သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော်ကော်မတီ ရိုဟင်ဂျာဒုက္ခသည်အရေး ကြားနာ


အမေရိကန်အထက်လွှတ်တော်မှာ ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲ တက်ရောက်ထွက်ဆိုနေကြသူများ ဦးထွန်းခင် (ဝဲ)၊ Ms. Rushan Abbas (လယ်)၊ Mr. Bhuchung K. Tsering (ယာ)
အမေရိကန်အထက်လွှတ်တော်မှာ ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲ တက်ရောက်ထွက်ဆိုနေကြသူများ ဦးထွန်းခင် (ဝဲ)၊ Ms. Rushan Abbas (လယ်)၊ Mr. Bhuchung K. Tsering (ယာ)

အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်မှာ ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကြီးမားပြင်းထန်လှတဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေးယူနိုင်ရေး ဖိအားပေးနိုင်တဲ့ နည်းလမ်းတွေကို အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဓိကဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်ကတာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ပိုပြီးလုပ်လာမယ့် ဥပဒေကို အမေရိကန်လွှတ်တော်ဘက်က မကြာခင် ပြဌာန်းဖို့ ရှိနေကြောင်း ကြားနာပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ မြန်မာ-ရိုဟင်ဂျာများအသင်း ယူကေ ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ဧပြီလ (၉)ရက်နေ့က အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ပြုလုပ်တဲ့ ကြားနာပွဲရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အများစု ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ကြားနာပွဲ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Cory Gardner က အခုလို အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီကြားနာပွဲဟာ ARIA လို့ခေါ်တဲ့ Asia Reassurance Initiative Act အာရှ ရေးရာခိုင်လုံစိတ်ချရမှုဆောင်ရွက်ရေး ဥပဒေ အကောင်အထည်ဖေါ်နေတာကို အပိုင်း သုံးပိုင်းခွဲပြီး စစ်ဆေးမယ့်အထဲက ပထမပိုင်း ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် Markey နဲ့ ကျနော် ဦးဆောင်ပြီး အထက်နဲ့အောက် လွှတ်တော်အမတ် ၁၁၅ ဦး ပါဝင်လက်မှတ်ရေးထိုးပြီးတော့ ဒီဇင်ဘာလ ၃၁ ရက် ၂၁၀၁၈ခုနှစ်မှာ ဥပဒေအဖြစ် အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ကြားနာပွဲမှာ အင်ဒို-ပစိဖိတ် ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ကိစ္စတွေကို အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ ARIA မှာရှိနေတဲ့ အခြေခံလိုအပ်ချက်တွေ၊ အခြေခံတည်ဆောက်မှုတွေ အပါအဝင် ဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စု မူဝါဒအတွက် အရေးတကြီး ဦးစားပေးသင့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။”

အမေရိကန်အထက်လွှတ်တော်မှာ ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲ
အမေရိကန်အထက်လွှတ်တော်မှာ ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲ

အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်ဘက်က အစိုးရိမ်ဆုံးကိစ္စကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရိုဟင်ဂျာ အကျပ်အတည်းဖြစ်ပြီး ကြားနာပွဲကိုတက်ရောက်ခဲ့တဲ့ အထက်လွှတ်တော်အမတ်အားလုံးက ဒီကိစ္စကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်နိုင်မလဲဆိုတာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ မေးခွန်းထုတ် ဆွေးနွေးမေးခဲ့ကြပါတယ်။

ကြားနာပွဲမှာ အဓိကဆွေးနွေးခဲ့သူဖြစ်တဲ့ အနည်းစု ကော်မတီအဖွဲ့ဝင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Edward Markey ကလည်း ရိုဟင်ဂျာအရေးကိစ္စမှာ အမေရိကန်ဘက်က ဘာတွေလုပ်နိုင်မလဲဆိုတာ ဆွေးနွေးပွဲမှာ နည်းလမ်းရှာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဒီကနေ့ ကြားနာပွဲဟာ ဖိနှိပ်ခံနေရသူတွေအတွက် သူတို့အသံတွေ အားလုံးကြားဖို့ ထုတ်ဖေါ်တဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ ဖိနှိပ်ညှင်းပန်းခံရသူတွေကို ကာကွယ်ဖို့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေ လုပ်သင့်သလဲ၊ မဖြစ်မနေ ဘာတွေလုပ်ရမလဲ ဆိုတာ ဆွေးနွေးကြမှာပါ။ အရေးကြီးဆုံး အချက်ကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ကြီးမားပြင်းထန်လှတဲ့တိုက်ခိုက်မှုကြီး ဖြစ်ခဲ့တာ နှစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၈၀၀,၀၀၀ နီးပါး မောင်းထုတ်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် အခြားနိုင်ငံတကာအသိုင်းအဝိုင်းကနေ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျူးလွန်မှု အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီးချိန်မှာပဲ Trump အစိုးရကတော့ ဒီလို လိုက်ပြီး အကဲဖြတ်သတ်မှတ်ဖို့ မရှိဘူးဆိုတာ သိပ်ကို သိသာထင်ရှားပါတယ်။”

နောက်ထပ် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ရီပါပလင်ကန် ပါတီ အထက်လွှတ်တော်အမတ် Todd Young နဲ့ ဒီမိုကရက်လွှတ်တော်အမတ် Christopher Coons တို့ကလည်း ရိုဟင်ဂျာတွေ ကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေးယူနိုင်ရေး အလေးပေးဆွေးနွေးခဲ့ကြသလို၊ ဒီလို ပြစ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် ဥပဒေကြောင်းဆိုင်ရာ စိစစ်သတ်မှတ်ချက်ကို လွှတ်တော်ကို တင်ပြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဖိအားပေးတောင်းဆိုထားကြောင်း အထက်လွှတ်တော်အမတ် Young က ပြောကြားခဲ့ပါတယ်။

ကြားနာပွဲမှာ ရိုဟင်ဂျာကိစ္စကို ထွက်ဆိုခဲ့တဲ့ မြန်မာ-ရိုဟင်ဂျာများအသင်း ယူကေ ဥက္ကဌ ဦးထွန်းခင်ကလည်း အမေရိကန်လွှတ်တော်ဘက်က မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရှိနေတာ တွေ့ရကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အဓိက ကျနော်တို့ ဒီမှာ ပြောခဲ့တာက sanction ကို ထပ်ပြီး မြင့်တင်ဖို့ရယ် အထူးသဖြင့် sanction မှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကိုလည်း sanction လုပ်ဖို့ နောက်ပြီးတော့ အမေရိကန် အစိုးရအနေနဲ့ Genocide ကို အသိအမှတ်ပြုဖို့ ဒါတွေကို ထပ်ပြီးတော့ ဥပဒေပြဌာန်းပြီးတော့ သူတို့တွေ အနေနဲ့ ထပ်လုပ်မယ့်အစီအစဉ်မှာရှိနေတယ်။ လာမယ့် တပတ် ၂ ပတ်အတွင်း ဥပဒေပြဌာန်းဖို့ ရှိတယ်။

မေး။ ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စ မှာ အထက်လွှတ်တော်အမတ်တွေဘက်က မေးမြန်းသွားတာတွေရှိပါတယ်။ ဒီအပေါ်မှာ အဓိက ဘာတွေတင်ပြခဲ့လဲရှင့်။

ဖြေ။ ။ ရိုဟင်ဂျာတွေက မြန်မာပြည်မှာ ၈၀ ရာခိုင်နှုန်းနီးပါး ထွက်ပြေးသွားပြီ အခုရှိမယ်ဆိုရင်လည်း ၅ သိန်းလောက်ပဲရှိတယ် အဲဒီအတွက်ကြောင့် ရိုဟင်ဂျာတွေ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော အကာအကွယ် ပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်ထောက်ပြထားပါတယ်။

မေး။ ။ နောက်တချက် က ရိုဟင်ဂျာအရေးမှာ တရားမျှတမှုရရှိရေး ဥပဒေနည်းလမ်းတွေကို အမေရိကန်ဘက်က ရှာဖွေမယ့် ကိစ္စအပြင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကနေ ရိုဟင်ဂျာအရေးပတ်သက်ပြီးတော့ ပြန်လည်သင့်မြတ်ရေးဘာတွေလုပ်သင့်သလဲ ဆိုတာမျိုး အထက်လွှတ်တော်အမတ် Mr. Young က မေးခွန်းထုတ်သွားပါတယ်။ ဒီအပေါ်မှာ ဦးထွန်းခင်ဘယ်လို တုံ့ပြန်ခဲ့လဲရှင့်။

ဖြေ။ ။ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလည်း အခြေအနေကတော့ တော်တော်လေးဆိုးဝါးနေတဲ့ အနေအထားမှာရှိတယ် ။ မီဒီယာတွေ ပိတ်ပင်ထားတာတို့ တိုင်းရင်းသားတွေ အခွင့်အရေးတွေ ပိတ်ပင်ထားတာတို့ အများကြီးရှိတယ် အဲဒီအတွက်ကြောင့် ကျနော်တို့ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးပြီးတော့ ရွေးကောက်ပွဲမှာ အမတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းနဲ့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲပေးပိုင်ခွင့်ကို ပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်ထောက်ပြထားပါတယ်။”

မနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ပြုလုပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာ ကြားနာပွဲမှာ ရိုဟင်ဂျာအရေးကိစ္စအပြင် တရုတ်နိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ တိဘက်နဲ့ ဝှီဂါ လူမျိုးစုတွေရဲ့အရေးကိုလည်း ကြားနာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG