သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အရပ်သားတွေ ပစ်မှတ်မထားဖို့ ကုလပန်ကြား


မြန်မာ့ တပ်မတော်
မြန်မာ့ တပ်မတော်

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေမလုပ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ကုလသမဂ္ဂက မနေ့ တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးမှုရှိခဲ့တာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရုံး ပြောခွင့်ရအမျိုးသမီးကို ဗွီအိုအေ Ira Mellman က မေးမြန်းထားတာကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြထားပါတယ်။

ဧပြီလ ၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီး ဝါးခုတ်နေတဲ့ ရိုဟင်ဂျာရွာသားတွေကို မြန်မာတပ်မတော်က ရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးမှုတွေနဲ့ အတူ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ သေဆုံးသူဟာ ကနဦးမှာ (၇) ယောက်ထိ ရှိခဲ့ပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ လူ ၃၀ နီးပါးလောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရုံး OHCHR ပြောခွင့်ရအမျိုးသမီး Ravi Shamdasani က ဗွီအိုအေကိုပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မြန်မာ တပ်မတော်က သတင်းထုတ်ပြန်ရာမှာ ဘူးသီးတောင်မြို့နဲ့ ဝါးခုတ်ချောင်းကျေးရွာ အနီးဝန်းကျင်မှာ AA ရခိုင်လက်နက်ကိုင် တပ်တွေ လှုပ်ရှားမှုတွေ ရှိနေကြောင်း အခိုင်အမာ သတင်းရခဲ့တဲ့အတွက် သူတို့ဘက် က ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းဌာနတွေကို ပြောကြားခဲ့တဲ့ အပေါ်မှာ Ravi Shamdasani က အရပ်သားတွေနေထိုင်တဲ့ နေရာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ မလုပ်ဖို့ အခုလို ပြောပါတယ်။

"မြန်မာတပ်မတော်ရဲ့ တုံ့ပြန်ချက်မှာ သူတို့(ရိုဟင်ဂျာ) တွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံအားပေးနေသူတွေဖြစ်တယ်လို့ တပ်မတော်ရဲ့ ပြောခွင့်ပုဂ္ဂိုလ်က ပြောကြားခဲ့တယ်လို့ ကျမတို့နားလည်ထားပါတယ်။ ဒီလို စွပ်စွဲပြောဆိုတာကို ကျမတို့ လက်မခံပါဘူး။ အရပ်သားပြည်သူတွေကို ပစ်မှတ်မထားဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ကုလသမဂ္ဂအနေနဲ့ တောင်းဆိုပါတယ်။ နိုင်ငံတော် လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အရပ်သားတွေနေထိုင်တဲ့ နေရာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မလုပ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ကုလသမဂ္ဂက တိုက်တွန်းပါတယ်။"

အခုလို မြန်မာစစ်တပ်နဲ့ AA ကြားတိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားတွေ သေဆုံး၊ ထိခိုက်မှု အန္တရာယ်တွေ မြင့်မားလာနေတဲ့အတွက် နှစ်ဖက်စလုံးအနေနဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပြီး အရပ်သားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းကြောင်း Ravi Shamdasani က ဗွီအိုအေကို ပြောပါတယ်။

"နှစ်ဖက်လုံး အပစ်အခတ်ရပ်စဲဖို့၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂက တောင်းဆိုပါတယ်။ မြန်မာတပ်မတော်အနေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကိုတုံ့ပြန့်ချေမှုန်းရာမှာ အင်အားအလွန်အကျွံသုံးတာကို ကျမတို့ တွေ့ရပါတယ်။ ဧပြီလ (၃)ရက်နေ့ကစပြီး အရပ်သားတွေနေထိုင်တဲ့နေရာမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေအသုံးပြုတိုက်ခိုက်ခဲ့တာတွေကို မြင်ရပါတယ်။ AA ဘက်ကျပြန်တော့လည်း သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ တောထဲတောင်ထဲကနေ မြို့ပြနေရာတွေအထိ ရောက်ရှိလာပြီး အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေခဲ့ပါတယ်။ နောက် ကျမတို့သိထားတာက AA တပ်ဖွဲ့တွေဟာ အစိုးရအုပ်ချုပ်ရေးက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး သတ်ဖြတ်တာအထိ လုပ်ခဲ့ပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံး ပထမဆုံးအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲဖို့ဖြစ်ပြီး အရပ်သားတွေ အကာကွယ်ပေးနိုင်ရေး သေချာစေဖို့အတွက်လည်း အပစ်ရပ်တာကို ဆက်လက်ဆောင်ရွက်သင့်ပါတယ်။"

ရခိုင်ပြည်နယ် ပဋိပက္ခ အခြေအနေ ပိုပြီး ဆိုးလာနေတာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အနီးကပ်စောင့်ကြည့်နေပြီး အရပ်သားတွေ တိုက်ခိုက်ခံရတဲ့အပေါ် တာဝန်ရှိသူတွေ အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း Ravi Shamdasani က ပြောပါတယ်။

"ကုလသမဂ္ဂအနေနဲ့ ကံမကောင်းစွာပဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ သွားရောက်ခွင့် မရပါဘူး။ အဲဒီအတွက် မြန်မာအစိုးရကို ကျမတို့ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ်လို့ အရေးကြီး တာက အဲဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းအဖြစ်ထုတ်ပြန်နိုင်တာဖြစ်ပါတယ်။ အဲဒီနေရာကို ကျမတို့ သွားခွင့်မရပေမဲ့ အရပ်သားတွေ သေဆုံးနေရတယ်၊ အန္တရာယ်တွေရင်ဆိုင်နေရတယ်၊ ဒုက္ခတွေ ခံစားနေရတယ် စတဲ့ အခြေအနေတွေကို လူမသိသူမသိမဖြစ်သင့်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုရအောင်၊ စိုးရိမ်မှုတွေ ရှိလာစေဖို့ ကျမတို့ မြှင့်တင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာအစိုးရ၊ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ တို့ကို ကျမတို့ အသိပေးချင်တာက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး အရပ်သားတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့သူတွေကို အရေးယူအပြစ်ပေးဖို့ လိုလားနေကြပါတယ်။"

ဇန်နဝါရီလ ဆန်းပိုင်းက မြန်မာနယ်စပ် လုံခြုံရေးစခန်းတွေကို AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကနေ စတင်တိုက်ခိုက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့သေဆုံးခဲ့ပြီးနောက် မြန်မာစစ်တပ်က တန်ပြန်ချေမှုန်းတုံ့ပြန်ရာမှာ သုံးလနီးပါး နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီရှိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG