သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ပုဏ္ဏားကျွန်းမြို့နယ်တွင်း ရဲစခန်းတိုက်ခိုက်ခံရ ရဲ ၉ ဦးသေဆုံး


စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို စနေညက ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပါတယ်။ AA တပ်နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေကလည်း ဒီကနေ့အထိ အပြင်းအထန် ဆက်ဖြစ်နေတာမို့ စစ်ပြေးဒုက္ခသည် တသောင်းကျော် ထွက်ပြေးနေရချိန် အခုလို ရဲစခန်းကို တိုက်ခိုက်မှုဖြစ်တဲ့အပေါ် ဒေသခံပြည်သူတွေကြား လုံခြုံရေးစိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။ ဒီစစ်ရေးပဋိပက္ခတွေကို စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြပါလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကူညီ ကယ်ဆယ်ပေးသူတွေက တိုက်တွန်းပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

မနေ့စနေညက ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အင်အားသုံး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ရသလို ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံး၊ တချို့ အပြင်းအထန် ဒဏ်ရာရခဲ့ကြပြီး ယိုးတရုတ်ရဲစခန်းတွင်းက လက်နက်တွေပါ ပျောက်ဆုံးနေပါတယ်။ အသေးစိတ် သတင်း သိရှိနိုင်ဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးတာဝန်ခံတွေကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

အခုတိုက်ခိုက်ခံရတဲ့ ရဲစခန်းတည်ရှိရာ ယိုးတရုပ်ကျေးရွာဟာ စစ်တွေ- ရန်ကုန် ကားလမ်း နဘေးတည်ရှိသည့် အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီး တရွာဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်းလုံခြုံရေးအတွက် ဒေသခံတွေကြား ပိုပြီးတော့မှ စိုးရိလာနေကြတယ်လို့ ရခိုင်ပြည်နယ် မြေပုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"ဒီနေ့ AA ဘက်ကဝင်တိုက်တဲ့ ယိုးတရုတ် ဆိုတဲ့ ရွာကြီးပေါ့နော် အိမ်ခြေတထောင်လောက်ရှိတယ်။ ပြီးတော့ အဲဒီမှာ ဈေးတွေရော ဘာတွေရော၊ စစ်တွေ ရန်ကုန်လမ်းမကြီးပေါ်မှာ ပုဏ္ဏားကျွန်းမြို့နယ်အထဲမှာပေါ့နော်။ စစ်ဘေးရှောင်တွေ အများကြီးရှိလာဖို့ အလားအလာရှိတယ်။ ကျနော်တို့ ဒုက္ခသည်တွေက ရာနဲ့ ချီပြီး တိုးလာမယ်ဆိုရင် မျက်ကွယ်ပြုထားလို့မရတဲ့ အခြေအနေမျိုးရှိတယ်လို့ ကျနော်တို့ကတော့ မြင်တယ်။ ကျနော်တို့ကလည်း အမြဲပြောနေတယ် AA ကလည်း ကမ်းလှမ်းထားတယ် ငြိမ်းချမ်းရေးစားပွဲမှာ တွေ့ဆုံပြီးတော့ ဆွေးနွေးပါဆိုတာကို အစဉ်တစိုက်တောင်းဆိုလာတဲ့ ကိစ္စပါ။ အဲလိုမဟုတ်ဘူးဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်က ထိလွယ်ရှလွယ် နိုင်ငံတကာကလည်း ကျနော်တို့ကို စောင့်ကြည့်နေတဲ့ အခြေအနေမျိုး ဖိအားပေးနေတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရနဲ့ ညှိနှိုင်းဖို့ အများကြီးလိုတယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။ "

ယိုးတရုတ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တနေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား လေကြောင်း ကပါ တိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေ ဖြစ်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ ပိုထိတ်လန့် လာနေကြတယ်လို့ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက သူ့သိထားသမျှကို အခုလိုပြောပြပါတယ်။

"ဒီနေ့ကတော့ ယိုးတရုတ် နဲ့ ၇ မိုင်လောက်ဝေးတယ်ပေါ့နော်။ မုတ်တောဆိုတဲ့ရွာပေါ့နော် အဲဒီမှာ တပ်မတော်ကနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာပေါ့နော်။ Helicopter တွေနဲ့ပေါ့နော် အဲလိုမျိုးတိုက်တာတွေ ရှိနေပါတယ်။ တိုက်ခိုက်ပြီးလို့ရှိရင် အဲဒီကို သူတို့ ရှောင်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေ ရချင်ရမှာပေါ့နော်။ ကျနော်တို့က ဘယ်လို စိုးရိမ်မှုရှိသလဲဆိုတော့ ဒီတိုက်ပွဲက ဆက်ပြီးတော့မှ ပိုမိုပြီးတော့ ပြင်းထန်လာတယ်။ နှစ်ဖက်အင်အားတွေလည်း အများအပြားဖြည့်လာတယ်ပေါ့နော်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာရှိတဲ့ကျေးရွာတွေက ဘယ်လိုမှ မလုံခြုံတော့ဘူးပေါ့နော်။ မလုံခြုံတဲ့အခါမှာ ဒေသခံတွေ ကျနော်တို့အပါအဝင်ပေါ့နော် အရမ်းကို စိုးရမ် နေကြတယ်။ အထူးသဖြင့်တိုက်ပွဲက ဒီထက်ပိုပြင်းလာပြီးတော့မှ ဒေသတခုလုံးကို အကုန်လုံး စစ်ဘေးကပ်ဆိုက်တဲ့ အခြေအနေမျိုးရောက်မှာကို စိုးရိမ်နေကြပါတယ်။"

အခုလို ရခိုင်တပ် AA ဘက်ကလည်း ရဲစခန်းကို စီးနင်းမှုအပါအဝင် စစ်ရေးတိုက်ခိုက်မှုတွေကို အရှိန်မြင့်လာသလို စစ်တပ်နဲ့ နယ်မြေခံ လုံခြုံရေးတပ်တွေဘက်ကလည်း စစ်အင်အားသုံး တိုက်ခိုက်မှုတွေ ပိုလုပ်လာမယ်ဆိုရင် ဒေသခံပြည်သူတွေကြား ပိုပြီးတော့ အထိနာ မှာဖြစ်လို့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ပြေလည်အောင် ဖြေရှင်းကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုက်တွန်းပါတယ်။

"ဘာပဲပြောပြော ဒါက သူတို့ရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေလို့ ကျနော်တို့ မြင်တယ်။ အဲဒီသတင်းက မဟုတ်ပါဘူး အနီးပတ်ဝင်းကျင် ကျောက်တော်၊ မြောက်ဦး ဒေသတွေမှာလည်း နေ့တိုင်းလိုပဲ ဖြစ်နေတယ်။ အခုက ကားလမ်းမပေါ်အထိ ရောက်လာပြီ ဒီ AA ဘက်ကလည်း အစွမ်းကုန် ထိုးစစ်ဆင်လာတယ်လို့ မြင်တယ်။ နောက်တပ်မတော်ဘက်ကလည်း ဒီဟာအပေါ်မှာ ပိုပြီးတော့ လက်တုံ့ပြန်မယ်ဆိုရင် ၊ ဒေသခံတွေအတွက် ကြောက်ရွံ့စရာ ရင်မအေးစရာ ၊ နောက်စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ တွေ့ကြုံရမှာဖြစ်ပါတယ်။ အခုလည်း သောင်းချီပြီးတော့ ဒုက္ခသည်တွေရှိနေပြီဆိုတော့ မိုးမကျခင် ဒီအတိုင်းဆိုရင်နောက်ထပ် သောင်းချီပြီးတော့ ရှိလာမယ်ဆိုရင် ဘယ်လိုကူညီမလဲ၊ ဒေသခံတွေကတော့ တတ်နိုင်သလောက် ကူညီကြပေမယ့် နိုင်ငံတော်ဘက်ကလည်း ပံ့ပိုးမှုအားနည်းပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အားနည်းတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အဖြေရှာမယ်ဆိုရင်တော့ ပြည်သူလူထုမျက်နှာကို ကြည့်ကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်။"

ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက နယ်ခြားစောင့်တပ်နဲ့ နယ်မြေခံရဲစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့ဘက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ အဲ့ဒီ့တိုက်ခိုက်မှုတွေနောက်ပိုင်း စစ်တပ်နဲ့ လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းမှုတွေထဲ ရိုဟင်ဂျာ မူဆလင်သိန်းချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရနဲ့ တပ်ဘက်ကတော့ အဲ့ဒီ့နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတာ ငြင်းဆန်ထားပါတယ်။

အခုလည်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AAဘက်ကလည်း ရဲစခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့လို့ ဇန်နဝါရီလတုန်းကလည်း ရဲတပ်ဖွဲ့ဝင် ၁၃ဦးအထိ အသက်ဆုံးခဲ့ရပါတယ်။ ဒီအပေါ် စစ်တပ်နဲ့ နယ်မြေခံ လုံခြုံရေးတပ်တွေဘက်က အင်အားသုံး လိုက်လံတိုက်ခိုက်နေပါတယ်။ လတ်တလော စစ်ဘေးသင့်ပြည်သူ တသောင်းကျော် ထွက်ပြေးနေကြရပြီး ဒီလိုနယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေကြား အတော်လေး စိုးရိမ်ထိတ်လန့်နေကြရတဲ့ အနေအထားဖြစ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG