သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးဆွေးနွေးဖို့ ကုလအကြီးအကဲ သုံးဦး ဘင်္ဂလားဒေ့ရှ် သွားမည်


UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM အပြည်ပြည်ဆိုင်ရာ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာ အကြီးအကဲ António Vitorino နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဗုဒ္ဓဟူးနေ့က စပြီး ၃ ရက်ကြာ ခရီး သွားရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က နယူးရောက် ကုလသမဂ္ဂရုံးချုပ်ရဲ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ တသန်းနီးပါးနဲ့ သူတို့နေထိုင်ရာ ဒေသက ဒေသခံတွေအတွက် စာနာမှုအကူအညီတွေ ပံ့ပိုးပေးဖို့ လိုအပ်နေတယ် ဆိုတာကို ပြသဖို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ၊ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီသီတင်းပတ် ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။

ကုလသမဂ္ဂ အရာရှိကြီး ၃ ဦးဟာ မြို့တော် ဒါကာမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နိုင်ငံခြားရေးဝန်ကြီး A.K Abdul Momen အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ အတွက် နိုင်ငံတကာက ဘယ်လို အကူအညီတွေ ပေးအပ်နိုင်မယ်ဆိုတာကို ဆန်းစစ်ကြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာ ဖြန့်ဖြူးမှုနဲ့ နားခိုမှုအပါအဝင် ကုလသမဂ္ဂရဲ့ အစီအစဉ်တွေကို သွားရောက်ကြည့်ရှုဖို့ နဲ့ အဲဒီဒေသမှာ ကျရောက် တော့မယ့် မုတ်သုန်ရာသီအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို သိရအောင်လည်း Cox’s Bazar ကိုပါ သူတို့ သွားရောက်မှာ ဖြစ်သလို ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ခွင့်ရရေး၊ ဒုက္ခသည်တွေ အကာကွယ်နဲ့ ဝန်ဆောင်မှု အထောက်ကူ ရရေး တွေအတွက် ရည်ရွယ် လုပ်ဆောင်နေတဲ့ ဒုက္ခသည်အားလုံးကို မှတ်ပုံတင်ထုတ်ပေးနိုင်ဖို့ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ပူးတွဲ လုပ်ဆောင်နေတဲ့ မှတ်ပုံတင် လုပ်ငန်းစဉ်ကို လေ့လာမှာ ဖြစ်တဲ့အပြင် အဲဒီမှာ လုပ်အားပေးနေတဲ့ ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG