သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် စစ်ရေးတင်းမာမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကုလ တိုက်တွန်း


လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပမ်ကြောင်းနဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေနဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ခန့်မှန်းချေ လူပေါင်း ၄,၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းက အခြေအနေတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးလည်းဖြစ်တဲ့ Knut Ostby အနေနဲ့ အလွန်အမင်း စိုးရိမ်ပူပမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာကို နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောဆိုခဲ့တာပါ။

ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တုန်းက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို AA လက်နက်ကိုင် အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာက ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်ကတော့ တိုက်ခိုက်မှု သတင်းအတွက် တုန်လှုပ်မိသလို၊ ထိခိုက်သေဆုံးမှုတွေအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့၊ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်တွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

အရပ်သားတွေ အားလုံးကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး ဥပဒေတွေနဲ့အညီ တာဝန်ယူကြဖို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ဒေသတွင်းမှာ လုံခြုံရေးအင်အား တိုးမြှင့်ဖို့နဲ့ လိုအပ်ရင် လေကြောင်းအကူအညီ သုံးဖို့လည်း ညွန်ကြားခဲ့တာပါ။ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်ကတော့ လက်ရှိအခြေအနေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်အောင် သက်ဆိုင်သူတွေအားလုံး အရှိန်မြှင့် ကြိုးပမ်ကြဖို့နဲ့ သွေးထွက်သံယို ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရသူတွေ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရရှိစေဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG