သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ နှစ် ကုလမှာရင်ဆိုင်ရဖွယ် မြန်မာ့အရေး အကဲစမ်းမှုများ


Hau Do Suan, Permanent Representative of the Republic of the Union of Myanmar to the UN, addresses the Security Council meeting on the situation in his country.
Hau Do Suan, Permanent Representative of the Republic of the Union of Myanmar to the UN, addresses the Security Council meeting on the situation in his country.

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်း အပါအဝင် ကချင်နဲ့ ရှမ်း တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့၂၀၁၈ခုနှစ်အတွင်း ကုလသမဂ္ဂမှာ ဖိအားတွေ အများကြီးရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် လာမယ့် ၂၀၁၉ခုနှစ်မှာလည်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်လာရေး အပါအဝင် ကုလသမဂ္ဂမှာ အခြား အကဲစမ်းမှုတွေ ဆက်ပြီးရင်ဆိုင်ရမယ့်အခြေအနေအလားအလာတွေအပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ၂၀၁၈ ကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျနော်တို့မှာ ဖိအားတွေ အများကြီးရှိတယ်ပေါ့။ လူ့အခွင့်အရေးကောင်စီ ဘက်ကသော်လည်းကောင်း၊ အထွေထွေညီလာခံ တတိယကော်မတီ ဘက်ကသော်လည်းကောင်း တဖက်က လုံခြုံရေးကောင်စီကလည်းပဲ နည်းမျိုးစုံနဲ့ သူတို့ ကြိုးစား နေတာဟာတွေလည်းရှိတယ်။ အဓိကတချက်ကတော့ တဖက်နိုင်ငံကို ပြေးသွားတဲ့ တချို့မွတ်စလင်တွေ ပြန်လည်လက်ခံရေးကိစ္စ ကျနော်တို့ ဦးစားပေးလုပ်ရမယ့်ကိစ္စပေါ့။

အဲဒီကိစ္စမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပထမဆုံးအကြိမ်ပြန်ပို့ဖို့ နှစ်နိုင်ငံ အချိန်သတ်မှတ် လုပ်ထားပြီးတော့မှ အဆင်မပြေလို့ မလုပ်ဖြစ်တဲ့ကိစ္စ၊ နောက် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ မနေ့ကတော့ ပြီးသွားပြီပေါ့။ အဲတော့ သူတို့နဲ့ ညှိုထားချက်အရ ရွေးကောက်ပွဲပြီးတော့မှ ဒီကိစ္စကို ပြန်လည်ပြီးတော့ ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်။ အဓိကက တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေ ရခိုင်ပြည်နယ်ထဲကို သူတို့မူရင်းနေရာကို ပြန်လာနိုင်ဖို့အတွက် ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက်တွေ နဲ့အညီ ဆက်လက်ပြီးတော့ အကေင်အထည်ဖေါ်သွားဖို့ရှိပါတယ်။ ဒီကိစ္စက နှစ်နိုင်ငံ အဓိကဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။

အင်ကြင်းနိုင်။ ။ သံအမတ်ကြီးတို့အနေနဲ့ကျတော့ အဓိက ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းမှာ ၂၀၁၉ ခုနှစ်အတွက် ရှေ့ဆက်ပြီး အခြေအနေအလားအလာ ဘယ်လိုရှိမလဲ။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ပြန်လည်လက်ခံရေး ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ သူတို့က တတ်နိုင်တဲ့ဘက်က၊ လိုအပ်တဲ့နေရာကနေပြီး ကူညီဝိုင်းဝန်ပံ့ပိုးပေးဖို့ အဓိက အချက်ပဲ။ သူတို့ကနေ သူတို့ လိုချင်တဲ့ပုံစံတော့ လုပ်လို့မရဘူးပေါ့။ ကျနော်တို့ အခြေအနေနဲ့ နှစ်နိုင်ငံ သဘောတူပြီးတော့ စီစဉ်ထားတဲ့ အတိုင်း ဆောင်ရွက်နေတာကို အဆင်ပြေအောင် သူတို့ဘက်က ကူညီပေးရမှာဖြစ်တယ်။

ကုလသမဂ္ဂနဲ့ လုပ်နေတဲ့အပိုင်းတွေမှာ ဆိုရင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ ဇန်နဝါရီလ အခု တရက် နှစ်ရက်အတွင်း မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။ တဖက်မှာလည်းပဲ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener နဲ့ ဆက်ပြီး နီးနီးကပ်ကပ် ဆောင်ရွက်သွားဖို့ရှိပါတယ်။ သူ့ရဲ့ရုံးခန်းဆိုရင်လည်း နေပြည်တော်မှာ ဖွင့်တောင် ဖွင့်ပြီးပါပြီ။ သူနဲ့ကတော့ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်နေတာ အခြေအနေကောင်းပါတယ်။

အင်ကြင်းနိုင်။ ။ မြန်မာဘက်က ကန့်ကွက်ပေမယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ ပါတဲ့ မှတ်တမ်းတင်မယ့်အဖွဲ့ကိစ္စမှာ လူ့အခွင့်ရေး ချိုးဖောက် ကျူးလွန်သူတွေကို အရေးယူနိုင်ရေး အချက်အလက် အထောက်အထားတွေကို ကောက်ယူဖို့ အတွက် ဒေါ်လာ ၂၆ သန်းသုံးစွဲမှာ ဆိုတော့ ဒီအပေါ်မှာ သံမတ်ကြီး အမြင်ဘယ်လိုရှိလဲ။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ကတော့ ဒီကိစ္စဟာ ငွေဖြုန်းတာပဲလို့ မြင်တယ်။ ကုလသမဂ္ဂကလည်း ပိုက်ဆံမရှိဘူးဆိုပြီးတော့ သူတို့ အမျိုးမျိုးပြောနေကြတာပဲဗျာ။ ဒီကိစ္စကတော့ လူ့အခွင့်အရေး ကောင်စီက FFM အချက်အလက်ရှာဖွေရေး အဖွဲ့လည်း ဖွဲ့ထားတယ်။ နေုာက် ongoing process ဆိုပြီး မှတ်တမ်းတင်မယ့် အဖွဲ့ဆိုပြီး လုပ်ထားတာလည်းရှိတယ်။ နောက် အမေရိကန်လို အစိုးရတွေဘက်က လုပ်ထားတာတွေရှိတယ်။ နောက် NGO တွေ အမျိုးမျိုးကလည်း လုပ်နေကြတယ်။ ဒီဟာကို အပြစ်ပေးအရေးယူ ဒဏ်ခတ်ဖို့ပဲ သူတို့က ကုလသမဂ္ဂပိုက်ဆံတွေကို ကုန်ကျခံပြီးတော့။ ဒေါ်လာ၂၆ သန်း ဆိုတာ နည်းတဲ့ငွေမှ မဟုတ်တာ။ ဒါကို ကျနော်တို့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။ ကျနော်တို့မှာလည်းပဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရှိနေတယ်။ ဒီအဖွဲ့ကလည်း အများသိအောင်ပြောထားပြီပါပြီ။ အထောက်အထားရှိရင်ပေး။ လျှို့ဝှက်ထားပေးမယ်။ အရေးယူသင့်တဲ့ဟာကို အထောက်အထားအခိုင်အလုံရှိရင် ပေးပါလို့ ကျနော်တို့ ပြောထားပြီပြီလေ။ ကျနော်တို့လည်း လုပ်နေပါတယ်။ ဒီ accountability ကိစ္စကို အပြင်ကနေ လုပ်နေတာကိုတော့ ကျနော်တို့ လက်ခံနိုင်စရာမရှိဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG