သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးပြောကြားချက်အပေါ် တုံ့ပြန်မှု တချို့


သမ္မတရုံးပြောခွင့်ရ သတင်းစာရှင်းလင်းပွဲ
သမ္မတရုံးပြောခွင့်ရ သတင်းစာရှင်းလင်းပွဲ

ရက္ခိုင့်တပ်မတော် AA ဟာ ARSA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ပါ ပြောကြားခဲ့ပါတယ်။ သမ္မတရုံးပြောခွင့်ရရဲ့ ရခိုင့်အရေးပြောကြားချက်တွေနဲ့ တုံ့ပြန်ချက်တချို့ကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ဘင်္ဂလားဒေရှ်နိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ အကျိုးဆက်အနေနဲ့ နောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို AA အဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ အချက်အလက်နဲ့တကွ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“၂၀၁၈ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့ ဘင်္ဂလားဒေရှ်နိုင်ငံ ရာဗူးမြို့မှာ AAနဲ့ ARSA တို့ အစည်းအဝေးလုပ်တယ်လို့ သတင်းရတယ်။ ဖြစ်နိုင်ခြေတခုက နယ်မြေခွဲခြားတာ၊ မောင်တော၊ ဘူးသီးတောင် ရသေ့တောင် မေယုတောင်ကျောရဲ့ အနောက်ဘက်အခြမ်း၊ ARSA လှုပ်ရှားနယ်မြေ၊ မေယုတောင်ရှေ့ဘက်ခြမ်း က AA လှုပ်ရှားနယ်မြေ၊ ခွဲတယ်လို့ Source တခုကသတင်းရတယ်။ နောက်Source တခုကကျတော့ AA ကော ARSA ကော ဘုံစီးပွားရှိတယ် အဲဒါဘာလဲ မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးကရတာနဲ့ AA နဲ့ ARSA ပူးပေါင်းပြီးတော့ မေယုခရိုင်ကို ARSA ကို ပေးလိုက်၊ ကျန်တဲ့ ရခိုင်ပြည်ပေ့ါနော်။ ရခိုင်နိုင်ငံတော်ပုံမျိုးနဲ့ AA ကလုပ်မယ်ဆိုပြီး လုပ်မယ်လို့ Source တခု ကရတယ်။”

အခုလိုလုပ်ဆောင်နေမှုက လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းစဉ် နဲ့ သွေဖယ်နေကြောင်း လက်ရှိမှာ ငြိမ်းချမ်းရေးစကားဝိုင်းကိုတက်လာဖို့လည်း ဦးဇော်ဌေးက AA အဖွဲ့ကိုဖိတ်ခေါ် ခဲ့ပါတယ်။

“ ARSA ဆိုတာအကြမ်းဖက်အဖွဲ့အစည်း၊ ဒီလိုဒုက္ခပေးတဲ့ အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တာ ကိုရပ်တန်းက ရပ်စေချင်တယ်။ ပူးပေါင်း ဆောင်ရွက်တာမလုပ်ရင်တောင် ARSA ကိုနိုင်ငံရေးအရလည်းကောင်း စစ်ရေးအရ လည်းကောင်း အားသာစေမယ့် လှုပ်ရှားမှုတွေ AA ဘက်က လုပ်တာမျိုးကိုရှောင်စေချင်တယ်။ ကျနော်တို့ အကြံပေးချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွးပွဲတွေ လုပ်နေရင်းနဲ့ နိုင်ငံရေးစင်မြင့်ကိုလာပါ။ တိုင်းရင်းသားတန်းတူခွင့်ရေးယူပါ”

ဒါ့အပြင် ရက္ခိုင့်တပ်မတော်ကို ထောက်ခံနေကြတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ရက္ခိုင့်အနာဂတ်နဲ့ပတ်သတ်ပြီး ပြန်စဉ်းစားဖို့လည်းတိုက်တွန်းခဲ့သလို ရခိုင်ကိုယ်စားလှယ်တွေ၊ ရခိုင်လူငယ်တွေ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်သူတွေကို ဖျောင်းဖျစည်းရုံးဖို့ တိုက်တွန်းပေးကြဖို့ ပြောဆိုခဲ့တာပါ။

“AA ကိုထောက်ခံတဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်းပြောချင်တယ်။ AA ကြောင့်ရခိုင်ပြည်ကောင်းကျိုးထက်ဆိုးကျိုးဘယ်ဟာ များလဲ သုံးသပ်ဖို့လိုတယ်။ နောက်တခုက ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ ထောက်ခံမှုကအမျိုးမျိုးရှိတယ်။ အဲထောက်ခံမှုတွေကို ရပ်တန်းကရပ်ဖို့ ပြောချင်တယ်။ နို့မို့ဆို ရခိုင်ပြည်နယ် နောက်လာမယ့် ဆယ်စုနှစ်များစွာအတွင်းမှာ ဒီလိုစစ်ပွဲ သံသရာလည်သွားတာကို မြင်ချင်လားမေးချင်တယ်။ မဟာဗျူဟာကစားပွဲလိုဖြစ်နေတဲ့နေရာ ရခိုင်ပြည်နယ်ဆိုတာ ၊နိုင်ငံကြီးတွေ စိတ်ဝင်စားမှုအများကြီးရှိတယ်။ ဒီလှည့်ကွက်တွေထဲ ရခိုင်တိုင်းရင်းသားတွေ မသိနား မလည်ဘဲ ရခိုင်ပြည်သူတွေပါသွားမလားစိုးရိမ်တယ်"

အခုလို အစိုးရရဲ့ စွပ်စွဲမှုတွေကို AA အဖွဲ့က ငြင်းဆိုလိုက်သလို ဒါဟာ AA အဖွဲ့အပေါ် နိုင်ငံရေး အရ လုပ်ကြံစွပ်စွဲတာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် ပြောခွင့်ရ ခိုင်သုခကို VOA ကဆက်သွယ်မေးမြန်းချိန်မှာပြောဆို လိုက်ပါတယ်။

“ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့ကတော့ ဒါလုံးဝကို သူတို့ပြောတဲ့ အဖွဲ့တွေနဲ့ လုံးဝကိုဆက်စပ် ပတ်သတ်တာမှု တစုံတခုမှမရှိဘူးဗျ။ အခုဦးဇော်ဌေး သမ္မတရုံးကပြောတာက ပြည်သူထောက်ခံထားတဲ့ ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက် အဖွဲ့လို့ ပုံဖော်ချင်တဲ့ အတွက် သူတို့ဒီလိုမဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ ကျနော်တို့ကို နိုင်ငံရေးအရ တိုက်ခိုက်နေတာဗျ။ ရက္ခိုင်တွေရဲ့ အသွေးအသားရပေါက်ဖွားလာတဲ့ ရက္ခိုင့်တပ်မတော်ကို မထောက်ခံဖို့ပြောတာက ရက္ခိုင်တမျိုးလုံးကို စိန်ခေါ်တာဘဲ။ ကျနော်တို့က အဲလိုဘဲပြောချင်တယ်ဗျ”

ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အစိုးရပြောခွင့်ရရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ပါတယ်။

“ သူတို့ကို ထောက်ခံသူလဲရှိမယ်မထောက်ခံသူလဲရှိမယ်။ ရခိုင်တမျိုးသားလုံးကထောက်ခံတယ်ဆိုပြီးတော့ ပြောလိုက်တာက ဘယ်လိုအချက်အလက်တွေကောက်ပြီး ရခိုင်ပြည်သူတွေကို အသိပေးသလို ပြောတာကိုတော့ ကျနော်တို့သိပ် ဘဝင်မကျဘူးပေါ့။ ဒုတိယအချက်က ARSA အဖွဲ့နဲ့ဆက်သွယ်တယ်ဆိုတဲ့ အထောက်အထားလဲ ကျနော်တို့ ဒီနေ့ထိမတွေ့သေးဘူး။ သူတို့ဘက်က ဘယ်လိုယူဆလို့အဲလို ပြောလဲ ကျနော်တို့ခန့်မှန်းလို့မရဘူး။ ARSA နဲ့ AAပေါင်းမယ်ဆိုလဲ ကျနော်တို့ ရခိုင်ပြည်သူတွေလက်ခံမှာ မဟုတ်ဘူးလို့ပြောချင်တယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းလေးခုကို AA က ဝင်တိုက်တာမှာ ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ ၁၃ ဦးသေဆုံးခဲ့ရ ပါတယ်။ တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ မို့ လူပေါင်း ၅,၀၀၀ ကျော်မှာလည်း စစ်ဘေးမှ တိမ်းရှောင်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒေသခံတွေမှာ အတိဒုက္ခ ရောက်နေရ တာကြောင့် ၂ဖက်စလုံးသေချာအဖြေရှာပေးကြဖို့ ရခိုင်ပြည်သူအချို့က တော့ တောင်းဆိုလျက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG