သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာများ ဒုက္ခသည်စခန်းမှ ထွက်ပြေးမှုတိုးလာ


ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ကျေးရွာတွေထဲမှာရော ဒုက္ခသည်စခန်းတွေထဲမှာ သွားလာရေး ပိတ်ပင်ကန့်သတ်မှုတွေကြောင့် စားသောက်နေထိုင်ရေး အခက်ခဲဖြစ်ကြရသလို ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့အတွက် ပိတ်လှောင်မနေချင်ကြတော့လို့ လွတ်မြောက်ရာ လမ်းရှာတဲ့အနေနဲ့ တခြားနိုင်ငံတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ထွက်ခွာနေကြတာလို့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ပင်လယ်ပြင်တွေထဲမှာ အသက်ဆုံးရှုံးရတဲ့အထိ ဒုက္ခတွေ့ကြရပေမဲ့ ဆက်ပြီးနေဖို့ကလည်း အခက်အခဲပိုကြီးမားတာမို့ အသက်စွန့်ပြီး မိသားစုလိုက်ထွက်ခွာနေကြတာလို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အခုသီတင်းပတ်တွေထဲမှာပဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင်တွေဟာ တခြားနိုင်ငံတွေကို လူကုန်ကူးသူတွေ စီစဉ်မှုကတဆင့် လှေတွေစီးပြီး တရားမဝင်ထွက်ခွာလာနေကြတာမှာ မလေးရှား အပါအဝင် နိုင်ငံတချို့က ပင်လယ်ပြင်တွေနဲ့ကမ်းခြေတွေမှာ အစုလိုက် အထိန်းသိမ်းခံနေရပါတယ်။ သူတို့ ဘာကြောင့် အခုလို သူတို့နေရပ်ရင်း နေရာတွေကနေ ပင်လယ်ပြင်ခရီးကြမ်းတွေကို ထွက်ခွာလာကြရပါသလဲ--ရခိုင်ပြည်နယ်ထဲ နေထိုင်ရေးက အရမ်းကို အခက်ခဲဖြစ်လွန်းလာတဲ့အတွက် နည်းပေါင်းစုံနဲ့ ထွက်ကုန်ကြတာလိုရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား ရိုဟင်ဂျာမူဆလင် ဦးလှထွန်းက့ ပြောပြပါတယ်။

“ဒီမှာက ရောက်ဖူးတဲ့လူတွေမှ သိမှာ ၊ ဒီမှာဘယ်လောက်အထိ အဆင်မပြေဘူးလဲဆိုတာ မနေချင်ဘူးပေါ့။ လူတွေက လုံးဝ စိတ်ကုန်သွားတဲ့သဘောမျိုးနဲ့ ကိုယ့်မှာရှိတဲ့ဟာတွေကို ရောင်းတယ် ။ ရောင်းပြီးတော့ ရတဲ့ပိုက်ဆံတွေနဲ့ လူကုန်ကူးတဲ့လူတွေကိုလိုက်ပြီးတော့ ရှာတယ်။ နည်းလမ်းတခုခုရှာပြီးတော့ သွားကြတာပေါ့။ ကျနော်တို့မှာ ဘာမှကို အဆင်မပြေတာ အသွားအလာကအစ၊ ဘာလွတ်လပ်ခွင့်မှ မရတဲ့အခါကျတော့ လူတွေက မလေးရှားတို့ ထိုင်းတို့လို နိုင်ငံတခုခုမှာသွားပြီးတော့ ခိုလုံခွင့်သဘောနဲ့ သွားနေတာပေါ့ ပြီးတော့ သူတို့မှာ မိသားစုအလိုက်သွားတာလဲရှိတယ်။ အမျိုးသားတွေက ဒီမှာ အလုပ်အကိုင်တွေ ရှားပါးတယ်ဆိုတော့ မလေးရှားတို့ တခြားနိုင်ငံတွေသွားပြီးတော့ အလုပ်အကိုင်တွေလုပ်မယ်။ အဲဒီကရတဲ့ ပိုက်ဆံတွေ ကို ဒီက မိသားစုထံပို့မယ် ဆိုတော့ မိသားစုက စားဝတ်နေရေးနည်းနည်းအဆင်ပြေလာမယ် အဲလို ပုံစံနဲ့ သွားနေရတာ။”

ပြီးခဲ့တဲ့၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ပဋိပက္ခတွေအတွင်း အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရ အသက်အန္တရာယ်စိုးရိမ်ချက် တွေနဲ့ ထွက်ပြေးလာကြတဲ့ မူဆလင်ဒုက္ခသည်တွေကို အခုလက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲက စခန်းတွေထဲမှာပဲ ထိန်းသိမ်းထားဆဲဖြစ်သလို ၂၀၁၇ တိုက်ခိုက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်သွားကြရတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေမှာလည်း စခိန်းတွေထဲမှာပဲ ပိတ်လှောင်မနေချင်ကြတော့လို့ အဆက်အသွယ်တွေရှာပြီး ထွက်ပြေးနေကြတာလို့ ဦးလှထွန်းကပြောပြပါတယ်။

“ကျနော်တို့လူတွေ အများကြီးကတော့ ဒီလိုထွက်နေကြတာ ၂၀၁၂ ကတည်းကစပြီးတော့ပေါ့နော် အဓိကတော့ စားဝတ်နေရေးကအစ အစစအရာရာဘာမှ အဆင်မပြေတော့ လူတွေက အဲဒါတခုပဲ ထွက်ပေါက်အနေနဲ့ အသုံးပြုကြတာပေါ့။ မောင်တောတောင်ပိုင်းက အလယ်သံကျော်နားကနေ ထွက်သွားတာများတယ်။ လှေဆိပ်ကို ဒီမောင်တောတလျောက် မြန်မာအစိုးရက တင်းတင်းကျပ်ကျပ်လုပ်ထားတယ်ဆိုတော့ မောင်တောမှာတော့ သိပ်မလွယ်ဘူး။ စစ်တွေဘက်ကထွက်နေကြတာလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာအဆင်မပြေတာများတော့ စခန်းထဲကနေ ထွက်သွားတာလည်းများတယ်။ သွားတဲ့လမ်းက ဆိုးပါတယ်။ သူတို့က ပင်လယ်မှာ အနည်းဆုံး ၁၀ ရက် နှစ်ပတ်လောက်အထိကြာတယ်။ သူတို့က ရိက္ခာတွေနည်းနည်း ပေါင်မှုန့်တွေဘာတွေယူသွားတယ်။ အဲဒါတွေ ပြတ်သွားရင် အငတ်ခံရတယ်။ ဘာမှ မစားပဲနဲ့ ၃ ရက် -၄ ရက် ၊ တပတ်-နှစ်ပတ်၊ အဲလိုနဲ့ မလေးရှားတို့မှာရောက်သွားတဲ့သူတွေက ပြန်ပြောပြတယ်။ ဒီလိုအခက်အခဲတွေရှိတယ် ခင်ဗျားတို့မလာကြနဲ့ အသက်အန္တရာယ် တွေရှိတယ်ဆိုပြီး ပြောပြတယ်။ ဒါပေမယ့် လူတွေက အဲဒါတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်တာပေါ့နော် ။ ဒီမှာနေရတာထက် အဲလိုရင်ဆိုင်ပြီးတော့ သူတို့ကံကောင်းရင် မလေးရှားတို့မှာ ရောက်သွားရင် နည်းနည်းချောင်လည်လာမယ်ပေါ့။ အဲလိုသိရက်နဲ့ သွားနေကြတာပေါ့။”

ရခိုင်ပြည်နယ်ဘက်က ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်နေကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာမူဆလင်တွေထဲက တချို့ကလည်း မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဖို့ မျှော်လင့်ချက်မရှိတာကြောင့် တခြားနိုင်ငံတွေကို နည်းပေါင်းစုံ ထွက်ပြေးကြတာရှိလို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရဲလုံခြုံရေးတွေနဲ့ စခန်းတာဝန်ခံတွေဘက်က လူကုန်ကူးသူတွေ၊ နောက် ထွက်ပြေးကြသူတွေကို လုံခြုံရေး အထူးတင်းကျပ်ပြီး စောင့်ကြည့်တာတွေရှိတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာမူဆလင် ဦးအီစလံကပြောပြပါတယ်။

“ဒီဒုက္ခသည်စခန်းကနေသော်လည်းကောင်း ၊ မြန်မာနိုင်ငံထဲကနေသော်လည်းကောင်း လူတွေက မလေးရှားဘက်ကို သွားနေတာ မြန်မာနိုင်ငံမှာလည်း အခု စစ်ရေးကာလဖြစ်နေပြီ ဆက်တိုက်။ ဒုက္ခသည်စခန်းကမှာလည်း လူတွေက ကျပ်တည်းပြီးတော့ နေရတဲ့အတွက်ကြောင့် ၊နောက်မြန်မာနိုင်ငံပြန်ဖို့အတွက်ကတော့ မရေမရာဖြစ်နေတဲ့အတွက်ကြောင့် လှေစီးပြေးပြီး သွားနေတာ တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ကလည်း လှေတွေကို သိမ်းဆည်းလိုက်တာလည်းရှိတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေက လူကုန်ကူးမှုမခံရအောင် သူတို့ကြေညာချက်ထုတ်တာရှိတယ် စခန်းတိုင်းကို အသိပေး ထားတာလည်း ရှိပါတယ်ခင်ဗျ။”

အခုလို ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာမူဆလင်တွေဟာ တရားမဝင်နည်းလမ်းပေါင်းစုံနဲ့ လှေတွေနဲ့ ထွက်ပြေးကြချိန် ပင်လယ်ပြင်ထဲမှာ အသက်ဆုံးရှုံးရတဲ့ အန္တရာယ်ကြီးမားလွန်းတာမို့ အတွေ့အကြုံရှိသူတွေက တားမြစ်ကြပေမဲ့လို့ ဒုက္ခရောက်ပြီး မျှော်လင့်ချက်မဲ့နေမယ့်အစား ရင်ဆိုင်ကြမယ်ဆိုတဲ့စိတ်တွေနဲ့ ထွက်သွားကြတာလို့လည်း ရိုဟင်ဂျာမူဆလင်တွေက ပြောပြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စနစ်တကျဆောင်ရွက်နေပါတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG