သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုင်းရင်းသား ရာချီ ဝါရှင်တန်မှာ ဆန္ဒပြ


ရခိုင် တိုက်ပွဲတွေ အပေါ် အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနွယ်ဖွားတွေ မြို့တော် ဝါရှင်တန်မှာ ဆန္ဒပြ။
ရခိုင် တိုက်ပွဲတွေ အပေါ် အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနွယ်ဖွားတွေ မြို့တော် ဝါရှင်တန်မှာ ဆန္ဒပြ။

ရခိုင်ပြည်နယ်က အရပ်သားတွေ ထိခိုက်သေကြေ၊ မြောက်ဦး ရှေးဟောင်း အမွေအနှစ်တွေ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးမှုတွေနဲ့ ထိတ်လန့်တုန်လှုပ်နေရတဲ့ ဒေသတွင်း စစ်ပွဲတွေကို အမေရိကန်ရောက် ရခိုင်လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာပြည်ဖွား ရာနဲ့ချီပြီး တနလာၤနေ့က ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာသံရုံး၊ အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီးနဲ့လည်း ဆန္ဒပြသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

ရာနဲ့ချီတဲ့ အမေရိကန်ရောက် ရခိုင်လူမှု အသိုင်းအဝိုင်းနဲ့ မြန်မာပြည်ဖွားတွေ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာ တနလာၤနေ့က ဆန္ဒပြနေကြတာပါ။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား ရခိုင်ပြည်နယ်တွင်း စစ်ပွဲတွေက လနဲ့ချီ ကြာမြင့်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ရှေးဟောင်း အမွေအနှစ် ကြွယ်ဝရာ မြောက်ဦးမြို့မှာ သေနတ် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အခု အမေရိကန် ရခိုင်လူမှု အသိုင်းအဝိုင်း ကြီးမှူးတဲ့ ဆန္ဒပြပွဲ ထွက်ပေါ်လာတာပါ။ အမေရိကန် ရခိုင်လူမှု အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ကိုသိန်းထွန်းဇံက အခုလို ပြောပါတယ်။

“မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရနဲ့က ရခိုင်ပြည်နယ်မှာ အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေကို သတ်ဖြတ်နေတာတွေ၊ လုနေတာတွေ၊ အခုဖြစ်ပျက်နေတဲ့ အနိုင်ကျင့်မှုတွေ လုံး၀ ရပ်စဲဖို့ပါ။ ဒုတိယ တချက်ကတော့ အခုလို ကျူးလွန်ထားတဲ့ အမှုတွေကို အစိုးရကနေပြီးတော့ တည့်တည့်မတ်မတ် တရားဥပဒေကိုရောက်အောင် ကျူးလွန်ထားသူတွေကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါက ဒုတိယတချက်ပါ။ နောက်တခုက နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ဒီလို တိုင်းရင်းသားတွေကို တဖက်သတ် အနိုင်ကျင့်နေတဲ့ ကိစ္စမျိုးကို ဖိအားပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိပ္ပါယ်မရှိဘဲ ဖမ်းထားတာတွေကို လွှတ်ပေးဖို့ပေါ့နော်။”

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီက မြန်မာသံရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြတာမှာတော့ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ရခိုင်အရေး ဆန္ဒပြ တောင်းဆိုမှုတွေကို မြန်မာ အစိုးရကို တင်ပြသွားမှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဒီတွေ့ဆုံပွဲ အပြီး ဗွီအိုအေကို သီးသန့် တွေ့ဆုံဖြေကြားခဲ့ရာမှာတော့ သံအမတ်ကြီးက အခုလို ပြောပါတယ်။

“သူတို့ပြောသွားတဲ့ အချက်တွေကို ကျနော်တို့ကနေပြီးတော့ နားထောင်နေပါတယ်။ နားထောင်တဲ့ အချိန်မှာပဲ ကျနော်တို့ အစိုးရ အနေနဲ့ကလည်း ဒီသူတို့ ပြောတဲ့ဟာတွေ အပေါ်ကို ဘယ်လိုတုံ့ပြန်လဲ ကျနော်တို့ အစိုးရက ဆောင်ရွက်နေတာတွေကို သူတို့ကို ရှင်းပြပါတယ်။ ရှင်းပြလိုက်တဲ့နေရာမှာ ဘာတွေ တူညီချက်တွေ ရှိသလဲ ဆိုတဲ့ဟာတွေကို ကျနောတို့ သိခွင့်ရခဲ့ပါတယ်။ တူညီချက်က ဘာလဲဆိုတော့ နိုင်ငံတော် အစိုးရကနေ လုပ်နေတဲ့ ကိစ္စတွေကို သူတို့ကို ပြောပြတဲ့ အပြင်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံးမှာ ရခိုင်တိုင်းရင်းသားတွေလည်း အပါအဝင်ဖြစ်တယ် ဆိုတာကို။ နောက်ပြီးတော့ တိုင်းရင်းသားတွေအားလုံးမှာ တူညီတဲ့ ရည်မှန်းချက်တွေရှိတယ် ဆိုတာကို သူတို့လည်း လက်ခံတယ် ကျနော်တို့ ပြောပြတာလည်း သူတု့ိနားလည်တယ်ဆိုတာလေးလည်း ကျနော်တို့ သိခွင့်ရခဲ့ပါတယ်။ သိလည်း သိရတဲ့ အတွက်ကြောင့်လည်း ဝမ်းသာပါတယ်။ ဝမ်းသာတဲ့နေရာမှာ ကျနော်တို့ တူညီတဲ့ ရည်မှန်းချက်တွေကို သူတို့ကို ကျနော် ဘယ်လိုပြောလိုက်သလဲဆိုတော့ အတူတူလုပ်လို့ရအောင် ၊ အတူတူလုပ်ကြရအောင် ဒီလိုမျိုးလာပြီးတော့ ဆန္ဒထုတ်ဖော်နေမယ့် အစား ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ်ပြီးတော့ သူတို့ခံစားချက်တွေ သူတို့သိချင်တဲ့အချက်တွေကို ကျနော်တို့ သံရုံးနဲ့ ဆက်သွယ်ပါ ဆိုပြီး ပြောခွင့်ရခဲ့ပါတယ်။”

တိုက်ခိုက်မှုတွေ အတွင်း အရပ်သားတွေရဲ့ အသက်အိုးအိမ်တွေ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ဆုံးရှုံးနေရတာတွေကို အချက်အလက် ခိုင်ခိုင်မာမာ တင်ပြပေးဖို့လည်း မြန်မာ သံအမတ်ကြီးက တွေ့ဆုံပွဲမှာ ပြောခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ အမေရိကန် ရခိုင်လူမှု အဖွဲ့အစည်း ဥက္ကဋ္ဌ ကိုဦးသိန်းမောင်က အခုလို ပြောပါတယ်။

“လက်ရှိ မြန်မာအစိုးရက အကောင်းလုပ်နေတဲ့ အပေါ် ကျနော်တို့က အကာင်းမမြင်တဲ့ အတွက် သူတို့အနေနဲ့ အင်မတန် ဝမ်းနည်းတယ်လို့ သူပြောပါတယ်။ ဆိုတော့ ကျနော်တို့လည်း ပြန်ပြောပါတယ်။ အောက်ခြေ ground မှာ ဖြစ်ပျက်နေတာတွေက အဲလိုပဲ မကောင်းမြင်စရာတွေက ဖြစ်နေလို့ပေါ့လေ ဒါကြောင့်ကျနော်တို့ ဒီလိုလုပ်ရခြင်း ဆန္ဒပြရခြင်းဖြစ်တယ်။ ဆိုကြပါတော့ အထူးသဖြင့် တိုက်ပွဲ ဘာမှ ဖြစ်မနေတဲ့ နေရာတွေမှာ ဒီအပြစ်မဲ့အရပ်သားတွေ သေကြေပျက်စီးနေတာတွေ အသက်အိုးအိမ်တွေ ဆုံးရှုံးခံနေရတာတွေ နောက်တခါ အဲဒီထက်ပိုဆိုးတာကတော့ ကျနော်တို့ ရခိုင် ယဉ်ကျေးမှု အမွေအနှစ်တွေ ဘုရားပုထိုးစေတီတွေကအစ ဖျက်ဆီးခံ ဖြစ်နေရတာတွေ အဲလိုဖြစ်နေတဲ့အတွက်ပဲ ကျနော်တို့ လုပ်ရခြင်းဖြစ်တယ်။ ဒါကို အကောင်းမြင်တယ်၊ အဆိုးမြင်တယ် ဆိုတာထက် ဒီလိုဖြစ်တဲ့အတွက် ကျနော်တို့ အဓိက အဲဒီဟာတွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ကျနော်တို့ လုပ်ရခြင်းဖြစ်တယ် ဆိုပြီးတော့ ကျနော်တို့ ပြန်ပြောပါတယ်။”

သံအမတ်ကြီး ဦးအောင်လင်းနဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဦးခိုင်အောင်ကျော် ကလည်း အခုလို ပြောပါတယ်။

“ရခိုင့်တပ်မတော်ရှိတယ်ဆိုရင် အဲဒီနေရာမှာ ပစ်ပေ့ါ။ နှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုရင် တိုက်ပေါ့ ခိုက်ပေါ့ ။ သူတို့ တိုက်ခိုက်နေကြလို့ လူပေါင်း သောင်းနဲ့သေ သိန်းနဲ့သေလည်း အကြောင်းမဟုတ်ဘူး။ လက်နက်ကိုင် ပြီးတော့ စစ်တပ်ဆိုတာ တိုက်ကြတာပဲ သူပုန်ဆိုလည်း တိုက်ကြတာပဲ။ သေပေါ့ကြေပေါ့။ ဒါပေမယ့် သာမန်အရပ်သားတွေကို တဦးမှ မသေစေရဘူး။ AA ၁၀ ယောက်သေတယ် အရပ်သား ၁၀၀ သေတယ် ဆိုရင် လက်ခံလို့ရတယ်။ အခုက AA မရှိတဲ့နေရာမှာ ဘုရားကျောင်းကန် ဖြိုဖျက်။ ကျနော်လက်မခံဘူး။ ကျနော်တို့လိုချင်တာက အပစ်ခတ်ရပ်စဲဖို့ လိုချင်တယ်။”

မြန်မာသံရုံးမှာ ဆန္ဒပြခဲ့ကြပြီးနောက် ၂ မိုင်လောက် အကွာက အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့၊ နောက် လွှတ်တော်ရှေ့တို့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကိုတော့ လမ်းရှင်းပေးတာတွေ အပါအဝင် ရဲတပ်ဖွဲ့က လုံခြုံရေး ရယူပေးခဲ့ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တွေက လွှတ်တော် အမတ်တွေကိုလည်း နောက်ပိုင်းမှာ တွေ့ဆုံ တောင်းဆိုမယ်လို့လည်း ရခိုင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG