သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ရဲကင်းများ တိုက်ခိုက်ခံရမှုနဲ့ နောက်ဆုံးအခြေအနေ


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဒေသပတ်ဝန်းကျင်က နယ်ခြားစောင့် ရဲကင်းစခန်းလေးခု ကို ရခိုင်လူမျိုးစု လက်နက် ကိုင်အဖွဲ့ AA က တိုက်ခိုက်ခဲ့တဲ့ အခြေအနေအရပ်ရပ်၊ တိုက်ခိုက် ခံရသူတွေကိုယ်တိုင်နဲ့ ဒေသခံတွေရဲ့အမြင်တွေ၊ တာဝန်ရှိသူ တွေရဲ့ တုန့်ပြန်ချက်၊ ဒီဖြစ်ရပ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့အခြေအနေတွေ၊ ရခိုင်ပြည်မှာ စစ်ရေး ပဋိပက္ခ ပိုပြီး ကြီးထွားမလာရေး အကြံပြုချက် စတာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီဒေသ ကို ကိုယ်တိုင်သွားပြီး သတင်းရယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အထူး သတင်းဆောင်းပါး အဖြစ် စုစည်းတင်ဆက်ထားပါတယ်။

ဇန်နဝါရီလ ၄ ရက်၊ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ မနက်စောစောမှာ “ရက္ခိုင့် တပ်မတော် AA” အဖွဲ့က လူသူ လက်နက် အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်းက နယ်ခြားစောင့် ရဲကင်းစခန်း လေးခု ထဲမှာ ခထီးလှကင်းစခန်းလည်း အပါအဝင်ပါ။

အဲဒီစခန်းကို ဇန်နဝါရီလ ၇ ရက်နေ့မှာ ဗွီအိုအေနဲ့ သတင်းဌာနတချို့ သွားရောက် ခွင့်ရ ခဲ့ပြီး စခန်းတာဝန်ခံ ဒုရဲအုပ်တင့်နိုင်ထွန်းနဲ့ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ ဒီစခန်းမှာ သူတာဝန်ကျတာ ခုနစ်လကျော်ပဲရှိသေးပြီး ဒီလောက်ထိ ကြီးမားတဲ့တိုက်ပွဲမျိုးနဲ့ အရင် က မကြုံဖူးဘူးလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ဒုရဲအုပ်တင့်နိုင်ထွန်းက ရှင်းလင်းပြောပြပြီးတဲ့နောက် ဒီလိုတိုက်ခိုက်ခံရတဲ့အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ အဓိကက ဒီရွာတွေမှာ လာနေတာ ARSA ရန်ကနေ လုံခြုံရေးအတွက် လာနေပေးတာ၊ သူတို့ကနေ ကျနော်တို့အပေါ်ကို အဲဒီလိုကြီးလုပ်တာ ကျနော်တို့ကတော့ ကျနော်တို့အပေါ်ကို နည်းနည်းလေး ရိုင်းစိုင်းတယ်လို့ ထင်ပါတယ်။ ကျနော်တို့က သူတို့လူမျိုး လုံခြုံရေးအတွက် ဒီမှာ လာနေနေတဲ့ကိစ္စကို သူတို့က ကျနော်တို့အပေါ်ကို အဲလိုကြီးလုပ်တာကျ တဖက်စောင်းနင်းကြီး ဆန်လွန်းပါတယ်။ သူတို့လူမျိုး အသက် အိုးအိမ် စည်းစိမ်အတွက် ကျနော်တို့က ဒီဘက်မှာ လာနေပေးတာ ပါ။”

တိုက်ပွဲအတွင်း ခထီးလှစခန်း တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး၊ သုံးဦး ဒဏ်ရာရပြီးတော့ ဒဏ်ရာရသူတွေဟာ မောင်းတောဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေပြီး မစိုးရိမ်ရဘူးလို့ သိရတဲ့အကြောင်း စခန်းတာဝန်ခံကပြောပါတယ်။

သတင်းမီဒီယာတွေ သွားခွင့်ရခဲ့တဲ့ နောက်စခန်းတခုကတော့ ဂုပ္ပီ ကင်းစခန်းပါ။ အဲဒီစခန်းရဲ့တာဝန်ခံ ဒုရဲအုပ်အောင်ကျော် မင်းကလည်း ဒီစခန်းဟာ အနီးအနားက ရခိုင်လူမျိုးကျေးရွာတွေကို ARSA အကြမ်းဖက်အဖွဲ့ရန်ကနေ လုံခြုံရေး အကာအကွယ် ပေးဖို့ လာနေကြတာဖြစ်ပြီး အခုလို AA အဖွဲ့က တိုက်ခိုက်လိမ့်မယ်လို့ ထင်မထားတဲ့အကြောင်း ပြောပါတယ်။ အခုလို တိုက်ခိုက် ခံရတဲ့အပေါ် သူ့ရဲ့အမြင်ကလည်း ခထီးလှစခန်းတာဝန်ခံရဲ့အမြင်နဲ့ ထပ်တူကျပါတယ်။

“မလုပ်သင့်ဘူးပေါ့ဗျာ၊ ကျနော်တို့ ဒီမှာ အဲဒီ ကုလားဆိုး ကုလားဘေးကို ကာကွယ်နေတဲ့အချိန်မှာ ဒါမျိုး ကိုယ့်တိုင်းရင်းသား အချင်းချင်း အဲလို မလုပ်သင့်ဘူးပေါ့။”

ဂုပ္ပိကင်းစခန်းမှာတော့ ကျဆုံးတာမရှိဘဲ တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။

ခထီးလှကင်းစခန်းကို AA အဖွဲ့ ဝင်တိုက်တဲ့မနက်ခင်းက ရွာထဲမှာရှိနေတဲ့ ရွာခံတွေထဲ တဦးအပါအဝင်ဖြစ်သူ အသက် ၅၂ နှစ် အရွယ် ဦးအောင်သိန်းညွန့်ဟာ သတင်းထောက်တွေ စခန်းပေါ်က ပြန်ဆင်းလာတဲ့အချိန် စကားပြောဆိုချင်တဲ့ အရိပ်လက္ခဏာ ပြပြီး သူ့အိမ်ဝင်းထဲကို ခနဝင်နားဖို့ ဖိတ်ခေါ်ပါတယ်။ နောက် ကင်းစခန်းတခုကို ခရီးဆက်ဖို့ ကတိုက်ကရိုက် သွားနေရတာမို့ သူ့ကို အချိန်ယူမေးမြန်းခွင့်မရဘဲ အလျဉ်းသင့်သလို မေးကြည့်တာမှာ အဲဒီနေ့မနက်က အဖြစ်အပျက်ကို သူသိထားသလောက် အခုလိုပြောပြပါတယ်။

“သူတို့လာတဲ့အခါက ကျနော်တို့ရွာသား အိပ်တုန်းပဲလေ မသိဘူး။ ဒီစခန်းကို ဝိုင်းပိတ်တယ်၊ ဟိုးက အပေါ်က လေယာဉ်က ဗုံးချ တယ်၊ အိမ်မီးလောင်တယ်၊ ဒီမှာ သုံးလုံး၊ ဟိုးမှာ နှစ်လုံး

မေး။ ။ ရွာထဲကနေ စခန်းကို ပစ်တယ်ဆိုတာရော သိလား

ဖြေ။ ။ ရွာထဲက တော့ ကျနော်တော့မသိဘူး၊ အကုန်လုံး ဟိုးမှာ စာသင်ကျောင်းမှာ သွားတယ်လေ၊ ဒီဘက်မှာ ရွာသားတွေက တယောက်မှ မရှိ တော့ဘူး၊ လေယာဉ်ကလာပြီးတော့ ဗုံးပေါက်တယ်လေ၊ ရွာကအိမ် မီးလောင်တယ်

မေး - ရွာထဲမှာ အသေအပျောက်ရှိလား။

ဖြေ။ ။ ရွာထဲမှာတော့ အသေအပျောက်မရှိဘူး။”

ဒီဒေသမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဘေးကင်းလုံခြုံစွာ နေထိုင်လာခဲ့ကြတဲ့ ဦးအောင်သိန်းညွန့်တို့လို ဒေသခံတွေ အခုလို အဖြစ် အပျက်မျိုးကြောင့် သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် ဘယ်လိုခံစားချက်ရှိလာကြပါပြီလဲ

“အခုတော့ မလုံခြုံတော့ဘူး၊ အခုတော့ နည်းနည်း စိုးရိမ်နေရတယ်၊ နောက်ဖြစ်လာမလား မဖြစ်ဘူးလား၊ တောတွေ တောင်တွေ လည်း မသွားရဘူးလေ၊ ကျနော်တို့မှာက စိုက်ခင်း ဝါးခင်း စားတယ်လေ၊ တောထဲမလိုက်ရရင် အခက်အခဲရှိတယ်”

ဒီနယ်ခြားစောင့် ရဲကင်းစခန်းတွေဟာ တပ်မတော်နဲ့ပူးပေါင်းပြီး လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တယ်လို့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ အဖွဲ့မှူး ရဲမှူးချုပ်မြင့်တိုးက မောင်းတောခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုပါတယ်။ အခု AA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို“နောက်ကျော ဓားနဲ့ထိုး” တဲ့လုပ်ရပ်အဖြစ် သုံးသပ်ယူဆတယ်ဆိုတာကိုလည်း ရဲမှူးချုပ်မြင့်တိုးက ထပ်ပြီးပြောပါတယ်။

AA အဖွဲ့မှာ အင်အားအလုံးအရင်းရှိတယ်ဆိုတာ သိထားတယ်လို့ ရဲမှူးချုပ်မြင့်တိုးကပြောပါတယ်။ ဒီတော့ အခုလို တိုက်ခိုက်မှုမျိုး နဲ့ ကြုံရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိထားပါသလား -

“မျှော်လင့်ထားပါတယ်၊ မျှော်လင့်ထားပါတယ်၊ မျှော်လင့်ထားတယ်ဆိုတာ အင်အား အဲဒီလောက်တော့ … အင်အား အလုံးအရင်း ရှိတယ်ဆိုတဲ့သတင်း ကျနော်တို့ရတယ်၊ မျှော်လင့်ထားပါတယ်၊ ခံစစ်တွေလည်း ပြင်ဆင်ထားတယ်၊ သေချာစောင့်ပါတယ်။ သို့သော်လည်းပဲ ခုနဆွေးနွေးခဲ့တဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲလေးတွေ ဒါလေးတွေ ကြောင့် ကျနော်တို့ရဲ့ စစ်ကူ ပစ်ကူပေါ့လေ၊ စစ်ကူ ပစ်ကူဆိုတာ ကျနော်တို့မှာ လှုပ်ရှားစစ်ကြောင်းတွေရှိတယ်၊ တပ်မတော် စစ်ကြောင်းရှိတယ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ လှုပ်ရှားစစ်ကြောင်းတွေရှိတယ်၊ ဒါတွေက လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ကြောင့် ရောက်တော့ရောက်တယ်၊ ကျနော်တို့ လိုက်တယ်၊ လိုက်တဲ့အခါမှာလည်း စစ်ရဲ့သဘောအရတော့ ဒီတိုင်းကြီး သွားလို့မရဘူးဗျ၊ သေချာ ရှင်းသွားတဲ့အခါကျတော့ တမိနစ်သွားရမှာ ၁၀ မိနစ်ဖြစ်တာမျိုးပေါ့။”

အဲဒီနေ့က တိုက်ခိုက်လာနိုင်ခြေနဲ့ပတ်သက်တဲ့ သတင်းမျိုး ကြိုတင် ရထားရဲ့လားဆိုတာကို သတင်းထောက်တွေအနေနဲ့ ရှင်းရှင်း လင်းလင်း မသိခဲ့ရပါဘူး။ ဒေသတွင်းလူထုအနေနဲ့ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ထောက်ခံမှုနဲ့ AA အပေါ် ထောက်ခံမှု ဘယ်လိုရှိတယ်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့တွေအပေါ် လူထုထောက်ခံမှုအခြေအနေကို အတိအကျ ဖြေဆိုခဲ့ခြင်းမရှိသလို AA အဖွဲ့အပေါ် ထောက်ခံမှုနဲ့ပတ်သက်လို့လည်း ရဲမှူးချုပ်မြင့်တိုးက အခုလိုပဲပြောသွားပါတယ်။ “အဲဒါတော့ ကျနော်တော့ တိတိကျကျတော့ မသုံးသပ်ချင်ပါဘူး၊ သို့သော်လည်းပဲ တိုင်းရင်းသားများသည် တချို့တွေကျတော့ လည်း သူ့ဒေသခံတွေ ဒီထဲကနေပြီးတော့ AA ထဲကို ရောက်သွားတာတွေရှိပါတယ်။ ရှိတဲ့အခါကျတော့ ဒီဟာတွေနဲ့ ဆက်နွယ်ပြီး တော့ ဆွေမျိုးညာတကာ မိတ်ဆွေတွေလည်းရှိမှာပေါ့၊ သူ့ကို အားပေးတယ်လို့လည်း ကျနော်တို့ ပြောလို့မရဘူး၊ အားမြှောက် တယ်လို့လည်း ပြောလို့မရဘူး၊ သို့သော်လည်းပဲ နီးရာဓားကြောက်ရတဲ့ဟာမျိုး ဖြစ်တာပေါ့၊ သူတို့ အုပ်စုနဲ့လာတယ်၊ ဒါမျိုးလေး တွေလည်း ရှိနိုင်ပါတယ်၊ ဒါက may be ပေါ့ နော်၊ ဖြစ်နိုင်ပါတယ်၊ သတင်းကတော့ ကျနော်တို့လည်း ကြိုတင်ရပါတယ်၊ သို့သော် လည်းပဲ ဒီလို surprise လာလုပ်နိုင်ဖို့အတွက်တော့ ကျနော်တို့ အဲဒီဘက်ကျတော့ သူတို့လာတဲ့အခြမ်းကလည်း တဘက်ခြမ်း ဆိုတာ၊ တဘက်နိုင်ငံတော့ မဟုတ်ဘူး၊ သို့သော် ဒီအတွင်းဘက်ကနေပြီးတော့ ဘယ်ကနေ ကျော်လာသလဲ … ဒါမျိုးလေးတွေ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီလိုဖြစ်တာလည်းပါတယ်။”

တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းလေးခုထဲက သတင်းမီဒီယာသမားတွေ သွားရောက်ခွင့်ရတဲ့ ခထီးလှနဲ့ ဂုပ္ပိ ကင်းစခန်းနှစ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးက ကျဆုံး ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေ၊ တခြားတပ်ဖွဲ့ဝင်တွေနဲ့ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ခန်းမမှာ တွေ့ဆုံချိန်အတွင်း တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်အတွက် ဆက်လုပ်သွားမယ့် အလားအလာနဲ့အတူ တပ်ဖွဲ့ဝင်တွေကို အခုလို တိုက်တွန်းပြောဆိုသွားပါတယ်။

“တို့ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်ဆောင်ရွက်သွားမယ်၊ ဒီနေရာမှာ တိုက်တွန်းလိုတာကတော့ ARSA တဖွဲ့ ထဲ မဟုတ်တော့ဘူး၊ မင်းတို့ နယ်ခြား ၃ တာဝန်ယူရတဲ့ နယ်မြေဒေသမှာ AA အကြမ်းဖက် သောင်းကျန်းသူကိုလည်း ရင်ဆိုင်ရ တဲ့အနေအထား ဖြစ်နေပြီ ဖြစ်တဲ့အတွက် တို့ရဲ့ လုံခြုံရေးအသိ လုံခြုံရေးသတိ ယခင်ကထက် ပိုရှိပြီးတော့ ပိုအလေးထားရတော့ မယ်ဆိုတဲ့ အဖြေကို ထွက်ပါတယ်။ အဲဒါကြောင့် လုံခြုံရေးကို ပိုပြီးအလေးထားဖို့ တိုက်တွန်း မှာကြားလိုပါတယ်။”

ရဲချုပ်က “ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်ဆောင်ရွက်သွားမယ်” လို့သာပြောပြီး ဘယ်လိုဆောင်ရွက်မယ် ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့အကြား ထိတွေ့တိုက်ပွဲတွေကတော့ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ငြိမ်နေပြီးတဲ့နောက် ၇ ရက်နေ့ ကစပြီး ကြိုကြားဆိုသလို ပြန်ဖြစ်လာတဲ့သတင်းတွေ ဆက်တိုက်ကြားနေရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းတွေကို သတင်းမီဒီယာသမားတွေသွားရောက်နေတဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာပဲ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးကိစ္စရပ်တွေ၊ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း အခြေအနေ တွေ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေးကိစ္စရပ် စတာတွေကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်ပြီး သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာ ကျင်းပတဲ့အကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအစည်းအဝေးမှာ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ တပ်ဘက်က ထိပ်တန်းခေါင်းဆောင်တွေ အားလုံး တက်ရောက်ကြပါတယ်။

အဲဒီအစည်းအဝေးကျင်းပပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရခိုင်ပြည်နယ်မှာ တပ်မတော်က စစ်ဆင်ရေးလုပ်ဖို့၊ လိုအပ်ရင်ရဟတ်ယာဉ်အသုံးပြုဖို့ သမ္မတကခွင့်ပြုတဲ့အကြောင်း ပြောသွား ပါတယ်။

ခထီးလှရွာသားကြီး ဦးအောင်သိန်းညွန့်ကတော့ ဒီလိုတိုက်ပွဲတွေနဲ့ပတ်သက်ပြီး -

“မဖြစ်ချင်တော့ဘူး၊ နောက် ဒီလို မဖြစ်ချင်တော့ဘူး၊ ကျနော်တို့လည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်စားချင်တယ်လေ မိမိအလုပ်ကို အေးအေးဆေးဆေးပဲ လုပ်စားချင်ပါတယ်။ တိုက်ပွဲဖြစ်တယ်ဆို ကြားမှာ ပြည်သူလူထုက ဒုက္ခရောက်တယ်၊ လုပ်မစားရ၊ ကျနော် တို့မှာ ပိုက်ဆံမရှိတဲ့အခါ ဆား ငပိ စားစရာလည်းမရှိ၊ ဝတ်စရာလည်းမရှိ အဲဒီလိုဖြစ်တယ်လေ … တိုက်ပွဲမဖြစ်တာ အကောင်းဆုံး ပဲလို့ ကျနော်တို့အတွက်က …”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်အကြား လက်နက်ကိုင်တိုက်ပွဲ အမြောက်အများ ဖြစ်ခဲ့ဖူးသလို တိုက်ပွဲကြီးတွေလည်း ရှိထားဖူးတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ထောက်ပြပြီး အခုလို မေးခွန်းထုတ်ပါတယ်။

“အဲဒီလို တိုက်ပွဲကြီးတွေနဲ့ တိုက်ကြတဲ့အခါ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေး ကျနော်တို့ ရပြီလား၊ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်စဲသွားပြီလား၊ ဘယ်ပြည်နယ်မှာများ ဒီတိုက်ပွဲတွေ ဒီလိုတိုက်ခိုက်ကြတဲ့အတွက် အပြီးတိုင်ခြေမှုန်းပြီးတော့ ငြိမ်းချမ်းရေးကို တကယ့်တကယ် ဖော်ဆောင်နိုင်တယ်ဆိုတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီလား … အဲဒါကြောင့် ကျနော်တို့ကတော့ ဒီလောက် နှစ်ရှည်လများ အချိန်ကြာညောင်းစွာ ဖြစ်နေတဲ့ကိစ္စဟာ တခုခုကို တဖွဲ့ဖွဲ့ကို အပြတ်ခြေမှုန်းမယ်ဆိုတဲ့ စကားက ဒါ ဖြစ်နိုင်ခြေ မရှိ ဘူး၊ ဘာဖြစ်လို့လဲဆို လက်တွေ့သာဓကတွေက ကျနော်တို့ကို အဖြေပြောနေတယ်၊ အဲဒီအချက်တွေကို ထောက်ပြီးတော့ ကျနော် တို့ပြောနေတာ။”

လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကြောင်းရင်းကိုရှာပြီးတော့ ဖြေရှင်းဖို့လို တယ်လို့ ဦးထွန်းအောင်ကျော်က ထောက်ပြပြီး အခုလို အကြံပြု ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရပ်စဲဖို့အတွက် တကယ့်ငြိမ်းချမ်းရေးကို လိုလားရင် ကျနော်တို့နိုင်ငံမှာ ဖြစ်ရတဲ့အကြောင်းရင်း၊ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေ၊ ဘယ်လိုတွေ တောင်းဆိုနေကြသလဲ … ဘယ်လိုဖြစ်ချင်ကြတာလဲ … အဲဒါတွေကို သက်ဆိုင်ရာအစိုးရနဲ့ တပ်မတော်ကလည်း ကျနော်တို့ တိုင်းရင်းသား ညီအကိုဆိုတဲ့ စိတ်ရင်း စေတနာကောင်းအမှန်နဲ့ ခေါ်ယူပြီး တော့ ညှိနှိုင်း ဆွေးနွေးပြီးတော့ စားပွဲပေါ်မှာ အဖြေရှာကြမှပဲ ကျနော်တို့ တနိုင်ငံလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ စိတ်ချမ်းသာမှုတွေ ကျနော်တို့ ရနိုင်မယ်၊ အဲဒါကြောင့် ကျနော်တို့ကတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းစေချင်တာပေါ့။”

AA အဖွဲ့ဟာ ARSA နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ အတွင်း ပြောထားသလို AA ကိုထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့လည်း ပြောသွားပါတယ်။ ဦးဇော်ဌေးရဲ့ အဲဒီပြောဆိုချက် အပေါ် AA အပါအဝင် ရခိုင်အသိုင်းအဝိုင်းတွင်း လူပုဂ္ဂိုလ်တွေက ဝေဖန် တုန့်ပြန်ထားကြပါတယ်။

ဇန်နဝါရီလ ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက် ရခိုင်ပြည်ခရီးစဉ်အတွင်း ဗွီအိုအေက တွေ့ဆုံ စကားပြောခွင့်ရခဲ့သူအားလုံးကလည်း AA အဖွဲ့အပေါ် လူထုရဲ့ထောက်ခံမှုဟာ အရင်ကတည်းက ရှိထားသလို ဆက်ပြီးတော့လည်း ထောက်ခံသွားကြမှာပဲဆိုတာ အခိုင် အမာပြောကြပါတယ်။ ဒါ့အပြင် အပြုတ်တိုက်မယ်ဆိုတဲ့နည်းက ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

ဒီစစ်ရေးပဋိပက္ခ ဒီ့ထက်ဆိုးရွားစွာ ကြီးထွားမလာခင် နှစ်ဘက်ကြား ညှိနှိုင်း စေ့စပ် ဆွေးနွေးနိုင်ကြမယ်လို့ မျှော်လင့်နေသူတွေ လည်း ရှိနေဆဲပါပဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG