သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ စွပ်စွဲချက် ဘင်္ဂလားဒေ့ရ်ှ ကန့်ကွက်


 မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတယ်လို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေကြောင်း မြန်မာတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေကြောင်း မြန်မာသမ္မတရုံး ပြောခွင့်ရရဲ့ ဒီသီတင်းပတ်အစောပိုင်း ပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ပြည်ပက လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ မရှိသလို၊ လက်ခံထားတာမျိုးလည်း မရှိကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လည်း နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် သတိကြီးကြီးထား စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ လွတ်လပ်ရေးနေ့တုန်းက ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ဟာ ARSA အဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ်ထဲ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ရရှိခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း စစ်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ ကြံစည်တယ်လို့ ယုံကြည်ရကြောင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘဲ ရန်လိုရာရောက်တဲ့အတွက် အပြင်းအထန် ကန့်ကွက်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာလည်း နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေကို အခြေခံပေါ်ပေါက်နေတာသာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG