သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလားနယ်စပ် တိမ်းရှောင်


ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)
ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော်ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြားဖြစ်တဲ့ တိုက်ပွဲတွေ ကြောင့် ပလက်ဝမြို့နယ် ကင်းတလင်း နဲ့ခမောင်းဝကျေးရွာတွေက ရခိုင်နဲ့ခမီး မိသားစုဦးရေ ၂၀၀ ကျော် ဘင်္ဂလား ဒေ့ရ် နယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဘင်္ဂလားဒေ့ရ်နိုင်ငံ ဘင်ဒရာဘင်ဒေသအခြေစိုက် သတင်းထောက် ကိုမောင်အေးက အခုလိုပြောပါတယ်။

“ဒီဖက်ကိုရောက်နေတာ သုံးလေးရက်လောက်ရှိပြီး။ ကျွန်တော်တို့ သိရသလောက်စာရင်းတွေအရဆိုရင် အားလုံးလူ နှစ်ရာ့တဆယ် နဲ့နှစ်ယောက်လောက် ပါတယ်။ ကလေးရော သူတို့အမေရော အမျိုးသမီးရောအဲဒီလိုပေါ့။ ကင်းတလင်း နဲ့ခမောင်းဝ အဲလူ(၂၀၀)ကျော်လောက်ပါတယ်။ အခုလောလောဆယ်ဆယ်တော့ AA ကနေပြီးတော့ အရေးပေါ်လို အပ်တဲ့စားဝတ်နေရေးတွေထောက်ပံ့ထားတယ်။ ဒီမှာထောက်ပံ့ အလှူရှင်တွေ ကူညီချင်တဲ့ပုဂ္ဂိုလ်တွေကလဲ သွားပြီးကူ ညီဖို့ကတော့ မရှိနေသေး ဘူး။ သူတို့ရောက်နေတာက ဘင်ဒရာဘင်ခရိုင် ရမ္မက်ကြီး အဲဒီရွာနဲ့မျက်နှာချင်းဆိုင်မှာ သူတို့ ဘင်္ဂလားဘက်ကိုကူးဖို့သူတို့ကြိုးစားနေတယ်။ ဒါပေမဲ့ဘင်္ဂလားနယ်ခြားစောင့်တပ်တွေကလဲ ဒီဘက်ကိုမဝင် လာရအောင်သူတို့ နယ်စပ်ကိုစောင့်ရှောက်နေတယ်။”

ဘင်္ဂလားဒေ့ရ်ှနယ်စပ်ရောက် အဲဒီ စစ်ဘေးရှောင်တွေရဲ့အခြေအနေတွေကိုတော့ ရခိုင့်တပ်မတော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က အခုလိုပြောပါတယ်။

“သူတို့ကိုကျွန်တော်တို့ နယ်စပ်အနားမှာပေါ့လေ။ ကောင်းကောင်းမွန်မွန် အကူညီပေး ထားတာရှိတယ်။ ဒါပေမဲ့တချို့ ကတော့ ဒီဘင်္ဂလားဒေ့ရ်ဘက်ခြမ်းကို ဖြတ်ကျော် ဝင်ရောက် လာပြီးဆိုပြီးတော့လဲ ကျွန်တော်ကြားတယ်ဗျ။ ဒါပေမဲ့ အသေချာတော့ မပြော နိုင်သေးဘူး။”

ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၄ ရက်အတွင်း တပ်မတော်နဲ့AA တို့ တိုက်ပွဲကြောင့် ခမောင်းဝရွာ၊ ကင်းတလင်း ရွာ၊ ခေါစာ ချောင်းရွာ ၊ ကူချောင်းဖျားရွာ အပါအဝင် ရွာ ၇ ရွာပျက်စီးသွားခဲ့တယ်လို့ ပလက်ဝမြို့နယ်ဒေသခံ တွေက ပြောပါတယ်။

အဲဒီပလက်ဝဒေသ ကရွာသားတွေဟာ တပ်မတော်နဲ့ AAတို့ တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခံ ရတဲ့ ဘေးကို ကြောက်လန့်ပြီး တခြားဒေကို တိမ်းရှောင် သွားတဲ့သူတွေ နေ့စဉ်ရှိနေဆဲလို့ ပလက်ဝမြို့နယ်က ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်သူ ခိုင်ကျော်နိုင်ကပြောပါတယ်။

“မနေ့ညကတည်းက ခမောင်းဝရွာကို ထရွမ်းအိုင်ကနေ လက်နက်ကြီး နဲ့သူတို့ ထပ်ပြီးတော့ ပစ်တယ်။ ဒီခမောင်းဝနဲ့ ကင်းသလင်းဖက်မှာဘဲ သူတို့က ထင်ယောင်ထင်မှား လက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့သိရတယ်။ ကျွန်တော်တို့ ဒီဖက်မှာ ကတော့ တရက်မှာကတော့ အိမ်ထောင်စု အနဲဆုံး ၂ စုကနေ ၅ စုအထိ ပလက်ဝအောက်ပိုင်း ကိုတော့ ဆင်းနေကြတယ်။ စက်လှေလေးတွေနဲ့။ ပလက်ဝအောက်ပိုင်းဆို ဒီကျောက်တော်ကြားတွေပေါ့နော်။ တင်းမတို့ ရွှေပြည်တို့ မာလာတို့ အဲဒီဖက် တွေမှာဆင်းပြီးတော့ အမျိုးအဆွေရှိတဲ့နေရာမှာဘဲနေထိုင်နေကြတယ်။”

ပလက်ဝမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့ ကိုတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား ၂၄ ဦးကတော့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးတာခံရပြီး မတရားအသင်း ဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇/(၁) (၂) နဲ့ တရားစွဲခံထားရပါတယ်။ ရွာသားတွေအပြင် သူတို့ကိုလက်ခံထားတဲ့အိမ်ရှင် ၂ ဦးကိုလဲ တပ်မတော်ကနေတရားလိုလုပ်ပြီး တရားစွဲထားတာပါ။

အခုလိုဖမ်းဆီးတရားစွဲရတဲ့အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေ ကိုအခုလိုပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်လာပါတယ်ဆိုပြီးတော့ ထွက်ပြေးလာတယ် သတင်းလွှင့်တယ်။ ထွက်ပြေးတိမ်းရှောင်တာမှာလဲ အိမ်ထောင်စုတွေလဲပါမသွားဘူး။ သူတို့အရင် ထွက်ပြေး လာတာ။ ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ထင်ရှား တယ်။ အဆက် အသွယ်လုပ်နေတဲ့လူတွေ အစစ်ဆေးမခံနိုင်လို့ထွက်ပြေးလာတာထင်ရှားတဲ့အတွက် တရားစွဲတာ ဖြစ်ပါတယ်။ အခု တော့တရားစွဲထားတုန်းဘဲဗျ။”

လက်ရှိသူတို့တတွေကို စစ်တွေရဲတပ်ဖွဲ့ကနေ ခုံရုံးဖွင့်စစ်ဆေးနေဆဲဖြစ်ပြီး တွေ့ခွင့်မရသေးဘူးလို့ အမှုလိုက် ရှေ့နေ ဦးလှထွန်း ကပြောပါတယ်။

“ကျွန်တော်ကအဲဒီအဖမ်းဆီးခံရတဲ့သူတွေနဲ့သွားပြီးတော့ စစ်တွေရဲစခန်း မှာသွားပြီး တွေ့ဖို့ လုပ်တော့ စခန်းမှူးက အခု လောလောဆယ်တွေ့ခွင့် မပေးနိုင်ဘူးဆိုပြီး တော့ပြောတယ်။ ကျွန်တော်က မြန်မာနိုင်ငံ ရဲလက်စွဲ ၇၂(ဂ)မှာ တရားသူကြီးရယ် ရှေ့နေရယ် အမှုလိုက်ရဲတွေကို တွေ့ခွင့်ရှိတယ်။ ကျန်တဲ့သူမှတွေ့ခွင့်မရှိဘူးဆိုပြီးတော့ ကျွန်တော် က ဥပဒေပုဒ်မနဲ့ ထောက်ပြ တယ်ပေါ့နော်။ ဒါပေမဲ့ သူက အခုလောလောဆယ်ကကျွန်တော်တို့တွေ့ခွင့် မပေးနိုင် သေး ဘူးဆိုပြီးတော့ သူကပြန်ပြောတယ်။ အခုရဲကတော့ စစ်ကြောရေးအဖွဲ့ဖွဲ့လိုက်တာပေါ့နော် အဲဒီအဖွဲ့ ဖွဲ့ပြီးတော့ စစ်နေတယ်လို့ပြောပါတယ်။”

ပြီးခဲ့တဲ့ဇန်ဝါရီ ၂၆ ရက်နေ့က ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအထက် ခုံရွာနဲ့ကောက်ကြီးဝရွာဘက်မှာ တပ်မတော်နဲ့ AA တို့တိုက်ပွဲဖြစ်ပွါး ခဲ့အပြီး တပ်မတော်ကနေ ရှင်းလက်ဝဒေသမှာ ဖမ်းဆီးစစ်ဆေးမှု တွေ တင်း ကြပ်လာတာကြောင့် နေရပ်ကနေ ကျောက်တော်ဘက်ကို တိမ်းရှောင်လာခဲ့ရာက အဲဒီရွာသားတွေ ဖမ်းဆီးခံခဲ့ ရတာပါ။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့အကြား စစ်ရေးပဋိပက္ခ ပြင်းထန် နေဆဲဖြစ်ပြီး စစ်ရှောင်ထွက်ပြေးတဲ့ ဒေသခံအရေအတွက် ပိုများလာနေသလို လုံခြုံရေးအရလို့ဆိုတဲ့ စစ်ဆေးမှုတွေ ကလည်း ပိုတင်း ကျပ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG