သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ပြင်


၂၀၁၈ အောက်တိုဘာ ၂၄ တုန်းက မြန်မာ့အရေး လုံခြုံရေးကော်စီမှာ ဆွေးနွေးစဉ်
၂၀၁၈ အောက်တိုဘာ ၂၄ တုန်းက မြန်မာ့အရေး လုံခြုံရေးကော်စီမှာ ဆွေးနွေးစဉ်

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ နောက်ထပ် ၆ နိုင်ငံတို့က တောင်းဆိုလိုက်ကြပါတယ်။

ပြီးခဲ့တဲ့လထဲ မြန်မာနိုင်ငံကို ၁၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ တွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီမှာ ကြားနာဆွေးနွေးမယ့် အစီအစဉ်ကိုတော့ တရုတ်နိုင်ငံက ကန့်ကွက်မယ့် အလားအလာ ရှိနေကြောင်းလည်း သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ့် အစီအစဉ်ကိုတော့ အဖွဲ့ဝင် ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပိုလန်၊ ကူဝိတ်၊ ပီရူးနဲ့ ဒိုမီနီကန်သမ္မတ နိုင်ငံတွေလည်း ထောက်ခံထားကြပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အဖွဲ့ဝင် ၉ နိုင်ငံရဲ့ ထောက်ခံမှုရဖို့ လိုပေမဲ့ ဗီတိုအာဏာနဲ့ ပယ်ချခွင့်တော့ မရှိပါဘူး။ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးမယ့် အစီအစဉ်ကို တရုတ်နိုင်ငံက ကန့်ကွက်ဖို့ အလားအလာ ရှိပေမယ့် တရားဝင်မဲခွဲဆုံးဖြတ်ဖို့ ကြိုးပမ်းမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက် အစီရင်ခံစာ တင်သွင်းရာမှာလည်း တရုတ်နိုင်ငံက ကန့်ကွက်ဖို့ ကြိုးစားခဲ့ဘူးပေမဲ့ လုံလောက်တဲ့ မဲအရေအတွက်တော့ မရခဲ့ပါဘူး။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်နေကြသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာ ဖြစ်ကြောင်း ကတိပြုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG