သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ ဆက်လက်တိမ်းရှောင်


ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ (ဓါတ်ပုံ -Wan Lark Foundation)
ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ (ဓါတ်ပုံ -Wan Lark Foundation)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ဒေသခံတွေ ပိုများလာနေကြောင်းလည်း ဒေသခံတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ လွတ်လပ်ရေးနေ့တုန်းက ရခိုင်ပြည်နယ်တွင်း ရဲကင်းစခန်းတွေကို ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာကို တပ်မတော်က တုံ့ပြန်ဖို့ သမ္မတက ညွှန်ကြားခဲ့ပြီးနောက် ဒေသတွင်း အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြားတိုက်ပွဲဖြစ်ဖြစ်ပွါးနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ရွာသားတွေလဲတိုးပွါးလာနေပါတယ်။

ဒီကနေ့အင်္ဂါနေ့နဲ့ မနေ့ကတနင်္လာနေ့မှာချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွါး နေတယ်လို့ AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

“အသံတွေတော့ကြားနေရတယ်။ ဒါပေမဲ့လို့ကျွန်တော်ဆီကိုတော့အသေးစိပ်အချက်အလက်တွေတော့ ဘာမှ ရောက်မလာသေးဘူး။ မနေ့ကတော့ ပလက်ဝမြို့နယ်ရဲ့အထက်ပိုင်းမှာ ဒိုးချောင်းဝရွာအနားမှာတော့ တိုက် ပွဲဖြစ်တယ်။ နောက်ဒီ ဘူးသီးတောင်ဖက်မှာလဲ သူတို့ဒီ လက်နက်ကြီးတွေနဲ့ရမ်းသန်းပစ်ခတ်နေတာတွေရှိတယ်။”

တိုက်ပွဲဖြစ်ပွါးနေကြောင်းအတည်ပြုနိုင်ပေမဲ့ ထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ ခိုင်သုခကဆို ပါတယ်။

ဒီကနေ့ပလက်ဝမြို့နယ် ဒိုးချောင်းဝကျေးရွာအနီးမှာမြန်မာစစ်တပ်နဲ့ရခိုင်တပ်ဖွဲ့AAတို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ ကြောင်း ပလက်ဝဒေသခံတဦးကပြောပါတယ်။

“သူကဖြစ်တာက ဒလက်ချောင်း ဒိုးချောင်း၀ အနားလေးမှာဖြစ်တာ။ ကျွန်တော်တို့ပလက်ဝနဲ့တော့ တော်တော် လေးဝေးတယ်။”

ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ချင်းပြည်နယ်ဘက်မှာကျွန်တော်ပြောလို့မရဘူး. ကျွန်တော်မသိရဘူး။ အော် ရှိနိုင်ပါတယ်။ ဘူးသီးတောင် မောင်တောဘက်တော့ ကျွန်တော်တို့ ခုလောလောဆယ်ထိတော့မကြားသေးဘူး။”

ဒီဇင်ဘာ(၆)ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်မှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာကြောင့် မြိုမချောင်းကျေးရွာအနီးလက်နက်ကြီးကျည်တွေကျရောက်ခဲ့လို့ ရွာသား( ၇၄ )ဦးဟာကြာညိုပြင်ကျေးရွာကို စစ် ဘေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကအခုလိုပြောပါတယ်။

“ပြင်ချောင်းအုပ်စုမြို့မချောင်းကျေးရွာ။ လူဦးရေက(၇၄)။ သူတို့ကစစ်ဘေးတိမ်းရှောင်တယ်ဆိုတာ ဟိုမှာ ရွာအနားမှာ လက်နက်ကြီးကျည်ကြောင့်ပေါ့။ လက်နက်ကြီးကျည်ဆံကျလို့ထွက်ပြေးတာ။”

ဘူးသီးတောင်မြို့နယ်ဘက်မှာ စိုင်းဒင်ချောင်း စည်တောင် စေတီတောင် စပါးထားကျေးရွာစစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ(၄၀၀)ကျော်ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်သောင်းရွှေ ကပြော ပါတယ်။

အလားတူ ကျောက်တော်မြို့နယ်ဘက်မှာလဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေမှုကြောင့် သလူချောင်းကျေးရွာသား တွေ နေရပ်ကနေတိမ်းရှောင်ဖို့ပြင်ဆင်နေသလို ဝါးတောင်စစ်ရှောင်စခန်းမှာနေသူတွေ အခက်တွေ့နေတဲ့ အခြေ အနေကိုတော့ အကူညီပေးရေးအဖွဲ့ဝင် ဦးဇော်ဝင်းကဆိုပါတယ်။

“သလူချောင်းဘက်မှာ ကန်စောက်ရွာအနီးမှာရှိတဲ့အမြှောက်တပ်က ဟိုတနေ့က ညနေ(၁၂)နာရီကျော်လောက်မှာ အခေါက်(၁၀)ကျော်လောက်ထုတယ်လို့ကြားတယ်ဗျ။ သလူချောင်းရွာအနီးတဝိုက်မှာ ကျတယ်လို့ရွာသားတွေက ပြောတယ်။ ညအချိန်ကလဲ သန်းခေါင်ကျော်ညဉ့်နက်နေတော့ သူတို့ကတော့အကုန်လုံး ဗုံးကျင်းထဲမှာ ဝင်ပုန်းနေ ကြတယ်။ စိုးရိမ်ကြောက်လန့်ပြီးတော့ ရွာကထွက်ပြေးမလို့လုပ်နေကြတယ်။ မနေ့ကဆိုရင်လေ။ ဒီကားလမ်းနံ ဘေးမှာရှိတဲ့ ဒီဝါးတောင် ကယ်ဆယ်ရေးဒုက္ခသည်စခန်းမှာဆိုပိုပြီးတော့ ဆိုးဝါးတဲ့အနိဌာရုံတွေမြင်ရတယ်။ မိုးရွာ တယ် လေတိုက်တယ်။ တာလပတ်တွေလွင့်ပါသွားတာတို့ လယ်ကွင်းထဲမှာ တာလပတ်ထိုးပြီးနေရတာကိုး။ အကုန် လုံးကတော့ရေတွေတက် တအားကိုစိတ်ထိခိုက်စရာလေးတွေမြင်တွေ့ရတယ်။”

၂၀၁၈ နိုဝင်ဘာလကုန်ကစပြီး ၂၀၁၉နှစ်သစ် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် အပါအဝင် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ စစ်ရှောင်ဦးရေတိုးလာနေ တယ်လို့ ဦးဇော်ဝင်းကဆက်ပြောပါတယ်။

“ဒီကားလမ်းနံဘေးမှာရောက်နေတဲ့စစ်ရှောင်တွေကလဲ စစ်ရှောင်အခက်ခဲဖြစ်သလို သလူချောင်းမှာရှိတဲ့စစ်ရှောင် ရယ်။ ငစရိုင်းကိုင်းမှာရှိတဲ့စစ်ရှောင်ရယ်။ အဲတာအကုန်လုံးပေါင်းလိုက်ရင်(၃၀၀၀)ကျော်လောက်ရှိမယ်။ ကျောက် တော်မြို့နယ်သပ်သပ်လေ။ တပြည်နယ်လုံးပေါင်းလိုက်ရင် (၆၀၀၀)ကျော်လောက်ရှိမယ်။”

ကျောက်တော်ကားလမ်းနံဘေးမှာရှိတဲ့ တောင်မင်းကုလား ကန်စောက် ဝါးတောင်စတဲ့စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအခက်ခဲမရှိပေမဲ့ ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာမှာစစ်ရှောင်ဦးရေ (၁၁၀၀) ခန့်ရှိနေပြီး စားနပ်ရိက္ခာသယ်ဖို့အရေးကိုတော့မြန်မာစစ်တပ်ဖက်ကပိတ်ပင်ထားတယ်လို့ စစ်ရှောင်စခန်းတာဝန် ရှိ သူတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်ဝါရီလ(၄)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့နယ်ခြားစောင့်ရဲကင်းစခန်း(၄)ခုကို AAဘက်က စီးနင်းတိုက်ခိုက်ခဲ့အပြီး တပ်မတော်ဖက်က တန်ပြန်ထိုးစစ်ဆင်မှုတိုးပြီးလုပ်ဆောင်လာနေတာပါ။

ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်၊ မနေ့က နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းစစ်ဆင်ရေးလုပ်ဆောင်သွားဖို့ လိုအပ်ရင် လေကြောင်း အပါအဝင် တပ်အင်အားတိုးသုံးဖို့ကိစ္စကို နိုင်ငံတော်သမ္မတရုံး ကနေ စစ်ဖက်ကို ညွှန် ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်မြောက်ပိုင်းဒေသအတွင်းစစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုရင် တိုက်ပွဲတွေပြင်းထန် လာမှာဖြစ်ပြီး စစ်ဆင်ရေးဒေသကပြည်သူတွေအတွက် လုံခြုံရေးစိုးရိမ်စရာအနေအထားမှာရှိလာနိုင်သလို စစ်ဘေးရှောင်ဒုက္ခသည်တွေတိုးပွါးလာမဲ့အခြေအနေရှိလာမယ်လို့လဲ ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင် တွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG