သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးဒေသခံတွေ လုံခြုံရေး ပြည်ပရောက် ရခိုင်တွေ စိုးရိမ်


မြောက်ဦးမြို့တွင်း ပစ်ခတ်မှုက တဖက်သတ် မဟုတ်ဘဲ လက်နက်ကိုင်တပ် AA ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တာလို့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ပြောဆိုပါတယ်။ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့ ရခိုင်ပြည်နယ်တွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အပါအဝင် နိုင်ငံတကာ ဥပဒေတွေကို ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ယူ တာဝန်ခံကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မကျေလည်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့လည်း ပြည်ပရောက် ရခိုင်တိုင်းရင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေက ခပ်စိပ်စိပ် ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာတော့ ရှေးဟောင်း အမွေအနှစ် ကြွယ်ဝရာ မြောက်ဦးမြို့ထဲမှာပါ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ လူတွေဒဏ်ရာရ၊ ရှေးဟောင်း ပုထိုးတွေလည်း ထိခိုက်၊ အိုးအိမ်တွေလည်း ပျက်စီးခဲ့ရတဲ့ ရခိုင်ဒေသ စစ်ပွဲတွေမှာ ပါဝင် ပတ်သက်သူအားလုံး နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာပြီး တာဝန်ယူ တာဝန်ခံဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး Knut Ostby က အင်္ဂါနေ့မှာ ကြေညာချက် ထုတ် ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Farhan Haq က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အခုလို ပြောဆိုခဲ့ပါတယ်။

"ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်စေသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေလည်း ရှိနေပါတယ်။ အရပ်သားတွေကို အသေအချာ အကာအကွယ်ပေးကြဖို့၊ မကျေလည်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေကို ထိန်းသိမ်းမှု အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို တာဝန်ယူ တာဝန်ခံကြဖို့ကိုလည်း အားလုံးကို Ostby က တိုက်တွန်းထားပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက်ကြီးသူတွေ နဲ့ ဘေးဒဏ်သင့်သူတွေ အတွက် လူသားချင်း စာနာထောက်ကူမှု ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့လည်း အလေးထား ပြောပါတယ်။ ကုလသမဂ္ဂ အနေနဲ့တော့ မြန်မာ အစိုးရနဲ့ ဆက်သွယ်နေပြီး လူသားချင်း စာနာကူညီမှု ပေးဖို့လည်း အဆင့်သင့် ရှိနေပါတယ်။ "

ပြည်ပရောက် ရခိုင်တိုင်းရင်းသား တချို့ကတော့ တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားလာ သလားဆိုတဲ့ အပေါ်မှာ စိုးရိမ်နေကြပါတယ်။ အမေရိကန် ပြည်ထောင်စု Utah ပြည်နယ်က ကိုခိုင်မင်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဒါက လက်နက်ကိုင် အုပ်စုအချင်းချင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်နဲ့ အချင်းချင်း ပစ်ကြခတ်ကြတာပါ။ ဒါ ကျနော်တို့ ထွေထွေထူးထူး မပြောလိုပါဘူး။ ဒါပေမယ့် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတို့ ၊ အရပ်သား နေထိုင်တဲ့နေရာတွေကို တပ်မတော်ဘက်ကနေ ပစ်ခတ်တာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။"

အမေရိကန် ပြည်ထောင်စု နီဘရက်စကားမှာ နေတဲ့ ကိုအောင်သန်းဝင်းကတော့ လက်နက်ကိုင်တွေ ညှိကြဖို့ တိုက်တွန်းပါတယ်။

"ရခိုင်တိုင်းရင်းသားတွေကို ပေါ့နော် အကြောက်တရားတွေ လွှမ်းမိုးသွားအောင်ပေါ့နော် သူတို့ စီစဉ်တယ်လို့ ကျနော်ထင်တယ်။ သူတို့က ရခိုင့်တပ်မတော်ကို ငြိမ်းချမ်းရေးစားပွဲကို အမြန်ဆုံးရောက်အောင် ၊ အဲလိုမျိုး ပဋိပက္ခတွေငြိမ်းအောင် ငြိမ်းချမ်းရေးစားပွဲကို အမြန်ဆုံးရောက်အောင် ခေါ်စေချင်တယ်ပေါေ့နာ်။ အဲလောက်ပဲ ကျနော်ပြောချင်ပါတယ်။"

တနလာၤနေ့မှာ ဖြစ်ခဲ့တဲ့ မြောက်ဦး မြို့တွင်း ပစ်ခတ်မှုတွေက တညလုံး အကြောင်းရင်း မသိရဘဲ ပြည်သူတွေ အထိတ်တလန့် နေခဲ့ကြရတာပါ။ နောက်နေ့ အင်္ဂါနေ့မှာမှ ရခိုင်လက်နက်ကိုင်တပ် AA က ပစ်လို့ ပြန်ပစ်တာလို့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ နေတဲ့ ကိုဒိန်းဇံကတော့ အခုလို ပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်သူတွေ အတွက် ပိုပြီး ဒုက္ခရောက်စေတယ်လို့ ပြောပါတယ်။

"စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ချို့တဲ့ ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်ကြီးဟာ အခုဆိုရင် တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲဆိုတာ ဘယ်သူမှ လည်းမကြိုက်ဘူး ။ ကျနော်လည်းမကြိုက်ဘူး ။ ဘယ်ဘက်ကပဲ ဖန်တီး ဖန်တီး တိုက်ပွဲကြောင့် ရလာတဲ့ အပြုံးဆိုတာက ရှားတယ်။ တကယ်တမ်း တိုက်ပွဲမှာ သေကြရမယ့် လူတွေချည်းဘဲ။အဲဒီတော့ ကျနော်တို့ကတော့ လုံး၀ တိုက်ပွဲကို အလိုမရှိဘူး။"

တနလာၤနေ့ညက ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ ပစ်ခတ်မှုမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို ရခိုင်လက်နက်ကိုင်တပ် AA က အိမ်တွေထဲကနေ ပစ်ခတ်ခဲ့တယ်၊ နောက် မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးကိုလည်း လူနေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တာလို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA က မြောက်ဦးမြို့ထဲက လူနေအိမ်တွေ၊ ရှေးဟောင်း ပုထိုးစေတီတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ပြောဆိုကြတာပါ။

ဒါပေမယ့်လည်း မြောက်ဦး မြို့ခံတွေကတော့ မြန်မာ လုံခြုံရေး တပ်တွေက မြောက်ဦးမြို့နယ်တွင်းက တောင်ကုန်းတွေပေါ်မှာ နေရာယူထားပြီး နေ့စဉ်ဆိုသလို သေနတ်သံတွေ၊ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတာ လနဲ့ချီ ရှိလာပြီလို့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG