သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေကြားက မြို ဒုက္ခသည်စခန်း


ရခိုင်ပြည်နယ်တွင်း AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ အနေအထားနဲ့ လတ်တလောမှာပဲ နယ်စပ်ရဲကင်းစခန်းတွေ အတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်နေသလို လမ်းပမ်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားပြီး ဒေသတွင်း တည်ငြိမ်လုံခြုံမှုမရှိသေးတာကြောင့် နေရပ်ရင်းကို ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်ဒုက္ခသည်တွေက ဗွီအိုအေသတင်းထောက်ကို ပြောကြပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ နေရာအနီးတဝိုက် ကျေးရွာတွေကနေ တိမ်းရှောင်လာတဲ့ မြိုတိုင်းရင်းသားတွေ ခိုလှုံနေတဲ့ ဝါးတောင် နဲ့ အထက်မြတ်လှဲ ဒုက္ခသည်စခန်းတွေကိုဗွီအိုအေသတင်းထောက် ဒီကနေ့ ကိုယ်တိုင်သွားရောက်လေ့လာခဲ့ချိန် ဒုက္ခသည်တွေကအဲ့သလို ပြောဆိုလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံရုံးဒုဝန်ကြီးခရီးစဉ်နဲ့ သတင်းသမားတွေနဲ့ အတူ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဗွီအိုအေသတင်းထောက် ကိုကျော်ကျော်သိန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ စီစဉ်ထားတဲ့ ဘူးသီးတောင်ခရီးစဉ်နဲ့ပတ်သက်ပြီး အခုလိုစရှင်းပြပါတယ်။

ကိုကျော်ကျော်သိန်း။ ။ဟုတ်ကဲ့ပါ ဒီနေ့မှာ ဘူးသီးတောင်ခရီးစဉ်ကို မဆက်ပဲနဲ့ မနက်ဖြန်မနက် တနင်္လာနေ့ကျမှပဲ ဆက်မယ်လို့ ပြောပါတယ်။ ကျနော်တို့ ဒီနေ့ တနေ့လုံး စစ်တွေမှာပဲ နေရမှာပါ ။ ဒါကြောင့် ကျနော်တို့ သတင်းမီဒီယာအဖွဲ့က ကိုယ့်အစီအစဉ်နဲ့ ကိုယ် စစ်တွေမြို့ထွက်သွားတဲ့ လမ်းပေါ်က ကျောက်တော်မြို့နယ်စပ်မှာရှိတဲ့ ဝါးတောင် စစ်ရှောင် ဒုက္ခသည်စခန်း နဲ့ အဲဒီ စခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အထက်မြတ်လှဲ စစ်ရှောင်ဒုက္ခသည်စခန်းကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားခဲ့ကြပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ပါ အခု ကိုကျော်ကျော်သိန်းတို့ရောက်ခဲ့တဲ့ စစ်ရှောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ဘယ်အချိန်တုန်းက ဘာကြောင့်မို့လို့ ဒီ ဒုက္ခသည်စခန်းတွေမှာ လာပြီးတော့ ခိုလုံနေကြရတယ်ဆိုတာကို သိခဲ့ရပါသလဲ။

ကိုကျော်ကျော်သိန်း။ ။ အချုပ်ပြောရရင် စစ်ရှောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပေါ့လေ မြန်မာတပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA တို့အကြားမှာ တိုက်ပွဲဖြစ်တဲ့ နေရာတွေရဲ့ ပတ်ဝန်းကျင်အနီးတ၀ှက်ကျေးရွာတွေက ဒေသခံ ရွာသူရွာသားတွေဖြစ်ပါတယ်။ သူတို့အားလုံးလိုလိုကတော့ မြိုတိုင်းရင်းသားတွေပါ ။ သူတို့ရွာတွေမှာ တိုက်ရိုက် တိုက်ပွဲဖြစ်တာ မဟုတ်ပေမယ့် ပတ်ဝန်းကျင်အနီးတ၀ှက်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ရွာအ၀င်အထွက်လမ်းတွေကို သွားလို့လာလို့မရတော့ဘူး တပ်မတော်ဘက်ကနေပြီးတော့ ပိတ်ထားလိုက်ပါတယ်။ အဲလိုလုပ်လိုက်တဲ့အခါမှာ သူတို့ရွာတွေဆီကို ရိက္ခာတွေ သွားလို့မရတော့ဘူး ၊ အလုပ်လုပ်လို့လည်းမရတော့ဘူး။ လယ်ယာလုပ်ငန်း လညးလုပ်လို့မရတော့ဘူး။ အဲဒီအခါမှာ စားနပ်ရိက္ခာ ပြတ်တောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အတွက် အဲဒီရွာတွေကိုစွန့်ပြီးတော့ ကျောက်တော်မြို့နယ်စပ်မှာရှိတဲ့ ဝါးတောင် စစ်ရှောင် ဒုက္ခသည်စခန်း နဲ့ အဲဒီ စခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အထက်မြတ်လှဲ စစ်ရှောင်ဒုက္ခသည်စခန်းကို ရောက်လာသူတွေပါ။

မဆုမွန်။ ။ စခန်းအတွင်းမှာ သူတို့နေရတဲ့အခြေအနေပေါ့နော် လောလောဆည် သူတို့ ဘယ်လိုနေထိုင်နေကြသလဲ ၊ အခက်အခဲတွေ ဘာတွေရှိသလဲ ကိုကျော်ကျော်သိန်းတို့ ဘာများတွေ့ခဲ့ရပါသလဲ။

ကိုကျော်ကျော်သိန်း။ ။ဝါးတောင် စစ်ရှောင် စခန်း ကတော့ လူဦးရေ ၁၀၀၀ ကျော်ရှိပါတယ်။ အဲဒီမှာ ကလေးကလည်း ၆၀၀ လောက်ရှိတယ်လို့ စခန်းကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစခန်းကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စပြီးတော့ ဖွင့်တယ်လို့ ပြောပါတယ်။ ကျနော်တို့သွားတဲ့အချိန်မှာတော့ အကူအညီပေးအဖွဲ့တွေတော်တော်များများပါပဲ။ ရန်ကုန်ကရော အဖွဲ့ပေါင်းစုံ ၊ ရခိုင်ပြည်နယ်အတွင်းကရော လူတွေ ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေက စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ တခြားပစ္စည်းအကူအညီတွေ လာပေးနေတာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ဝါးတောင် စစ်ရှောင် ဒုက္ခသည်စခန်း မှာဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာနက ဖွင့်ပေးထားတဲ့ ဆေးခန်းလေးကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီမှာ သူနာပြုဆရာမတယောက်နဲ့ သူနာပြုဆရာတယောက်ကို တွေ့ခဲ့ရပါတယ်။ အဲဒီမှာ ကျန်းမာရေးစစ်ဆေးပေးနေတာတွေ ဆေးတွေပေးနေတာတွေ တွေ့ခဲ့ရပါတယ်။ အဓိက လက်ရှိမှာ သူတို့ လိုအပ်နေတာကတော့ သောက်သုံးရေပါ။ အဲဒီစခန်းဘေးမှာ ရေကန်ကြီးတကန်ရှိပါတယ်။ အဲဒီ ရေကန်ကြီးကိုပဲ သူတို့မှီခိုပြီးတော့ သောက်ရေသုံးရေယူနေပါတယ် ဒါပေမယ့် လူဦးရေများလာတာနဲ့အမျှ ရေအခက်အခဲတွေ့ရနိုင်ပါတယ်။ သောက်ရေသုံးရေအခက်အခံကတော့ အခုအချိန် အရေးတကြီးလိုနေတယ်လို့ ကျနော်တို့ကိုပြောပါတယ်။ အဲဒါအပြင်ကတော့ စားနပ်ရိက္ခာကတော့ တော့ တောက်လျောက်လိုနေတာပေါ့လေ။ ဆောင်းတွင်းကာလဖြစ်တဲ့အတွက် အခင်းအကာအမိုး စသည်ဖြင့် လှူဒါန်းနေတာရှိနေပေမယ့် လိုအပ်ချက်က ရှိနေတုန်းပဲလို့ ကျနော်တို့ကို ပြောပါတယ်။

မဆုမွန်။ ။ သူတို့က ယာယီလာပြီးခိုလုံနေတဲ့အနေအထားလား၊ မကြာခင်မှာ ပြန်နိုင်ဖို့အလားအလာရှိလား။ ဒီဒုက္ခသည်စခန်းထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေဘက်ကရော သူတို့ နေရပ်ရင်းကို ပြန်နိုင်မယ့်အရေးနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုး မျှော်လင့်ချက်ရှိတယ်လို့ ကိုကျော်ကျော်သိန်းတို့ သိခဲ့ရပါသလဲ။

ကိုကျော်ကျော်သိန်း။ ။လောလောလပ်လပ်မှာတော့ အဲလိုအလားအလာမျိုး မမြင်သေးပါဘူး။ လက်ရှိမှာလည်း တိုက်ပွဲတွေက မညိမ်သေးပါဘူး။ မကြာခင်ရက်ပိုင်းအတွင်းကပဲ နယ်ခြားစောင့် ကင်းစခန်း ၄ ခုအတိုက်ခံရတယ် အထိအခိုက် အကျအဆုံးတွေလည်းရှိထားပါတယ်။ ပြီးတော့ နောက်ထပ်တိုက်ပွဲဖြစ်မယ့်အလားအလာတွေလည်း တာဝန်ရှိတဲ့သူတွေကိုယ်တိုင်ပြောထားတဲ့အတွက်၊ သူတို့ကတော့ ဒီတိုက်ပွဲတွေ ငြိမ်သွားပြီ ၊ တပ်မတော်ကနေပြီးတော့ ပိတ်ဆို့ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေးပြီ ၊ ရိက္ခာတွေကိုလည်း သယ်ဆောင်ယူခွင့်ရပြီ ဆိုတဲ့အခြေအနေမျိုးရောက်မှပဲ သူတို့ပြန်နိုင်မှာပါ။ အဲလိုအခြေအနေမျိုးက လောလောဆည် နီးနီးနားနားအနာဂတ်ကာလမှာတော့ မြင်ထားတဲ့ မျှော်လင့်ထားတဲ့ အရိပ်လက္ခဏာမျိုး မတွေ့ရပါဘူး။

မဆုမွန်။ ။ကျေးဇူးတင်ပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဗွီအိုအေသတင်းထောက် ကိုကျော်ကျော်သိန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG