သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ရဲယာဉ်တန်း တိုက်ခိုက်ခံရ ရဲနှစ်ဦး သေဆုံး


အောက်တိုဘာ ၂၀၁၆ တုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးရဲယာဉ်ကို တွေ့ရစဉ်
အောက်တိုဘာ ၂၀၁၆ တုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးရဲယာဉ်ကို တွေ့ရစဉ်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ မနေ့ညပိုင်းက ရဲတပ်ဖွဲ့ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရလို့ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ သင်ပုန်းတန်းကျေးရွာ ဘက်မှာလဲ လက်နက်ကြီး ကျည်ဆံပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို.နယ်အတွင်း ကြံခင်းကျေးရွာနဲ့ ပန်းနီလာ ကျေးရွာကြားမှာ မနေ့ဖေဖေါ်ဝါရီ (၂၇) ရက်နေ့ ညနေပိုင်း က ကျောက်တော် ဖက်က လာတဲ့ ရဲယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ပန်းနီလာကျေးရွာသား တဦးက ပြောပါတယ်။

“မနေ့က(၇)နာရီခွဲလောက် ကလေ ပေါက်သံကြားတယ်။ ကျောက်တော်ကနဲ့သူတို့ကား လေး ၊ငါးစီးလောက်သွား တယ်။ ရဲကားလို့ပြောတယ်။ ထိခိုက်မှုတော့ ကား(၂)စီး နာသွားတယ် ပြိုသွားတယ်လို့ပြောတယ်။ နောက်ပြီးရဲသား (၂)ယောက်လဲ သေဆုံးမှုရှိ တယ်လို့ပြောတယ်။ လက်နက်ကြီးသံလား ဗုံးသံလား မသိ ရွာအနားကျခဲ့လို့ပြောတယ်။ လက်နက်ကြီးနဲ့ဗုံးသံနဲ့ကျွန်တော်ခွဲလို့မရဘူးလေ။ အကုန်ကြားတာပေါ့။ AAလုပ်တယ် ဘာလုပ်တယ်မသိကြဘူး။ ဘယ်သူလုပ်တာလဲမသိဘူးအခု။"

အခုလို ရဲယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတာကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင် ကလည်း အတည်ပြုပြောဆိုပါတယ်။

“ပန်းနီလာကြားမှာ ဗုံးကွဲတယ်။ ဗုံံးပေါက်တယ် အဲတာတွေကြားတယ်။ နောက်ပစ် တာတွေကြားတယ်။ ပုဏ္ဏားကျွန်း မြို.နယ်မြောက်ဖက် ယိုးတရုတ်နဲ့ ပုဏ္ဏားကျွန်းကြား အလယ်မှာပေါ့။ ပုဏ္ဏားကျွန်း ကျောက်တော်လမ်းမှာပေါ့။”

ရဲယာဉ်တန်းတွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်ဟာ AA ရခိုင်တပ်မတော်လက်ချက်လို့ ဒေသခံ တွေက ယူဆနေပေမယ့် အခြေနေမှန်ကို သိရှိဖို့AA ပြန်ကြားရေးကို ဆက်သွယ်ပေမဲ့လည်း အဆက်အသွယ် မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ရသေ့တောင် ကျောက်တော် မြောက်ဦး ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွါးနေတာပါ။

တိုက်ပွဲဖြစ်ပွားအပြီး ကျန်ရစ်ခဲ့တဲ့ လက်နက်ကျည်တွေကြောင့် ဒေသခံရွာသားတွေရဲ့ အသက် အန္တရာယ် ဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။

မနေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာမှာ စစ်အတွင်း ကျန်ရစ်တဲ့ လက်နက်ကြီး ကျည်ပေါက်ကွဲမှု ကြောင့် ခမီတိုင်းရင်းသား လင်မယား နှစ်ဦး သေဆုံးသွားတယ်လို့ သင်ပုန်းတန်း အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ဒီအထက်သင်ပုန်းတန်းကနေပြီးတော့မှ တမိုင်ပတ်လုံးရှိတဲ့နေရာမှာ သူတို့က စားဝတ်နေရေး အတွက် ထင်းခွေရင်းနဲ့လက်နက်ကျည်ဆံလား၊ ဗုံးလား သူတို့မှာ ရွာမှာဆော့ဖို့ ဆိုပြီးမှလောင်း(လှေ)မှာ တင်ထား တာ။ အဲဒီကအပြန်မှာ အကွေ့နှစ်ကွေ့လောက် အရောက် အဲဒီမှာဘဲ ပေါက်ကွဲပြီးမှ တယောက်က ချက်ချင်းသေ သွားတယ် ယောကျာ်းက။ မိန်းကလေးကျတော့ အသက်ရှင်သေးတယ်။ ရှင်သေးတော့ ဆေးရုံကိုလာတဲ့ အခါမှာဘဲ ဆေးရုံမှာလဲမရောက်ဘူး။ မရောက်ခင်မှာဘဲ ဆုံးသွား ပါတယ် ခင်ဗျ။ အဲဒီလှေပေါ်မှာလူ(၄)ယောက်ပါတယ်။ သူ့ညီမက ဒဏ်ရာဒဏ်ချက် မရှိဘူး။ နောက်တယောက်ကလဲ ဒဏ်ရာဒဏ်ချက်မရှိဘူး။ သူတို့ကိုမေးကြည့်တော့ ငှက်ပျောဖူးနဲ့ တူတယ်လို့ ပြောတာဘဲ။ ဗုံးမဟုတ်ဘူး လက်နက်ကြီးနဲ့ တူတဲ့ ဗုံး ပုံစံမျိုးဖြစ်နေတယ်။”

သင်းပုန်းတန်းကျေးရွာဟာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲ ကြောင့် လူဦးရေ(၆၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်စခန်း တခုလဲဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွား နေပါတယ်။ ဖေဖေါ်ဝါရီ(၂၆)ညနေပိုင်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု တခုဖြစ် ပွားခဲ့ပြီး လူ(၁၀)ယောက် ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။

ဖေဖေါ်ဝါရီ(၂၅)ရက်ကလဲ ဘူးသီးတောင်မြို့စစ်ဆင်ရေးကွပ်ကွဲမှု စစ်ဌာနချုပ် စကခ(၁၅)တပ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်အရာရှိ ဇနီးသည်တဦးသေဆုံးခဲ့တယ်လို့ တပ်မတော်ပြောရေး ဆိုခွင့် ရှိသူကပြောပါတယ်။

ဒီပေါက်ကွဲမှုမှာ ရခိုင့်တပ်မတော်က လုပ်ဆောင်တယ်လို့ တပ်မတော်ဘက်က ပြောဆိုပေမဲ့ ရခိုင့်တပ်မတော် ဘက်က သူတို့ဘက်လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG