သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA နဲ့ ပူးပေါင်းလှုပ်ရှားကြောင်းစွပ်စွဲချက် AA ရခိုင်အဖွဲ့ ငြင်းဆန်


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေ တင်းမာနေသလို၊ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး မြို့ပေါ်အထိပါ မတည်မငြိမ်မှုတွေ ရှိနေပါတယ်။ AA အဖွဲ့ဟာ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ပူးတွဲလှုပ်ရှားနေတယ်လို့ မြန်မာစစ်တပ်ဖက်က စွပ်စွဲနေပြီး၊ AA တာဝန်ရှိသူတွေကတော့ ဒီ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ ရခိုင်မြောက်ပိုင်း မတည်ငြိမ်မှုတွေရဲ့ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရ်ှ - မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရ်ှ နိုင်ငံပိုင်မြေထဲမှာ AA ရခိုင်အဖွဲ့ဟာ ARSA ရိုဟင်ဂျာအဖွဲ့နဲ့ ပူးပေါင်းလှုပ်ရှားသွားလာနေတယ် လို့ မြန်မာစစ်ဖက်က စွပ်စွဲလိုက်ပြီး၊ ဒီသတင်းအချက်အလက်အရ အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကန့်ကွက် သွားမယ်လို့ မြန်မာစစ်တပ်ဖက်ကက ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မှာ AAအဖွဲ့နဲ့ARSAအဖွဲ့နဲ့ပူးတွဲလှုပ်ရှားနေတယ်ဆိုတာ အွန်လိုင်းပေါ်ပြန့်နေတဲ့ ဗွီဒီယိုဖိုင် ကို အခြေခံ စီစစ်ပြီးသတင်းထုတ်ပြန်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျွန်တော် သိသလောက်ကတော့ အဲဒီဟာကတော့ အွန်လိုင်းပေါ်ပြန့်နေတဲ့ဗွီဒီယိုပေါ့။ အဲဒီဟာတွေကို ကျွန်တော် တို့က နည်းပညာ အရရောဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဒီလှုပ်ရှားနေတဲ့နေရာ ဘယ်နေရာဆိုတာလဲ ထုတ်ဖေါ်ရ ရှိပါတယ်။ ဒီအပြင် ဟိုသတင်းတွေ လဲရှိနိုင်ပါတယ်။”

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးအပါတ်မှာ ARSA နဲ့ AA အဖွဲ့တို့ကနေ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် အမှတ် ၄၉ အနောက်ဘက်ရှိ ဘာလူခါရာ BGB စခန်းရှိရာဘက် ကားလမ်းအတိုင်း လွတ်လပ်စွာလှုပ်ရှား သွားလာ နေတဲ့ ဗွီဒီယိုဖိုင် ကနေတဆင့် စိစစ်တွေ့ရှိတယ်လို့ သူကဆိုပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့AAပြန်ကြားရေးတာဝန်ခံခိုင်သုခကတော့ ARSAအဖွဲ့ နဲ့ ပူးပေါင်းနေကြောင်း တပ်မတော်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့အခုလို ငြင်းဆန်ခဲ့ပါတယ်။

“အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဘဲဗျနော်။ အဲဒီသူတို့ပြောတဲ့ နေရာတွေဟာ ဘင်္ဂလားဒေ့ရ်ှထဲမှာ။ ကျွန်တော်တို့ က ဘင်္ဂလားဒေ့ရ်ှ ထဲမှာနေတာ မဟုတ်ဘူးနော်။ ကျွန်တော်တို့က ရခိုင်ပြည်ထဲမှာဘဲ တပ်ဖြန့်ပြီးကျွန်တော်တို့ လှုပ်ရှားနေတာ။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ကို မရရအောင် ရင်းလုံးနေတာဗျ။ အဲဒီလိုမျိုးသူတို့ပုံဖေါ် ပြီးတော့ နိုင်ငံတကာနဲ့ပြည်သူတွေကြားထဲမှာ ထင်ယာင်ထင်မှားဖြစ်အောင်သူတို့ဖက်ကနေ ဒါလုပ်ကြံပြီးတော့ ဝါဒ ဖြန့်နေတာလို့ ကျွန်တော်အဲဒီလိုဘဲမြင်တယ်။”

ဒါ့အပြင် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကားလမ်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ AAရဲ့ လေ့ကျင့်ရေးစခန်း တစ်ခုကို ဒီလ(၁၉)ရက်နေ့မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်ခဲ့ပြီး လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ကျွန်တော်တို့မြောက်ဦးနဲ့ကျောက်တော်အရှေ့ဖက်မှာ အဲဒီနယ်မြေမှာ ရှိတဲ့လေ့ကျင့်ရေး စခန်းတခုပေါ့။ အဲဒီနေရာ ကိုကျွန်တော်တို့သိမ်းရတယ်။ သိမ်းရတဲ့ အခါမှာ လက်နက် ခဲယမ်းရတာရှိတယ်။ အဓိကကတော့မိုင်းနဲ့ ပက်သက် ပစ္စည်းတွေ တော်တော် မိတယ်။ မိုင်းလုပ်တဲ့ကွန်ကြူးပိုက်တွေ ဆက်စပ်ပစ္စည်းတွေထဲက ကော်ဗူးတွေမိတယ်။ ယမ်းစိမ်း ပုန်းတွေမိတယ်။ ယမ်းပုန်းတွေမိတယ်။ ယမ်းကိုဘယ်လိုအားမြှင့်တဲ့ ဓါတ်မြေသြဇာအိတ်တွေမိတယ်။"

ကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်ဖက်မှာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ယနေ့အထိ မြန်မာစစ်တပ်နဲ့ AAတို့ ထိတွေ့မှု၈ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ လေ့ကျင့်ရေး စခန်းတစ်ခု အပါအဝင် အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနဲ့ဆက်စပ် ပစ္စည်းတွေလမ်းလျှောက်စကားပြောစက် အားသွင်းခုံ ဖေါက်ခွဲရေးသုံးပစ္စည်း မြန်မာစစ်ဖက် အရာရှိ၊ စစ်သည် အဆင့်တံဆိပ်တွေကိုသိမ်းဆီးရမိပြီး တိုက်ပွဲစဉ်အတွင်း သူ့ဖက်က ကျဆုံးမှုတွေရှိတယ်လို့ မြန်မာစစ်တပ်က သတင်းထုတ်ပြန် ထားပါတယ်။ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ မြန်မာစစ်ဖက်ထုတ်ပြန်ချက်နဲ့မြေပြင်တိုက်ပွဲ အခြေအနေ ကွဲလွှဲနေတယ်လို့ဆိုပါတယ်။

“သူတို့ပြောတဲ့အဲဒီနေရာမှာလဲ ဘာစခန်းမှလဲကျွန်တော်တို့ဆီမှာမရှိဘူး။ မြောက်ဦး မြို့နယ် ထဲ(၁၉)ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာတော့ ကျွန်တော်တို့ ဖက်ကနေပြီး (၃)ဦးကျဆုံးတာရှိတယ်။ RPG တလက်ဆုံးရှုံးတာရှိတယ်။ အဲဒီလောက်ဘဲ။ တခြားဘာမှဆုံးရှုံးတာမရှိဘူး။”

မနေ့ကလဲ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာ နဲ့ဂေါင်းတိုက်ရွာ အကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါး ခဲ့ပြီး မြန်မာစစ်တပ်ဖက်မှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ခိုင်သုခကပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေသလို ဒေသအတွင်းဗုံး ပေါက်ကွဲမှု တွေလဲဖြစ်ပွား နေပါတယ်။

မနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ဲပြီး လူ(၁၀)ယောက်ထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။ မနေ့ညနေပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ် နဲ့ပက်သက်လို့ ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ဖြစ်စဉ်ကတော့(၅)နာရီ(၁၅)လောက်မှာဖြစ်တာခင်ဗျ။ ကျွန်တော်ရုံးက ကလေးတွေ စုပေါင်းပြီးတော့ သန့်ရှင်းရေး လုပ်တာပေါ့နော်။ မြက်ခြောက်တွေမီးရှို့တယ်ပေါ့။ မီးရှို့တဲ့ အချိန်မှာ ပေါက်ကွဲမှုတခုဖြစ်တာပေါ့နော်။ ထိခိုက်မှု က တော့ ကျွန်တော်တို့ဆေးရုံတက်ကတော့ (၈)ယောက်ပေါ့။ (၈)ယောက်ထဲမှာတော့ ကျွန်တော် ကလေး(၇)ယောက် မီးသတ်က ဝန်ထမ်းတဦးရယ်ပေါ့။ ကျန်တဲ့ သာမန်ပွန်းပဲ့ ကတော့(၂)ယောက်ပါခင်ဗျ။ ကျွန်တော်တို့လဲ စီစစ်ဆဲပါခင်ဗျ။ ရဲတပ်ဖွဲ့လဲ အဲဒီမှာ ဘယ်လိုဥစ္စာဖြစ်လဲလို့စီစစ်နေပါတယ်။ တထစ်ချပြောဖို့တော့နည်းည်း ခက်နေတယ်။”

ဒီဗုံးပေါက်ကွဲမှုမှာ ဘယ်သူဘယ်ဝါလက်ချက်ဆိုတာ စီစစ်နေဆဲလဲဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ ဗုံးပေါက်ကွဲမှုနဲ့တိုက်ပွဲတွေ ဖြစ်ပွါးမှု ဖြစ်စဉ်မရှိခဲ့ပေမဲ့ အခုလို ဖြစ်ပွားလာတာဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်သလိုဖြစ်နေတယ်လို့ ကျောက်ဖြူမဲ ဆန္ဒနယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

မနေ့ကလည်း ဘူးသီးတောင်မြို့စစ်ဆင်ရေးကွပ်ကွဲမှု စစ်ဌာနချုပ် စကခ(၁၅)တပ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်အရာရှိဇနီးသည်တဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒေသခံတွေအနေနဲ့က တပ်အတွင်းဖြစ်ပွားတဲ့ ဗုံးကွဲမှုဟာ တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကြောင့်လို့ ယူဆပြော ဆိုနေပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG