သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့ ပစ်ခတ်မှု ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းချက်


ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်း စေတီပုထိုးများ။
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်း စေတီပုထိုးများ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ တနလာၤနေ့ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး မြို့ခံတွေ ထိတ်လန့်တကြား ပုန်းအောင်းခဲ့ကြရပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား စစ်ရေး တင်းမာမှု ဖြစ်နေတဲ့ ဒီလပိုင်းတွေ အတွင်း မြောက်ဦးမြို့ တဝိုက်မှာလည်း နေ့စဉ် ပစ်ခတ်သံတွေ ကြားနေရပေမယ့် အခုလို မြို့တွင်းကို လာပြီး ပစ်ခတ်တာမျိုးကတော့ မရှိခဲ့ပါဘူး။ ဘယ်အဖွဲ့က ပစ်ခတ်သလဲ ဆိုတာ တိတိကျကျ မသိရသေးပေမယ့် ဒေသခံတွေကတော့ မြန်မာ စစ်တပ်ကပစ်တာလို့ ပြောဆိုနေကြပါတယ်။ မြောက်ဦး ဒေသခံတွေကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

“ ပစ်တာမှ နည်းနည်းနောနော ပစ်တာမဟုတ်ဘူး။ တခါတည်း တိုင်းပြည်ပျက်လား အောက်မေ့ရတယ်။ နေ့တိုင်းတော့ ပစ်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ဒီနေ့လိုမျိုး ဖြစ်တာဆိုတာ အကုန်လုံးပေါ့ မြို့မှာ ရှိတဲ့ ကျနော့် အမေက အစ အကုန်လုံး ကြောက်လန့်ပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ အဲလို ဖြစ်သွားတာ။ ဘယ်မှာ ပုန်းလို့ ပုန်းရမှန်း မသိဘူး။ အဲလိုမျိုး ဖြစ်သွားတာ ခင်ဗျ။”

မြောက်ဦးမြို့မှာ တနလာၤနေ့ ညနေပိုင်း ၇ နာရီကျော်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ဒေသခံတွေကတော့ ဘာဖြစ်သလဲဆိုတာ မသိဘဲ ကြောက်လန့်တကြား ပုန်းအောင်းခဲ့ကြရတယ်လို့ ဒေသခံ ကိုပုလုံးက ပြောပြပါတယ်။

“ အစကတော့ လက်နက်ကြီးသံပေါ့နော် ကြားရတယ်။ လက်နက်ကြီးသံ ကြားရတော့ ဒီနေ့တော့ စပစ်ပြီလား မသိဘူးလို့။ ကျနော်က အိမ်မှာလည်း အလုပ်လုပ်နေတော့။ လက်နက်ကြီးသံကြားတော့ ၁၀ ချက်လောက် ရှိမယ် ခင်ဗျ လက်နက်ကြီးသံက။ ကြားပြီးတော့ ဘယ်လောက်မကြာဘူး ဒီ တမြို့လုံး ပတ်ပတ်လည်မှာ အသံတွေက ဘယ်ကနေ ပစ်မှန်း မသိဘူး။ ဘယ်နားပြေးလို့ ပြေးရမှန်း မသိဘူး အဲလို ဖြစ်သွားတာ ခင်ဗျ။ ”

သေနတ်သံတွေကြား ပြေးလွှား ပုန်းအောင်းခဲ့ရတယ်လို့ ပြောသူက ကိုပုလုံး တယောက်တည်းတင် မဟုတ်ပါဘူး။ ဒေသခံ တဦး ဖြစ်တဲ့ ကိုထွန်းနိုင်ကလည်း အခုလို ပြောပြပါတယ်။

“ မြို့ ပတ်ပတ်လည်ကပေါ့နော် ပေါက်ကွဲသံတွေ ထွက်လာတယ် ခင်ဗျ။ သေနတ်သံတွေကြားရတယ်၊ နောက်ပြီး လက်နက်ကြီးသံတွေ ဆက်တိုက်ဘဲ။ ကျနော့်မိန်းမ ဆိုရင် ဆိုင်ကနေ ပြေးလာတာ။ ငိုပြီးတော့ ပြေးလာပေါ့နော်။ အဲလို အခြေအနေ ရှိတယ်။ မြို့လူထုတွေ ထိတ်လန့်ပြီး အကုန်လုံး ဟိုပြေး သည်ပြေးပေါ့။ အဲလိုမျိုး ရှိတယ် ခင်ဗျ။ မြို့ပေါ်မှာတော့ ၇ နာရီလောက်က ဖြစ်ပါတယ် ခင်ဗျ။ မြို့ပေါ်ပြီးတော့ နောက်ပိုင်းတွေကျတော့ လက်နက်ကြီးသံတွေ အဝေးက ကြားရပါတယ် ခင်ဗျ။ ဆက်တိုက် ဆက်တိုက်ဘဲ ခင်ဗျ။ ”

မြောက်ဦးမြို့ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ အခြေအနေကို သိရဖို့ ဗွီအိုအေက ညသန်ခေါင် အချိန်မှာ ဒေသခံတွေကို တယ်လီဖုန်းဆက်သွယ်ခဲ့တာပါ။ အများစုကတော့ ခိုင်ခိုင်ခံ့ခံ့ရှိမယ့် အိမ်တွေမှာ နီးစပ်ရာ စုပြီး ကိုယ့်လုံခြုံရေး အတွက် အခြေအနေကို ညမအိပ်ဘဲ သတင်းကို နားစွင့်နေကြပါတယ်။ ကိုထွန်းနိုင်ရဲ့ အိမ်မှာလည်း အိမ်နီးချင်း မိသားစုတွေ ရှိနေကြပါတယ်။

“ မအိပ်နိုင်ပါ ခင်ဗျ။ ကျနော့် အိမ်မှာ ဆိုရင် အခု အိမ်ဘေးက အိမ် ၄ - ၅ အိမ်ကနေပြီးတော့ ကျနော့်အိမ် အောက်ထပ်မှာ ရောက်နေကြပါတယ် ခင်ဗျ။ အသက်ကြီးတွေလည်း ပါပါတယ် ခင်ဗျ။ အသက် ၈၀ - ၇၅ အဲလို အဘွားကြီးတွေလည်း ပါပါတယ် ခင်ဗျ။ ကျနေ်ာတို့ ဒေသ အာဏာပိုင်တွေ ပြောတာ ဘာမှ မကြားပါ။ ကျနော်တို့ ကိုယ့်လုံခြုံရေးဘဲ ကိုယ်ယူပြီးတော့ ကျနော်တို့ဆို အခု အိမ်အောက်ထပ်မှာပေါ့နော် အိမ်အပေါ်မှာဆိုတော့ အိမ်အမိုးက သွပ်ခေါင်မိုးဆိုတော့ အဆင်မပြေဘူး။ လက်နက်ကြီးတွေ ဘာတွေ ကျရင် အဆင်မပြေဘူး။ အောက်မှာကျတော့ ကျနော်တို့ သံမံတလင်း ကွန်ကရစ် ခင်းထားတာ ရှိတော့ မြေညီထပ်မှာဘဲ ဆင်းပြီး နေကြပါတယ် ခင်ဗျ။ ”

ဒေသခံ အာဏာပိုင်တွေဘက်ကရော၊ အစိုးရဘက်ကရော၊ စစ်တပ်ဘက်ကရော၊ ရခိုင်လက်နက်ကိုင်တပ် AA ဘက်ကရော မြောက်ဦး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ဘယ်သူ့ လက်ချက်ဆိုတာလည်း မသိရသေးပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်တပ်က ပစ်တာလို့ ပြောကြပါတယ်။

“ အရင်တုန်းကတော့ မြို့ထဲမှာ သူတို့က မြို့ပေါ်မှာ ရှိတဲ့ တောင်တွေပေါ့ အမရယ် အဲဒီ တောင်တွေ ကုန်းတွေပေါ်မှာ နေရာယူထားတာ ခင်ဗျ။ နေရာယူထားတယ်ဆိုတာက ကျနော်တို့ မြို့မှာလည်း ဒီ သူပုန်တွေ ဘာတွေ AA တို့ဘာတို့ဆိုတာ ရှိတာ မဟုတ်ဘူး ခင်ဗျ။ ကျနော်တို့ မြို့မှာ ကိုယ့်ဟာနဲ့ကိုယ်ဘဲ အေးအေးဆေးဆေး နေတာ။ သူတို့က ရမ်းသန်းပြီးတော့ ပစ်နေတာဘဲ ရှိတာ။ ”

ပစ်ခတ်မှု အတွင်း အိုးအိမ်ပျက်စီးမှုနဲ့ တချို့ ဒဏ်ရာရသူတွေကို မြောက်ဦး ဆေးရုံကို ပို့ထားရတယ်လို့လည်း ဒေသခံ ကိုထွန်းနိုင်က အခုလို ပြောပါတယ်။

“ လက်နက်ကြီးတွေ ထိပြီးတော့ ရွာဟောင်းတော ဆိုတဲ့ ရွာကို လက်နက်ကြီးကျည် ၂ လုံးထိပြီးတော့ အိမ်တအိမ်မီးလောင်ပါတယ်။ အဲဒီမှာ ရွာကနေပြီးတော့ လူ ၄- ၅ ယောက် ဒဏ်ရာရပါတယ်။ မြောက်ဦး ဆေးရုံကို အခု ရောက်နေပါပြီ။ နောက် ဝမ်းတီဆိုတဲ့ မြောက်ဦးမြို့ အလယ်ဈေး အနီးကုန်းပေါ့နော် အဲဒီနားက နေပြီးတော့ လက်နက်ကြီးကျည် ပေါက်ကွဲပြီးတော့ ဒဏ်ရာရတဲ့ အမျိုးသမီးတယောက်လည်း ဆေးရုံ ရောက်နေပါပြီ။ မြို့တွင်းကတော့ တော်တော် ကြားရတယ် ခင်ဗျ။ အခု ကျနော်တို့ မြို့ပြင် အိမ်ပြင် ဘယ်သူမှ မထွက်ရဲကြဘူး ခင်ဗျ။ လူနာတွေကိုတောင် ဆရာတော်တွေ သွားပြီးတော့ ကားနဲ့ သွားသယ်ပါတယ်။ အရေးပေါ် နာရေးကား တို့ အရေးပေါ် ကားတို့ ခေါ်လို့ မရဘူး ခင်ဗျ။”

ညအချိန် ဖြစ်ခဲ့တဲ့ မြောက်ဦး ပစ်ခတ်မှုက ဘယ်သူ ပစ်သလဲဆိုတာ တိတိကျကျ မသိရသေးသလို ပစ်ခတ်မှု အတွင်း ထိခိုက်ဒဏ်ရာရမှုတွေလည်း အတိအကျ မသိရသေးပါဘူး။ ဒေသခံတွေလည်း အပြင်မထွက်ရဲကြသေးပါဘူး။ မြောက်ဦးမြို့က ဂရုဏာလှိုင်း သွေးလှူရှင်များ အသင်းကတော့ အရေးပေါ် လူနာတင်ယာဉ် အကူအညီပေးဖို့ အသိပေးထားပါတယ်။ ဒါပေမယ့် လုံခြုံရေး အရ အရေးပေါ် လူနာတင်ယာဉ် မထွက်နိုင်တဲ့ အကြောင်းလည်း အသင်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းမှာလည်း မြောက်ဦးမြို့ထဲကို လက်နက်ကျည်တွေ ကျရောက်ခဲ့ပြီး စေတီတချို့နဲ့ အိမ်တချို့ ပျက်စီးခဲ့ရပါတယ်။ မြောက်ဦးမြို့နယ်တွင်းက ကျေးရွာတွေမှာတော့ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ ရှိခဲ့ပြီး စစ်ရှောင်ဒုက္ခသည်တွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာဘဲ ဒီလအတွင်း မြောက်ဦးမြို့နယ်တွင်းက ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေလည်း အစုလိုက် အပြုံလိုက် နုတ်ထွက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG