သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တရက်တည်း ဒေသခံထောင်ချီထွက်ပြေး


ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံများထွက်ပြေး (ဓါတ်ပုံ ခရက်ဒစ်- Khine Murn Chun)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံများထွက်ပြေး (ဓါတ်ပုံ ခရက်ဒစ်- Khine Murn Chun)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မနေ့ ညပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြီးမှာပဲ ရွာ သား(၂၅၀၀)ခန့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေနဲ့အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း တချိန်တည်း တပြိုင်တည်းမှာ စစ်ဘေးတိမ်းရှောင်ရသူ ပမာဏအများဆုံးဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

မနေ့က တနင်္လာနေ့ညဘက် မြောက်ဦးမြို့နယ် ဘုရားကြီးနှင့် မော်ရွာဟောင်းအကြားဖြစ်ပွားတဲ့ မြန်မာစစ်တပ်နဲ့ AAတို့တိုက်ပွဲကြောင့် ရွာသား(၂၅၀၀)လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကိုအကူညီ ပေး နေတဲ့ မြောက်ဦးမြို့ မြတန်ဆောင်းကျောင်း သံဃာတော်တပါးက အခုလိုမိန့်ကြားပါတယ်။

“စစ်ဘေးရှောင်က အခုမြတန်ဆောင်းမှာ(၅၀၀)လောက်ရှိပါတယ်။ ပြီးရင် တခြားသျှစ်သောင်းကျောင်းမှာလဲ ရောက် နေ တယ်လို့သိရပါတယ်။ အဲတာညကဖြစ်တဲ့စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေအရေအတွက်ပါ။ (၂၅၀၀)လောက်ရှိရှိမယ်။”

မတ်လ ၄ ရက် ညနေ ၇ နာရီကျော်က ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဘုရားကြီးရွာ မော်ရွာသစ် မော်ရွာဟာင်းက ရွာ သားတွေဟာ စင်းဘောကိုင်းကျေးရွာနဲ့ မြောက်ဦးမြို့နယ် မြတန်ဆောင်းကျောင်း ၊သျှစ်သောင်းဘုန်းကြီး လက် ကောက်ဈေး ဘုန်းတော်ကြီးကျောင်း ၊ဘုရားပေါ်ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေကြရတာပါ။

စစ်ဘေးရှောင်ရွာသားတွေ တဖွဲဖွဲရောက်နေဆဲဖြစ်ပြီး မနက်ဖန်မနက်အထိ ထပ်ရောက်နေမယ်လို့လဲ ရခိုင်အရေးပေါ် ကူညီပေးရေးအဖွဲ့ဝင်တွေကပြောပါတယ်။

လက်ရှိစင်းဘောကိုင်းရွာမှာစစ်ဘေးရှောင်ဦးရေ(၁၇၀၀)လောက်ရောက်ရှိနေတယ်လို့ ရခိုင်အရေးပေါ် အကူညီပေး ရေးအဖွဲ့က ကိုခိုင်မင်းသျှင်ကပြောပါတယ်။

“စစ်ရှောင်ဦးရေက(၁၇၀၀)ကျော်လောက် ရှိမယ်။ သူတို့က ခုလောလောဆယ်က ဘုန်းကြီးကျောင်း စာသင် ကျောင်းတွေမှာနေရာချထားတယ်။ စားသောက်နေထိုင်ရေး ကကျတော့ နည်းနည်းအခက်ခဲရှိတာပေါ့။ သူကမြို့နဲ့ နည်းနည်း အလှမ်းဝေးတယ်လေ။ အဲဒီဘက်ကျတော့ ဘယ်သူမှမသွားရဲကြတဲ့ အခြေအနေတခုဖြစ်နေလို့။”

မနေ့ညက ချိတ်ချောင်းကျေးရွာအုပ်စု ဘုရားကြီးရွာဖက် မြန်မာစစ်တပ်နဲ့ရခိုင် AAတပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေကိုတော့ ကိုယ်တိုင်စစ်ဘေးတိမ်းရှောင်နေရသူလဲဖြစ် မကြာသေးခင်ကကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ခဲ့သူတဦးဖြစ်တဲ့ ဦးမောင်သိန်းထွန်း က အခုလိုပြောပါတယ်။

“(၇)နာရီကျော်ကျော်လောက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ဒီရခိုင်AAစစ်တပ်နဲ့ မြန်မာစစ်တပ်နဲ့ အဲဒီလို ဖြစ်တယ်။ မြန်မာစစ်တပ်ရောက်နေတာတော့ ကျွန်တော်တို့သိတယ်။ စစ်တပ်ကနေတာကတော့ ကျွန်တော်တို့ ဘုရားကြီးရွာမှာ ဘုန်းကြီးကျောင်းမှာ။ AAကတော့ တောင်တွေ တောမှာဘဲရှိမှာပေါ့။ လက်နက်ကျည်ဆံရတယ်။ နောက်တအိမ်ကတော့ အမိုးမြင့်ပေါက်သွားတယ်။ မော်ရွာဟောင်းက။ ထိခိုက်မှုကကျွန်တော်တို့ အခုမပြောသေး ဘူးလေ။ ကျွန်တော်တို့ကလည်း မနက်မိုးလင်းတာနဲ့အကုန် မော်ရွာဟောင်း မော်ရွာသစ် ဘုရားကြီးလူဦးရေ(၁၀၀၀) ကျော်လောက် အခုစင်းဘောကိုင်းမှာကျွန်တော်တို့မှာလေ။ အဲဒီရွာ(၃)ရွာမှာ လူတယောက်မှမကျန်ဘူး။”

မနေ့ကတိုက်ပွဲဖြစ်စဉ်မှာ မြန်မာ့တပ်မတော်က ဘုရားကြီးကျေးရွာ ရွာဘုန်းကြီးကျောင်း မှာနေရာယူပြီး လေးမြို့မြစ် တဖက်ကမ်း မော်ရွာအစပ်နားမှာရှိတဲ့ ရခိုင့်တပ်မတော် နဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲအပြီးလေးမြို့ မြစ်တလျောက်မှာရှိတဲ့ ရွာသားတွေကလဲ စစ်ဘေးတိမ်းရှောင်လာနေကြတာပါ။

တိုက်ပွဲအတွင်း လူနေအိမ်ခြေတွေထိခိုက်မှု ရှိခဲ့ပြီးလက်ရှိ တိုက်ပွဲဖြစ်ပွားရာရွာအတွင်း မြန်မာစစ်တပ်ကနေရာ ယူ ထားတာကြောင့် ရွာသားတွေထွက်ပြေးလာရတာ ဖြစ်တယ်လို့စစ်ရှောင်တဦးကပြောပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပက်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးကိုဆက်သွယ်ရာမှာ ဆက်သွယ်လို့မရရှိခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက် သွယ်မေးမြန်းရာမှာ ခရီးလွန်နေလို့ အခြေအနေတွေကိုမသိရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ဘာမှမသိသေးလို့။ မေးတဲ့ဟာလဲကျွန်တော်ဖြေနိုင်မှာမဟုတ်ဘူး။ ကျွန်တော် အခြားတနေရာကို ရောက် နေလို့ပါ။ အကိုတို့မေးတဲ့မေးခွန်းကိုလဲ ကျွန်တော်တိုင်းတို့ ဘာတို့ပြန်မေးနေ ဘာညာနဲ့ဆိုတော့ ဟိုဟာဖြစ်လို့ပါ။"

ရခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံခိုင်သုခကလဲ တိုက်ပွဲသတင်း အချက်အလက်တွေ သူ့ဆီ မရောက်သေး ကြောင်းပြောဆိုပါတယ်။

မတ်လ(၃)ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ဥဿလင်းချောင်းအနောက်ဖက် ခန်ခတောင်ကြော ဖက်မှာ မြန်မာစစ်တပ်နဲ့AAတို့အကြားတွင်ပွဲဖြစ်ပွားခဲ့သလို အဲဒီနေ့မှာလည်း ရသေ့တောင်မြို့နယ်၊ရေစိုးချောင်းရွာအနီးမှာ ရေစိုးချောင်းဗျူဟာမှ စစ်ကြောင်းတခုနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လဲ ရခိုင့်တပ်မတော်ဘက်က သတင်း ထုတ်ပြန် ထားပါတယ်။

မနှစ်က နိုဝင်ဘာလနဲ့ ဒီနှစ်မတ်လအထိ မြန်မာ့တပ်မတော်နဲ့ AAရခိုင်လက်နက်ကိုင် အဖွဲ့တို့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်(၅)မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းစစ်ဘေးရှောင်ဦးရေ တသောင်း ဝန်းကျင် ရှိလာနေပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG