သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေး ပဋိပက္ခကြောင့် ရခိုင်စစ်ပြေး ဒုက္ခသည်ဦးရေ တသောင်းကျော်အထိ တိုးလာ


ရခိုင် ဒုက္ခသည်များ Photo Credit: Rakhine Ethnics Congress
ရခိုင် ဒုက္ခသည်များ Photo Credit: Rakhine Ethnics Congress

အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေတာမို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် စစ်ဘေးရှောင် ပြည်သူ တသောင်း ကျော်သွားပြီ ဖြစ်ပါတယ်။ အနီးနားကျေးရွာတွေမှာ ယာယီ ဒုက္ခသည် စခန်းငယ်လေးတွေ ပိုတိုးလာသလို စခန်းပေါင်း ၂၀ကျော်က စစ်ပြေး ဒုက္ခသည်တွေအတွက် အဓိက စားနပ်ရိက္ခာ နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေရဲ့ နောက်ဆုံး အခြေအနေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ အစိုးရ စစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲ ပြင်းထန်ပြီး စစ်ရေး တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ အခုလိုမျိုး စစ်ရေး ပဋိပက္ခတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတွေ အပါအဝင် ချင်း တိုင်းရင်းသားတွေနဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီးတော့ စစ်ရှောင် ဒုက္ခသည်တွေထဲက တချို့ကို လက်နက်ကိုင်တပ်နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး စစ်တပ်ဘက်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ရှိနေတဲ့ အတွက် သူတို့ဘေးကင်း လုံခြုံရေးအတွက် စိုးရိမ်နေကြရတဲ့ အနေအထား ဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်ပြင်းထန်လာနေတဲ့ အတွက် ဒီကနေ့အထိ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း အဖျားပိုင်း ဆင်သီကျေးရွာကို ဆင်သေဖျား ကျေးရွာမှ စစ်ဘေးဒုက္ခသည်တချို့ ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းကပြောပြပါတယ်။


ဒေသခံ ရခိုင်လူငယ်တွေရဲ့ စစ်တမ်း ကောက်ယူချက်အရတော့ စစ်ဘေး ရှောင်စခန်းငယ်လေးတွေ ပိုတိုးလာပြီး စခန်းပေါင်း (၂၀)ကျော်မှာ ဒုက္ခသည်ပေါင်း ၇၅၀၀ အထိရှိလာနေပြီ မြို့နယ်(၅)ခုထဲ တိုက်ပွဲတွေထဲ ပိတ်မိနေတဲ့ စစ်ဘေးသင့် ပြည်သူပေါင်း ၃၂၀၀ ကျော်ရှိတာမို့ စုစုပေါင်းက စစ်ဘေးဒုက္ခသည် ၁၀၇၀၀ အထိရှိသွားပြီဖြစ်တယ်လို့ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ထပ်တိုးလာတဲ့ နေရာက ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း အဖျားပိုင်း ဆင်သီကျေးရွာမှာ ဒုက္ခသည်စခန်း အသစ်တခု တိုးလာတာပါ။ အခုဆိုရင် ဒီစခန်းက အဲ့ဒီမှာ တခု တိုးတယ်ပေါ့နော်။ နောက် ထူးခြားတာ တခုက ဘာရှိသေးလဲဆိုလို့ရှိရင် တချို့က စခန်းကို မရောက်ဘဲနဲ့ ဒီတိုက်ပွဲတွေကြားမှာ ပိတ်မိနေတာတို့၊ နောက်ပြီးတော့မှ ဒီတိုက်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ရွာတွေပေါ့နော်.. အဲ့လိုမျိုး နေရာတွေမှာလည်း ရှိနေကြတယ်။ ဆိုတော့ အဲ့ဒီအရေအတွက်က ၃၅၃၀ လောက်ရှိတယ်။ အဲ့ဒါ နောက်ဆုံးအထိပဲ အမရေ။ အဲ့ဒီတော့ အကုန်လုံး ဒီစခန်းမှာရှိတဲ့ ၇၂၀၀ အကုန်လုံးတွေရယ်၊ နောက်ပြီးတော့မှ ဒီစခန်းမှာ မဟုတ်ဘဲနဲ့ ရွာတွေမှာပဲ ဒုက္ခရောက်နေတဲ့ လူတွေက ၃၅၃၀ ဆိုတော့ အကုန်လုံးက ၁၀၅၅၀ ဖြစ်သွားပါပြီ အမ။”

ယာယီ အဖြစ်လောက်ပဲ တည်ဆောက်ထားတဲ့ ရွက်ဖျင်တဲကလေးနဲ့နေထိုင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေထဲ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ လူမမည်ကလေးငယ်တွေနဲ့ နာမကျန်း ဖြစ်နေတဲ့ လူငယ်တွေပါတာမို့ မိုးသည်းထန်စွာ ရွာသွန်းတာ နေပူပြင်းတာစတဲ့ ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကို ခံနေကြရသလို စားနပ်ရိက္ခာနဲ့ ကျမ်းမာရေး စောင့်ရှောက်မှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေတဲ့ ကိုဇော်ဇော်ထွန်းက ဒုက္ခသည်တွေရဲ့ အခြေအနေ ရှင်းပြပါတယ်။

“လိုအပ်ချက်ကတော့ အဓိကတော့ စားနပ်ရိက္ခာဖြစ်မယ်။ နောက်တခါ လိုတာကတော့ မြောက်ဦးမြို့နယ်က လွဲပြီးတော့ ကျန်တဲ့မြို့တွေက စခန်းတွေက ယာယီတဲလေးတွေနဲ့ နေတာဖြစ်တယ်။ သူတို့က ၅ ပေ ၆ ပေ ပတ်လည် တာလပတ် အမိုးအကာတွေနဲ့ နေရတာဆိုတဲ့အခါကျတော့ ရာသီဥတုပူတဲ့ အခါမှာ အရမ်းပူတယ်။ ဒီရက်ပိုင်းက မိုးရွာတယ်ဆိုတော့ ပူလိုက်အေးလိုက် ဖြစ်တာပေါ့နော်။ အဲ့တော့ တော်တော်များများက ချောင်းဆိုးတယ်၊ နှာစေးတယ်၊ ဖျားတယ်။ ဒီလို ရောဂါတွေ အများကြီး ဖြစ်နေကြတယ်။

ကျန်းမာရေး စောင့်ရှောက်မှုကလည်း ဘယ်လို အခြေအနေရှိလဲ ဆိုတော့ တချို့ဒီနယ်တွေ ကျောက်တော်-ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ကျောက်တော်တို့ ဒီစခန်းတွေမှာကျတော့ ဒီအချိန်ပိုင်းလေး သူနာပြုတွေက လာပြီးတော့မှ ကြည့်ပေးတာ ရှိတယ်။ ဒါပေမဲ့ တချို့ အတွင်းပိုင်း စခန်းတွေမှာ ကျတော့ အစိုးရဘက်ကလာပြီး ကျန်းမာရေးဌာနကသော်လည်းကောင်း လာပြီးမှ ကြည့်ရှုတာ မရှိတော့ဘူးပေါ့နော်။ အဲ့လို ဖြစ်နေပါတယ်။ နောက် INGO ဆိုလို့ရှိရင်လည်းပဲ ICRC အဖွဲ့ကနေပြီးတော့မှ မြောက်ဦးမြို့ပေါ်နဲ့ ဒီနယ်မြေတချို့မှာ သူတို့က အိမ်သာ ဆောက်ပေးတာတို့၊ နောက်ပြီးတော့မှ မိသားစုသုံး ပစ္စည်းတွေပေါ့လေ၊ အဲ့ဒါတွေကို တချို့ဝေတာတွေ ဘာတွေရှိပါတယ်။”

ဒီကနေ့အထိ ပုဏ္ဍားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာတဝိုက် ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အနီးနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးကင်းရာ အသက်လုပြေးနေကြရဆဲပဲလို့ ပြောပြပါတယ်။

“၃ နေရာမှာ ဖြစ်တာပေါ့နော်။ ပထမတနေရာက မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း အထက်မှာရှိတဲ့ သားပေါက်ဆိုတဲ့ ရွာပေါ့နော်… အဲ့ဒီမှာ ဖြစ်တယ်။ နောက်ထက်တခါ နေပြီးတော့မှ ပုဏ္ဍားကျွန်းမြို့နယ် ကားလမ်း အထက်မျက်လှဲရွာပေါ့နော် အဲ့ဒီက အနောက်ဘက် ၂ မိုင်လောက်အကွာ ဖြစ်တယ်။ နောက်ထပ် တခါနေပြီးတော့မှ ဒီဘူးသီးတောင်ကားလမ်းမှာ ရှိတဲ့ ရွာပေါ့နော်… အဲ့ဒီရွာရဲ့မြောက်ဘက်မှာ တခါထပ်ဖြစ်တယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒုက္ခသည်တွေ အနေအထားကလည်းပဲ ပြန်လျော့သွားဖို့ အခြေအနေမရှိဘဲနဲ့ ဆိုးလာဖို့ အခြေအနေပဲ ရှိပါတယ်။”

အကျပ်အတည်း စိန်ခေါ်မှု ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်တွက် ဒေသဖွံ့ဖြိုးရေး တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်ကြဖို့ အရေးကြီးနေပြီလို့လည်း နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ကူညီပေးနေသူတွေက တိုက်တွန်းပါတယ်။ လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်နဲ့ နယ်ခြေခံ လုံခြုံရေးတပ်တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ မူဆလင်သိန်းချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်နေရဆဲ အခြေအနေမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ရခိုင် ဒေသခံတချို့ပါ ဘင်္ဂလားနယ်စပ်ဘက် တွေအထိ တိမ်းရှောင်နေကြရတဲ့ အနေအထား ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG