သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း တိုက်ပွဲများ ဆက်ဖြစ်ပွားနေ


ရခိုင်မြောက်ပိုင်းနယ်ခြားစောင့်တပ် ကင်းစခန်း
ရခိုင်မြောက်ပိုင်းနယ်ခြားစောင့်တပ် ကင်းစခန်း

ဇန်နဝါရီလ ၁၀ ရက်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဘူးသီးတောင် မောင်တောနယ်အစပ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့AAတို့အကြားတိုက်ပွဲတွေဖြစ်နေဆဲပါပဲ။ ဒီမနက်ရသေ့တောင်မြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲ အတွင်း ဒေသခံရွာသားတွေ စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသတွင်းအကူညီပေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်း အိန်ကနေသတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ရခိုင်ပြည်နယ်ဘက်မှာ ဒီကနေ့မနက်မှာလဲ ရသေ့တောင်မြို့နယ်အစပ်ဒေသမှာ မြန်မာ့ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့AAတို့အကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့ အဲဒီဒေသကိုရောက်နေတဲ့ သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“(၉)နာရီ(၁၀)မိနစ်လောက်က ကျွန်တော်တို့ကယ်ဆယ်ရေးသွားပေးဖို့ထွက်လာတော့ ရသေ့တောင်မြို့နယ် ပဲသလူ ရွာအနားမှာတိုက်ပွဲအခုထက်ထိဖြစ်နေတယ်။ သေနတ်သံတွေကြားတယ်။ လက်နက်ကြီးတွေနဲ့တိုက်တယ်။ ကျွန် တော်တို့ကရှေ့ကိုတိုးပြီးတော့မသွားဘူး။ ကျွန်တော်တို့ခေါင်းပေါ်မှာတောင် ဟိုက်စကီးတွေ သွားနေတာရှိတယ်။ ရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ဖြစ်နေတာကြားတယ်။ ရွာနဲ့တော့ တမိုင်ပတ်ဝန်းကျင်လောက်ဝေးတယ်။”

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ခရုချောင်းဒေသ ပဲသလူရွာနဲ့တမိုင်ကျော်ကျော်ရှိနေတဲ့အတွက် ဖြစ်စဉ်အခြေအနေကို မသိရသေးဘူးလို့သူကဆိုပါတယ်။

ပဲသလူရွာအနားမှာဖြစ်တဲ့တိုက်ပွဲကြောင့် ရွာသားတွေဟာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ သက်ပြေကျရွာ ဘုန်းကြီး ကျောင်းတွေကို တိမ်းရှောင်နေရတယ်လို့ သက်ပြေကျရွာစစ်ရှောင်တွေကိုအကူညီသွားပေးနေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံးအဖွဲ့ဝင်တဦးကအခုလိုပြောပါတယ်။

“တပ်မတော်စစ်ကြောင်းတခုက အဲဒီခရုချောင်းဘက်ကိုတက်သွားကြတာပေါ့နော်။ မကြာခင်မှာဘဲလက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ်။ အဲဒီအနီးအနားဒေသခံတချို့မိသားစုတွေက ဘုန်းကြီးကျောင်းတွေမှာလာပြီးတော့ ခိုလှုံလာကြတာပေါ့။ ဒီသက်ပြေကျရယ် နောက်ပြီးတော့ ပဲသလူတွေပေါ့နော်။ အဲဒီဘုန်းကြီးကျောင်းမှာ လာခိုနေကြပါတယ်။”

ရသေ့တောင်မြို့နယ်က သက်ပြေကျရွာမှာ ၂၀၁၈ခုနှစ်က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ရှောင်(၂၀၀)ကျော်ခိုလှုံနေတဲ့ စစ်ရှောင်စခမ်းတခုလဲဖြစ်ပါတယ်။

ဒီနေ့ကြာသပတေးနေ့မှာဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေမသိရသေးပေမယ့် မနေ့ကဗုဒ္ဓဟူးနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောနယ်အစပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကိုတော့ ရခိုင်တပ်မတော် AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကအခုလိုပြောပါတယ်။

“ဇန္နာဝါရီလ(၉)ရက်နေ့မှာတော့ ထိတွေ့မှုတခုရှိတယ်ဗျ။ အဲဒီမှာ ည(၇)နာရီကနေ(၉)နာရီအထိပေါ့လေ။ အဲဒီမှာ မောင်တောမြို့နယ်အတွင်းက နေရာတခုမှာတိုက်ပွဲဖြစ်တာရှိတယ်။ ဘူးသီးတောင်နဲ့မောင်တောနယ်စပ်ပေါ့။ အဲဒီမှာ ရန်သူ့ဖက်က(၃)ဦးကျဆုံးတာရှိတယ်ဗျ။ လက်နက်ခဲယမ်းစစ်အသုံးဆောင်ပစ္စည်းတွေလဲ ကျွန်တော်တို့သိမ်းဆီးရမိ တာရှိတယ်။ နောက်ရိက္ခာလဲသိမ်းဆီးရမိတာရှိတယ်ဗျ။ ကျွန်တော်တို့ထိခိုက်ကျဆုံးမှုဘာမှမရှိဘူးဗျ။ ဒီမနက်မှာလဲ ကြိုကြား ကြိုကြားပစ်ခတ်မှုတွေကတော့ဆက်ပြီးရှိနေဆဲပဲဗျ။”

ဒီလိုတိုက်ပွဲဖြစ်ပွားနေမှုမှာ တပ်မတော်ဘက်ကထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ AAဘက်က ပြောဆိုမှုနဲ့ ပက်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလိုတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ တပ်မတော်ဖက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးသလို ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရသူအပါအဝင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွဲဘက်အတွင်းရေးမှူးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ စစ်အင်အားတွေတိုးချဲ့လာသလို တိုက်ပွဲတွေဆက်လက်ပြင်းထန်လာမဲ့အခြေအနေကြောင့် ဒေသခံတွေအတွက် စိုးရိမ်စရာအခြေအနေရှိနေတယ်လို့ ရခိုင်ပြည်နယ်အရပ်ဖက် အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးဇော်ဝင်းကပြောပါတယ်။

“အစိုးရဘက်ကတပ်တွေကအတော်များများမြင်ရတယ်ဗျ။ တိုက်ပွဲတွေအများကြီးဖြစ်ပွားမယ့် လက္ခဏာတွေဘဲ။ အဲဒါကြောင့် စစ်ပွဲတွေအများကြီးဖြစ်မယ်။ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ လူသားအရင်းအမြစ်တွေ ဆုံးရှုံးမယ်။ ပြီးရင် ဒေသခံပြည်သူတွေ စစ်ဘေးဒဏ်ကို တော်တော်များများခံရမယ်။ ”

၂၀၁၈ နိုဝင်ဘာလကုန်ကစပြီး ၂၀၁၉နှစ်သစ် ဒီကနေ့အထိ မြန်မာစစ်တပ်နဲ့AAလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် အပါအဝင် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက် မှာ ရွာသား(၅၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ဇန္နာဝါရီလ(၄)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့နယ်ခြားစောင့်ရဲကင်းစခမ်း(၄)ခုကို AAဘက်က စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်(၁၃)ဦးကျဆုံးခဲ့ပြီး လက်နက်(၄၀)ခန့်ဆုံးရှုံးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်၊ နိုင်ငံတော် သမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာ မှာ AA ရခိုင် လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းစစ်ဆင်ရေးလုပ်ဆောင်သွားဖို့ လိုအပ်ရင်လေကြောင်း အပါအဝင် တပ်အင်အား တိုးသုံးဖို့ကိစ္စကို နိုင်ငံတော်သမ္မတရုံးကနေ စစ်ဖက်ကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG