သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ


ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ
ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား တိုက်ပွဲတွေ ပိုပြင်းထန် လာသလို အရပ်သား ထိခိုက်သေကြေမှုတွေလည်း ပိုဖြစ်လာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျေးရွာသားအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို ဒေသခံတွေကပြောပါတယ်။ ရခိုင် တိုက်ပွဲ နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့နဲ့အင်္ဂါနေ့မှာ ရသေ့တောင်နဲ့မြောက်ဦးမြို့နယ်ဖက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲစဉ်တွေနဲ့ပက်သက်လို့ရခိုင့်တပ်မတော် AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ရသေ့တောင်မြို့ရဲ့အနောက်ဖက် မယူကမ်း မင်းဖူးရွာနဲ့နော်ဝေရွာကြားမှာ မနက်(၁၀)နာရီနဲ့ (၂၀)မိနစ်က စပြီး တော့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ တိုက်ပွဲပြီးသွားတော့နောက်ပိုင်းမှာ ဗမာစစ်တပ် ကနေပြီးတော့ အဲဒီ မင်းဖူးရွာထဲကို ဝင်လာပြီးတော့မှ အဲဒီမှာအိမ်တွေကို အကုန်လုံး သေနတ် တွေနဲ့လိုက်ပြီးတော့ ပစ်တာရှိတယ်။ မနေ့ကမြောက်ဦးမြို့ နယ် မကျားဆည်ရွာ မြောက်ဖက်တောင်တန်း ပေါ်မှာဖြစ်တာ။ အဲဒီမှာလဲ ဗမာစစ်တပ်ဖက်ကအကျဆုံးများတာရှိ တယ်။ မနေ့ကနေပြီးတော့ သူတို့helicopter နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်။ (၁၉)ရက်နေ့ မှာတော့ တိုက်ပွဲ(၃)နေရာ ဖြစ်ခဲ့တယ်။ မြောက်ဦးမြို့နယ်ထဲမှာ။ အဲဒီရန်အောင်မြင်နားမှာတနေရာ အဲဒီ မကျားဆည်ရွာ မြောက်ဖက်တောင်တန်းပေါ်မှာတနေရာ နောက်ပြီးတော့ဒီ ည(၈)နာရီခွဲလောက်မှာ အဲဒီကျောက်ကြပ်ရွာအနားမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ဗမာ့တပ်မတော် ဖက်က စစ်ကူလာတဲ့ကားကို ကျွန်တော်တို့ဖက်က ပစ်တာရှိတယ်။ အဲဒီ တိုက်ပွဲစဉ်တလျှောက်လုံးမှာ ဗမာစစ်တပ် ဖက်က အရာရှိတွေအပါအဝင်(၃၀)ထက်မနည်း ကျွန်တော်တို့ဖက်က တုံ့ ပြန်နိုင်ခဲ့တယ်။ ရခိုင့်တပ်မတော်ဘက်ကတော့ ရဲဘော်(၃)ဦးကျဆုံးပြီးတော့ RPG တလက်ဆုံးရှှုံးသွားတာရှိတယ်။”

မြောက်ဦးမြို့နယ်က ရန်အောင်မြင်ဘက် တိုက်ပွဲဖြစ်စဉ်အတွင်း ရွာသား(၃)ဦး အသတ်ခံထားရတယ် လို့လဲ ခိုင်သုခက ပြောပါတယ်။

မနေ့က ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ် တဦးနဲ့ အမျိုးသမီးတဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှအေးထွန်း ကပြော ပါတယ်။

“ကျွန်တော်တို့ရွာနဲ့ပေ(၃၀၀)လောက်က မိုင်းတလုံး ပေါက်ပါတယ်။ ရွာအတွင်းပေ(၁၀၀) လောက်က တလုံးပေါက် ပါတယ်။ နောက်တော့ တနာရီလောက် စစ်တပ်ဆိုက်ရောက် လာပါတယ် ရွာထဲကို။ ရွာထဲကို တနာရီလောက် ဆိုက် ပြီးတော့ ကျွန်တော်တို့ရွာသားကို မိန်းမတွေရော ယောကျ်ားတွေရော အကုန်လုံးခေါ်ပြီး တနေရာစုထားတယ်။ ကျွန်တော်တို့၂ နာရီ(၃၀)လောက်မှာ အသက်(၁၈)နှစ် ကလေးမတယောက်သေတယ်လို့ပြောတယ်။ ပြီးတော့ဒဏ်ရာရ သူကနှစ်ယောက်။ အသက်(၄)နှစ်တယောက်။ အသက်(၃၀)ကျော်လောက် တယောက်။ အခုစစ်တွေဆေးရုံမှာသွား ပါတယ်။ တိုက်ပွဲဖြစ်တယ်လို့ကျွန်တော်တို့မသိပါ။ ပေါက်တာတော့အလုံးကြီးကျတယ်။”

မင်းဖူးကျေးရွာသားတဦးကတော့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာမျိုး မဟုတ်ဘဲနဲ့ မြန်မာစစ်တပ်က ရွာအတွင်းကို ဝင်လာပြီး ပစ်ခတ်တာတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ဘူး။ ရွာနားရောက်တော့ သူတို့အုပ်စု ခွဲလိုက်တယ်။ ခွဲပြီးတော့ တချို့ကရွာမှာ နေရာယူတယ်။ ကျန်တဲ့ နှစ်ယောက်သုံးယောက်က အပြင်မှာကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ သူတို့နှစ်ယောက် ဆီမှာဘဲ အဲဒီမှာလက်နက်က ပေါက်တယ်။ လက်နက်ပေါက်တာပြီးတာနဲ့ အဲတာမှာ မိုင်းပေါက်တယ် ဆိုပြီးတော့ သူတို့ပြောပြီးတော့ ရွာနားကိုလှမ်းပစ်တယ်။ လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်။ ရွာသားတွေကြောက်လန့်အောင် အဲဒီလိုမျိုးလှမ်းပစ်တော့ ကောင်မလေးက ထိသွားတယ်။ ပြီးတော့ရွာထဲမှာရှိတဲ့ ရွာသူရွာသားတွေ အကုန်လုံး အပြင်ထုတ်ခိုင်းတယ်။ ရွာသား တွေသူတို့ကြိုးနဲ့တုတ်ပြီးတော့ ဖမ်းထားတာတွေရှိတယ်။ ပြီးတော့ တချို့ ဆိုရင်မှောက်ခုံမှောက်ပြီးတော့ သူတို့ကို နေပူပြင်မှာ ဒီအတိုင်းဘဲထားတာရှိတယ်။ တချို့ဆိုရင်ရိုက်နှက်ပြီးတော့ ပုတ်ခတ်တာတွေရှိတယ်။”

ဒီကနေ့မှာလဲ ကျောက်တော်မြို့နယ်ဘက်မှာ ပစ်ခတ်သံကြားနေရတယ်လို့ ကျောက်တော်မြို့နယ် ဒေသခံ တဦးကပြောပါတယ်။

ဒီရက်ပိုင်းရသေ့တောင်နဲ့ကျောက်တော် မြောက်ဦးမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူးဗိုလ်မှူး ချုပ် ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“(၁၉)ရက်နေ့နဲ့(၂၀)ရက်နေ့မှာ ဆက်ပြီးတော့မကြာမကြာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒီAAရဲ့ လေ့ကျင့်ရေးစခန်းတွေ ဆောက်တယ် ။ နယ်မြေတည်ဆောက်တယ်ဆိုတဲ့နေရာ ကျောက်တော်ဘက်မှာ ရှိနေတာပေါ့။ အဲဒီနေရာမှာ တိုက်ပွဲဆက်ဖြစ်ပါတယ်။ တိုက်ပွဲဆက်ဖြစ်ပြီးတော့ အဲဒီနေရာကကျွန်တော်တို့ AAနေရာအကုန်လုံးတော့ ကျွန်တော်တို့သိမ်းပိုက်ရပါတယ်။ (၂၀)ရက်နေ့တော့ဟုတ်တယ်။ ဖြစ်ခဲ့တာရှိတယ်။ ရသေ့တောင်ရဲ့ ဟိုဖက်တဖက် ကမ်းပေါ့။ မင်းဖူးရွာမှာဖြစ်ခဲ့တာရှိတယ်။ ဖြစ်စဉ်ကတော့မင်းဖူးရွာရဲ့ရွာအဝင်တံတားမှာ ကျွန်တော်တို့မိုင်းခွဲတိုက် ခိုက်တယ်။ မိုင်းခွဲတိုက်ခိုက်တဲ့ အတွက်ကြောင့် AAသောင်းကျန်းသူ(၁၀)ယောက်လောက် အဲဒီလိုမိုင်းခွဲတိုက်ခိုက်ခဲ့ တယ်။ ပြီးတော့က ပစ်ပြီးတော့ ဒါ ရွာထဲဝင်ပြေးတယ်။ တပ်က ပစ်တဲ့နေရာနဲ့ရွာနဲ့တော့နည်းနည်းလေး လှမ်းတယ်ဗျ။ အဲဒီမှာ တော့ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး။ အရပ်သားတယောက်တော့ မရီရီစိုး အရပ်သားတယောက်တော့ ကျည်မှန်ပြီးတော့ထိခိုက်ဒဏ်ရာရတာ သေသွားတာမရှိဘူး။ အဲဒီမှာ ဟိုတပ်ကနေပြီးတော့ပစ်တာလို့စွပ်စွဲနေတာရှိတယ်။ တပ်ဖက်ကသုံးသပ်ချက်အရကလဲ ရွာထဲကိုဝင်ပြေးတယ်။ ရွာထဲကနေပစ်တဲ့အချိန်မှာ ဟိုဖက်အဖွဲ့AA အဖွဲ့ ပစ်တဲ့ ကျည်ကြောင့် သေတယ်လို့တော့တပ်ကနေသုံးသပ်ထားတယ်။ လုံခြုံရေးအရစစ်ဆေးမှုတွေဆောင်ရွက်ခဲ့တယ်။ အဲဒီဟာနဲ့မသင်္ကာဖွယ်၂ ယောက်တော့ ကျွန်တော်တို့ဖမ်းမိထားပြီးအခုစေတီဖြူရဲစခန်းမှာ စစ်နေတယ်။”

မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွား မှုဟာ ကျယ်ပြန့်လာသလို တိုက်ပွဲတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးမှုဖြစ်ပွားနေပြီး ရွာသား(၇၀၀၀)ကျော်ဟာလဲ စစ်ဘေး တိမ်းရှောင်နေရပါတယ်။

မြန်မာ့တပ်မတော်ကနေ စစ်တိုင်း(၅)တိုင်းမှာ (၄)လတာအပစ်ရပ်စဲသွားမယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ ရခိုင်ဒေသ ဘက်မှာ အကြုံးဝင်မှု မရှိလို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေပါတယ်။

ဒါအပြင် အပစ်ရပ်ကြေညာထားတဲ့ဒေသတွေဘက်မှာလဲ ရှမ်းပြည်နယ်ဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ တောင် ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSA ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့နဲ့လဲ ဒီရက်ပိုင်းအတွင်း တိုက်ပွဲကြိုကြား ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG