သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမဟာမင်းကြီး Filippo Grandi ၅ရက် ကြာ မြန်မာခရီးစဉ် စတင်


ကုလမဟာမင်းကြီး Filippo Grandi ဧပြီလ ၂၀၁၉ တုန်းက ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်စဉ်
ကုလမဟာမင်းကြီး Filippo Grandi ဧပြီလ ၂၀၁၉ တုန်းက ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်စဉ်

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးကို စတင်လိုက်ပါပြီ။ မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိသလို ရခိုင်ပြည်နယ်ကိုလည်း ကိုယ်တိုင်သွားရောက်မှာပါ။ မြန်မာ ခရီးစဉ် မတိုင်ခင်မှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို မေလ ၂၀ ရက်နေ့ တနလာၤနေ့မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။ သူ့ခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အရေးကိစ္စတွေကို ဦးစားပေးမှာ ဖြစ်သလို ရခိုင်ပဋိပက္ခအရေး ပြည့်စုံတဲ့ ရေရှည် ဖြေရှင်းချက်တွေ ထွက်ပေါ်လာရေး မြန်မာ့ ကြိုးပမ်းချက်တွေကိုလည်း ဆွေးနွေးမှာ ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂရုံး UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ခရီးစဉ် အကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric ကလည်း တနလာၤနေ့က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုသွားပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အကြီးအကဲရဲ့ ပထမဆုံး မြန်မာခရီးစဉ်လည်းဖြစ်ပါတယ်။ မစ္စတာ Grandi က ပထမဆုံး ၂ ရက်မှာတော့ ရခိုင်ပြည်နယ်ကို သွားဖို့ စီစဉ်ထားပါတယ်။ စစ်တွေနဲ့ မြောက်ပိုင်း မြို့နယ်တွေက လူမှုအသိုင်းအဝိုင်းတွေနဲ့ သူ တွေ့ဆုံမှာ ဖြစ်သလို ပြည်နယ်၊ ဒေသန္တရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာပါ။ ဒီသတင်းပတ်ကုန်ပိုင်းမှာတော့ မြို့တော် နေပြည်တော်မှာ မြန်မာ အစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grande အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့သေးတာ ဖြစ်ပေမယ့် မြန်မာအာဏာပိုင်တွေဘက်က ခရီးစဉ်ကို ဆိုင်းငံ့ခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာ အစိုးရကြား တိုက်ပွဲတွေ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် မြန်မာဘက်က UNHCR အကြီးအကဲရဲ့ ခရီးစဉ်ကို ဆိုင်းငံ့လိုက်တာလို့လည်း ကုလသမဂ္ဂဘက်က ပြောဆိုခဲ့တာပါ။ အခုအချိန်ထိလည်း ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ မငြိမ်သက်သေးသလို စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ရှိနေဆဲပါ။

အခု မြန်မာ ခရီးစဉ် မတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ဒုက္ခသည်တွေကို ပထမဆုံး အကြိမ် အသိအမှတ်ပြု ကဒ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ Grandi က အခုလို ပြောခဲ့ပါတယ်။

"ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ အထောက်အထား တခုခုရှိတာက အခြေခံ လူ့အခွင့်အရေး ဖြစ်ပါတယ်။ နောက်ထပ် သတိပြုရမှာက ဒီလူတွေထဲက အများအပြားဟာဆိုရင် သူတို့ဘ၀ တလျှောက်လုံး မယ်မယ်ရရ အသိအမှတ်ပြုကဒ် မရှိခဲ့ကြပါဘူး။ ဒါကြောင့် သူတို့ အတွက် ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝမျိုးဖြစ်လာစေမယ့် ထူးခြားလှတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။"

လက်တလောမှာတော့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းခွဲကျော်ကို အသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးပြီးဖြစ်ပြီး တရက်ကို လူ ၄ ထောင်ကျော်နှုန်းနဲ့ ဆက်လက် ထုတ်ပေးနေတယ်လို့လည်း UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီချက်၊ နောက် ဘင်္ဂလားဒေရှ့်၊ မြန်မာနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR အကြား နားလည်မှု စာချွန်လွှာတွေနဲ့ အညီ ထုတ်ပေးတဲ့ အသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးတာဟာ ဆိုရင် ဒုက္ခသည်တွေ ဌာနေပြန်ခွင့်ကို အကာအကွယ်ပေးတာ ဖြစ်တယ်လို့လည်း UNHCR ကြေညာချက်က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ UNDP နဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာ အရ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု နှေးကွေးနေကြောင်း၊ နောက် မြန်မာနိုင်ငံတွင်းက အကူအညီလိုအပ်နေသူတွေထံကို အကူအညီပေးရေး လုပ်သားတွေ သွားရောက်ခွင့်ရရေး အရေးကြီးနေကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒုက္ခသည်များဆိုင်ရာ ကုသမဂ္ဂ မဟာမင်းကြီးက အစီရင်ခံခဲ့တာပါ။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် လုံခြုံရေးပြန်လည် ထိန်းသိမ်းဖို့၊ နောက် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး တိုးတက်ရရှိရေးတို့ကိုလည်း သူက ကမ္ဘာတဝန်း ဒုက္ခသည်အရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြရာမှာ မြန်မာနိုင်ငံ အကြောင်းလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG