံတွေကပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ မြန်မာခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးနိုင်ခဲ့မယ်လို့မျှော်လင့်ကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဘူးသီးတောင်၊ မောင်တောကိုသွားရောက်ခဲ့ပြီး ရန်အောင်ပြင် ဒုက္ခသည်စခန်းတွေက ရခိုင်ဒေသခံတွေ ပန်းတောပြင်က မူဆလင်တွေ အပါအဝင် ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေ သောက်သုံးရေအပါအဝင် လိုအပ်နေတဲ့အခက်ခဲတွေကို ဆွေးနွေးခဲ့တယ်လို့သတင်း ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် စတင်ချိန်မှာပဲ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာ လက်ရှိစစ်ရေးတင်းမာမှုတွေဖြစ်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး အလေးထား သွားရောက်ခဲ့တဲ့ အပေါ် ကြိုဆိုကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးတင်ငွေကပြောပါတယ်။

“ ကုလသမဂ္ဂက လူသားချင်းစာနာပြီးတော့ လာရောက်စုံစမ်းတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ နောက်တခုက မြေပြင်မှာဖြစ်နေတဲ့အနေအထားတွေကို ကွင်းဆင်းပြီးတော့ လိုက်ပြီးစုံစမ်းတယ်ဆိုတော့ ပကတိအခြေအနေကို သူ့အနေနဲ့ သိသွားတဲ့အခါကျတော့ ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲ ရခိုင်တိုင်းရင်းသားတွေရဲ့ စစ်ဘေးစစ်ရှောင် အနေအထားတွေရော နောက်တခါ ၂၀၁၇ မှာဖြစ်ခဲ့တဲ့ တဖက်နိုင်ငံကို ထွက်သွားတဲ့လူတွေရဲ့အနေအထားတွေရော မြေပြင်အနေအထားတွေကို တိတိကျကျ သိသွားမယ့်အနေအထားဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ လိုအပ်တဲ့အကူအညီတွေကို သူ့အနေနဲ့လည်း ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်ဗျာ။ ဒါကို ကျနော်တို့က ကြိုဆိုပါတယ်ဗျာ။”

အခုလို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandiအနေနဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကသူတွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်အကြပ်အတည်းရဲ့ ပကတိ အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပြီး လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကမန်အမျိုးသား ဦးတင်ငွေကပြောပါတယ်။

“ ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အကြီးအကဲတယောက်အနေနဲ့ အခုလို လာရောက်တာက ကျနော်တို့ မတူကွဲပြားတဲ့ တဖက်နိုင်ငံကို ခိုလုံရောက်ရှိသွားတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းအတွက်ရော ၂ ဦး၊ ၂ ဖက် အကျိုးရှိမယ့် အနေအထားတွေကို အလုပ်တခုဖြစ်အောင် ပုံဖော်ဖို့ရောက်လာတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ နောက်တခါ ရခိုင်ပြည်နယ်မှာက ဒေသမတည်ငြိမ်မှုတွေ အနေအထားတွေ၊ လက်ရှိစစ်ဘေးရှောင်အနေအထားတွေကလည်း သက်ရောက်မှု ရှိနေတဲ့အခါကျတော့ ကုလသမဂ္ဂ တာဝန်ရှိတဲ့ UNHCR ရဲ့ အကြီးအကဲတယောက်အနေနဲ့ သိရှိသွားပြီးတော့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆေးဝါးတွေ ၊ စားနပ်ရိက္ခာတွေ၊ လူသားချင်းစာနာမှုတွေ အကူအညီတွေ ပေးရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်ပြီးတော့ အကျိုးရှိမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဟာ သူ့ရဲ့မြန်မာပြည် ခရီးစဉ် မတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့စဉ် ရိုဟင်ဂျာဒုက္ခသည်တွေက ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကို သူတို့နေရပ်ရင်းပြန်နိုင်ရေး အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားတန်းတူအခွင့်အရေးရဖို့ကိစ္စတွေကို တောင်းဆိုပြောပြခဲ့ကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးအနေနဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံချိန် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ တောင်းဆိုခဲ့တဲ့အချက်တွေကို ဆွေးနွေးနိုင်ခဲ့မယ်လို့ မျှော်လင့်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

“Fillippo Grandi က မြန်မာအစိုးရနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကိစ္စ ဆွေးနွေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ကျနော်တို့ရဲ့ ဒုက္ခသည်အရေးကိစ္စကိုဆောင်ရွက်ဖို့ ၊ နောက် ရိုဟင်ဂျာဒုက္ခသည်တွေက မြန်မြန်ဆန်ဆန်နေရပ်ကိုပြန်နိုင်ရေးဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရနဲ့ ဆွေးနွေးပြီးတော့ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်။ နောက်ဆွေးနွေးမှုပြီးရင် repatriation အမြန်ဆုံးစနိုင်အောင် တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရဲ့ နေရပ်ရင်းကို ကျနော်တု့ိ ပြန်ချင်ပါတယ်။ နောက် ကျနော်တို့ပြန်တဲ့အခါမှာ ကျနော်တို့အတွက် ဘေးကင်းလုံခြုံမှု ရှိစေရမယ်။ ကျနော်တို့ နဂိုရရှိခဲ့တဲ့ မူလနိုင်ငံသားအခွင့်အရေး ပြန်လည်ရဖို့ ကျနော်တို့ရဲ့ ကျေးရွာကို ပြန်လည်ပြန်နိုင်ဖို့အတွက် ကျနော်တို့တောင်းဆိုချင်ပါတယ်။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို မေလ ၂၀ ရက်နေ့ တနလာၤနေ့က စတင်ခဲ့တာဖြစ်ပြီး သူ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG