သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီမှာ ဒုက္ခသည်မဟာမင်းကြီး ဆွေးနွေး


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်လာစေရေး မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုကြား သဘောတူညီချက်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုက သိပ်ကို နှေးကွေးနေတယ်လု့ိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ကမ္ဘာတလွှား ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အစီရင်ခံတင်ပြတာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ပိုပြီး နှေးကွေးနေရတယ်လို့ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုသလို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း အလားတူ တုံ့ပြန်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းကနေ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရပြီးနောက်မှာတော့ ဒေသတွင်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ UNDP တို့နဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာအရ လုပ်ငန်း အကောင်အထည် ဖော်နိုင်မှုက သိပ်ကို နှေးကွေးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အင်္ဂါနေ့က တင်ပြခဲ့ပါတယ်။

"ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက UNDP ၊ UNHCR နဲ့ မြန်မာ အစိုးရကြားမှာ နားလည်မှုစာချွန်လွှာ ထိုးထားပါတယ်။ အကောင်အထည်ဖော်မှု အပိုင်းမှာတော့ သိပ်ကို နှေးကွေးနေပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA ရခိုင်လက်နက်ကိုင်တပ်နဲ့ ထိုးစစ်တွေရှိနေတဲ့ အတွက် လုံခြုံရေး အခြေအနေကြောင့် ပိုပြီးနှေးကွေးသွားပါတယ်။ လတ်တလောမှာလည်း အရပ်သားတွေ အပေါ် အကြမ်းဖက်မှုတွေ ရှိနေတဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ နောက်အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုလည်း ရှိနေပြီး စိုးရိမ်စရာပါ။ လတ်တလောမှာ စီမံကိန်း ၃၄ ခုကို အကောင်အထည်ဖော်ဖို့ မြန်မာ အစိုးရ ခွင့်ပြုထားတယ်ဆိုတာကိုလည်း အစီရင်ခံချင်ပါတယ်။ အများကြီးလို့ ထင်ရပေမယ့် အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့ ရာနဲ့ချီတဲ့ စီမံကိန်းတွေ ရှိနေတာနဲ့ နှိုင်းယှဉ်ရင် နည်းနေပါသေးတယ်။ ဒီအရှိန်ကို ဆက်ထိန်းထားနိုင်ရင် ကောင်းပါတယ်။ "

ရခိုင်မြောက်ပိုင်းကို ကိုယ်တိုင်သွားဖို့ မြန်မာ အစိုးရဘက်က ခွင့်ပြုမယ်ဆိုရင် သွားလိုတဲ့အကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး ဆောင်ရွက်ပေးဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်လို့ ကုလဘက်က ပြောဆိုထားတဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်စေရေး ကုလအဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား သဘောတူထားတဲ့ အချက်တွေကိုတော့ လူသိရှင်ကြား ထုတ်ပြန်မထားပါဘူး။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကလည်း လုံခြုံရေး အခြေအနေကို ထောက်ပြပါတယ်။

"လုပ်နေတယ် ဒါတွေကို စပြီးအကောင်အထည်ဖော်လို့ရတာတွေကို ဖော်ဖို့ဆိုပြီး ကျနော်တို့လည်း ပြောလည်းပြောထားပြီးပြီ။ ဒါပေမယ့် အကုန်လုံးကလည်း ဘယ်လိုလို့ဖြစ်မလဲ သိတဲ့အတိုင်းပဲ ။ အခု AA နဲ့ ဖြစ်နေတာတွေ ဒီလောက်အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ဟာတွေ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ လုံခြုံရေးကိစ္စတွေရှိတယ်လေ။ ဒါပေမယ့် ဒီကြားထဲမှာပဲ ကျနော်တို့ Quick impact project တွေ အကောင်အထည်ဖော်ဖို့ သူတို့နဲ့ သဘောတူထားပြီးသား ။ ခွင့်ပြုပြီးသားတွေလည်းရှိတယ် သူတို့စပြီးတော့ လုပ်ဖို့ပါပဲ။ အဲဒီနေရာမှာတော့ လုံခြုံရေး ကတော့ တပိုင်းပေါ့ဗျာ ဒီဟာကသူတို့လည်း လုံခြုံရေး ကိစ္စကို ထည့်စဉ်းစားမှာပေါ့ ။ အဲဒီတော့ ဒီလိုအခြေအနေတွေ ရှိနေတဲ့အချိန်မှာ နှေးတယ်လို့ ပြောနေတာကတော့ သိပ်တော့မဟုတ်ဘူးလို့ ထင်တာပဲ။"

ပြည်တွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့ အရေးကြီးကြောင်း၊ ဒါက ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေမယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ မေးခွန်းတွေကို ဖြေကြားတာမှာ ကုလသမဂ္ဂ မဟာမင်းကြီးက ထည့်သွင်း ပြောဆိုသွားပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေ ဒုက္ခသည်တွေ ရှိရာ ဒေသတွေကို ဝင်ရောက် ဆောင်ရွက်ခွင့်ရဖို့ ဖြစ်တယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အလေးအနက် ပြောဆိုခဲ့ပါတယ်။

"အားလုံးလက်ခံထားတဲ့ အတိုင်းဘဲ ဌာနေပြန်ရေးက ဆန္ဒအလျောက်သာ ဖြစ်ရမယ်ဆိုပေမယ့်လည်း လုံခြုံရေး ပြန်လည် ထိန်းသိမ်းနိုင်ဖို့က အရေးကြီးပါတယ်။ နောက် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့်၊ အထောက်အထားတွေ ရပိုင်ခွင့်၊ ဝန်ဆောင်မှုတွေ ရရှိခွင့်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းအတွက် သက်ရောက်မှု ဖြစ်စေတဲ့ ဥပေဒအရ မမျှမတ ဖြစ်နေတာတွေကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။"

မြန်မာ အစိုးရဘက်ကတော့ ဒုက္ခသည်တွေပြန်လည် စိစစ်လက်ခံရေး အတွက် ယာယီ စခန်းတွေ ဖွင့်လှစ်ထားသလို ဒေသတွင်း ပြန်လည် အခြေချနိုင်ရေး၊ လုံခြုံရေး အတွက်လည်း ပြင်ဆင်ထားကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံတို့ ဌာနေပြန်ရေး ထပ်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

"ဘင်္ဂလားဒေရှ့်နဲ့ ကျနော်တို့ သဘောတူညီထားတဲ့အတိုင်း လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ဒီဟာကိုပြန်ပြီး စမယ်လို့ သူတို့ကိုပြောထားပြီးပြီ။ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖွဲ့ထားတဲ့ Joint working group ရဲ့ စတုတ္ထ အကြိမ်အစည်းအဝေးကို မေလ ထဲမှာ ကျနော်တို့ကတော့ ဧပြီလကို Propose လုပ်တယ် ဒါပေမယ့် သူတို့က မေလပြောတော့ ကျနော်တို့ မေလထဲမှာ လုပ်ဖို့ သဘောတူထားတာရှိပါတယ်။ ဒါတွေလည်း ဆက်ပြီးတော့ လုပ်နေပါတယ်။"

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကြား နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ဆောင်ရွက်မှုတွေကလည်း မအောင်မမြင် ဖြစ်နေဆဲပါ။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပေမယ့် မြန်မာဘက်က ထွက်ပြေးရသူတွေကို စိစစ်ပြီး လက်ခံမယ်လို့ ပြောထားပြီး လက်ခံဖို့ အဆင်သင့် ရှိတယ်လို့လည်း ပြောဆိုနေတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်ကို သွားခဲ့ကြတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG