သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်မှာစိုးရိမ်


ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများ တလျှောက် ကိုရင်လေးတပါး လမ်းလျှောက်လာပုံ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၉)

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီရက်ပိုင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး မြောက်ဦးမြို့က ရှေးဟောင်း အမွေအနှစ် စေတီတချို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲပေးဖို့ သက်ဆိုင်ရာ အဖွဲ့တွေကို မြန်မာ့ရှေးဟောင်း သုတေသန ပညာအသင်းက မေတ္တာ ရပ်ခံလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရှေးဟောင်း အမွေအနှစ်တွေ မပျောက်ဆုံး၊ မပျက်ဆီးစေဖို့နဲ့ ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်း ဆိုင်ရာလုပ်ငန်းတွေ နှောင့်နှေးမှုမရှိ အချိန်မီ တင်သွင်းနိုင်ရေးအတွက် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသကို စစ်မဲ့ဇုန်အဖြစ် ထားရှိပေးဖို့ အဲ့ဒီလို တောင်းဆိုလိုက်တာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ဟုတ်ကဲ့။ ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပြင်းထန်လာနေပြီး ဒီရက်ပိုင်းတွေအတွင်းမှာ ရခိုင်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့မှာပါ ပစ်ခတ် တိုက်ခိုက်တာတွေ ဖြစ်ပွားလာနေပါတယ်။

ဒီလို ပစ်ခတ် တိုက်ခိုက်မှုတွေဟာ ဒီလ ၁၅ ရက်နေ့က တကြိမ်နဲ့ ၁၈ ရက်နေ့ ညဦးပိုင်းမှာ တကြိမ်ဖြစ်ပွား ခဲ့တာပါ။

ဒီလို တိုက်ခိုက်မှုတွေ ဖြစ်တာကြောင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်ဆီးဆုံးရှုံးမှု မရှိအောင် စစ်မဲ့ဇုန်အဖြစ် ထားရှိဖို့ မြန်မာ့ရှေးဟောင်း သုတေသန ပညာအသင်းက တိုက်တွန်းကြောင်း အသင်းရဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့က ဘယ်အမွေအနှစ်ဒေသမှာမှ ဘာမှ မဖြစ်စေချင်ဘူးပေါ့။ အမွေအနှစ်ဆိုတာ အစားထိုးပြန်မရနိုင်တဲ့ ပစ္စည်းလေ။ မြောက်ဦးဟာဆိုရင် အခုဆိုရင် ကမ္ဘာ့အမွေအနှစ် စာရင်းကို တင်သွင်းဖို့ အတွက် ကျနော်တို့ ကြိုးစားနေတဲ့အချိန် ဖြစ်တယ်လေ။ တစ်ချို့ဆိုရင် သတ်မှတ်ထားတာ ရှိတယ်လေ။

ဒီဟာတွေကို စစ်မဲ့ဇုန်၊ ဒီနေရာမှာ စစ်မဖြစ်ရ ဆိုတဲ့ဟာမျိုးလေးတွေနဲ့၊ အဲလိုမျိုးပေါ့။ နှစ်ဖက် အဖွဲ့အစည်းတွေ သဘောတူညီမှုယူပြီးတော့ ဒီဘုရားတွေ ရှိတဲ့ ဧရိယာမှာ တတ်နိုင်သလောက် မဖြစ်အောင်ပေါ့ ကျနော်တို့က ဒါကို မေတ္တာရပ်ခံတဲ့ သဘောပါ။”

မြန်မာ့ရှေးဟောင်း သုတေသန ပညာအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ လက်နက်ကိုင် ပဋိပက္ခအကြား ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာနိုင်ငံဟာ ၁၉၅၆ခုနှစ် ကတည်းက လက်မှတ် ထိုးထားကြောင်းနဲ့ ဒီသဘောတူညီချက်မှာ ယဉ်ကျေးမှု အမွေအနှစ်ကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသမှာ စစ်မက်ဖြစ်ပွားတာ၊ ယဉ်ကျေးမှု အမွေအနှစ်ကို ခံတပ်သဖွယ် အကာအကွယ်ယူ အသုံးပြုတာတွေကို ရှောင်ရှားဖို့ ပြဌာန်းထားကြောင်း ဖော်ပြထားပါတယ်။

မြောက်ဦး အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ဒီလ ၁၅ ရက်နေ့က ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေကို ထိခိုက်ခဲ့ကြောင်း ပြောပါတယ်။

“ဟိုတစ်ရက်ကတော့ ထုက္ကန်သိမ် အနားမှာ (ဗုံး) တစ်လုံးကျကွဲတယ်။ အဲဒီ အနားမှာတော့ ရှေးဟောင်း လုံခြုံရေး အဆောက်အဦးမှာ ထိခိုက်သွားတယ်ပေါ့။ ထုက္ကန်သိမ်က အလွန်နီးတယ်။ နောက်ပြီးတော့ ထုက္ကန်သိမ်က အနောက်ဘက် ကိုက် ၃၀၀ ကျော်လောက်မှာရှိတဲ့ အနောက်မြေထဲ စေတီ အဲဒီ ကျောက်ခုံပေါ်မှာ ကျတယ်။ ပေါက်တာက အပေါ်ဘက်သွားတယ်။ အောက်ကိုတော့ သိပ်မထိခိုက်ဘူး။ အဲဒါ မနေ့ကလည်း တစ်ညလုံး ပစ်ခတ်သံတွေ ထွက်လာတယ်။ မနေ့က ပစ်ခတ်မှုမှာတော့ ကျတာတော့ မတွေ့ဘူး။ မကြားဘူး။”

လောလောဆည်မှာ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှာ တပ်မတော်က တပ်ရင်း ၃ ရင်းနဲ့ ရဲတပ်ရင်းတစ်ရင်း အခြေစိုက်ထားပြီး အချို့တပ်ဖွဲ့ဝင်တွေဟာ မြောက်ဦးမြို့ဝန်းကျင်က တောင်ကုန်းတွေမှာ နေရာ ယူထားကြောင်းနဲ့ ဒီတောင်ကုန်းတွေမှာ ရှေးဟောင်း ခံတပ်တွေ၊ မြို့ရိုး ကျောက်တံတိုင်းတွေနဲ့ ဘုရား စေတီတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၁၅ရက်နေ့ ပစ်ခတ်မှုမှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၈ ရက်နေ့ညက ပစ်ခတ်မှုမှာတော့ အရပ်သား အနည်းဆုံး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် တလုံး မီးလောင်ခဲ့ပါတယ်။

၁၉ရက်နေ့ မနက်အစောပိုင်းမှာလည်း ပစ်ခတ်သံတွေ ကြားနေရပြီး မြောက်ဦးမြို့ဟာ လူသွားလူလာ မရှိသလောက် ဖြစ်နေခဲ့ကြောင်း မြို့ခံ တယောက်က ပြောပါတယ်။

“မနက်က ၇ နာရီဆိုရင် ဈေးတွေ အကုန်လုံးဖွင့်ကြ၊ ဖွင့်ကြတုံးမှာပဲ အဲဒီ လက်နက်ကြီးသံတွေ ကြားလာတဲ့ အခါကျတော့ ဈေးတွေ အကုန်လုံး ပြန်ပိတ်ပြီးတော့ တဈေးလုံး ပိတ်ပြီးတော့ သွားကြတာလေ။ အကုန်လုံး ဈေး ပိတ်ထားလိုက်ပြီ။ မြို့မှာလည်း သွားတာ၊ လာတာ မရှိတော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီလိုပဲ ခြောက်ကပ်ကပ် ဖြစ်သွားတာ။ ၁၀ နာရီလောက်ထိကတော့ လက်နက်ကြီး ပစ်သံတွေ ကြားရတယ်။ ၁၀ နာရီ နောက်ပိုင်းတော့ ဘာသံမှ မကြားရသေးဘူး။ အေးအေးဆေးဆေးပါပဲ အခြေအနေကတော့။”

မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရတပ်မတော်က လူနေ ရပ်ကွက်တွေထဲ အထိ ဝင်ရောက်ပြီး အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ စွပ်စွဲပြီး ဒီလိုတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း MNDAA ကိုးကန့်၊ PSLF/TNLA တအန်း(ပလောင်)နဲ့ ULA/AA ရခိုင် မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ မတ်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါကို စစ်ဆေး အရေးယူပေးဖို့အတွက်လည်း တောင်းဆိုကြောင်း PSLF/TNLA တအန်း (ပလောင်) အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုး တာအိုက်ကျော်က ပြောပါတယ်။

“အခုကတော့ AA မှာ ဖြစ်တာပေါ့နော်။ ကျနော်တို့ ဒေသမှာလည်း အဲလို ဖြစ်စဉ်တွေ ဖြစ်ခဲ့ဖူးတယ်။ ဒီ မြန်မာ့တပ်မတော်က တာဝန်ရှိသူကို စစ်ဆေး ဖော်ထုတ်ပြီးမှ အရေးယူပေးဖို့တော့ လိုတယ်။”

တပ်မတော်ဘက်ကတော့ အခုပစ်ခတ်မှုတွေမှာ AA အဖွဲ့က လူနေအိမ်တွေပေါ်ကနေ နေရာယူပြီး တပ်မတော် စစ်ကြောင်းကို ပစ်ခတ်တဲ့အတွက် ပြန်လှန် ပစ်ခတ်တာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ၁၈ရက်နေ့ ပစ်ခတ်မှုမှာ သူတို့ဘက်က တိုက်ခိုက်တာ မရှိကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားသလို ၁၅ ရက်နေ့ကလည်း မြောက်ဦးမြို့မှာ တိုက်ပွဲဖြစ်တာ မရှိကြောင်း AA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG