သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂစိုးရိမ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

ရခိုင်ပြည်နယ်အတွင်း AA ရခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြီး အရပ်သား ပြည်သူတွေ သေကြေ၊ ထိခိုက်မှုတွေ ရှိတဲ့အပြင် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် အထူး စိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Knut Ostby က ပြောကြားလိုက်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ တနင်္လာနေ့က နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီး ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Knut Ostby က မတ်လ ၁၉ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးရဲ့ ကြေညာချက်ကိုတော့ မစ္စတာ Ostby ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stanislav Saling က ဗွီအိုအေကို အခုလို ဖတ်ကြားပြခဲ့ပါတယ်။

“ရခိုင်ပြည်နယ်အတွင်း AA ရခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေကြေ၊ ဒဏ်ရာရမှုတွေ ရှိတဲ့အပြင် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် ဆိုတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် ကုလသမဂ္ဂ (ယာယီ) ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Knut Ostby အနေနဲ့ အထူး စိုးရိမ် ပူပန်မိပါတယ်။”

ဒါ့အပြင် ရခိုင်ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့အတွက်လည်း ယာယီ ဌာနေကိုယ်စားလှယ် Ostby က သူ့ရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

“ဒီပဋိပက္ခမှာ ပါဝင်ကြသူ အားလုံးအနေနဲ့လည်း အရပ်သားပြည်သူတွေကို အကာကွယ်ပေးတာ အပါအဝင် မတူညီမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အဆောက်အဦးတွေကို ထိန်းသိမ်းပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွကို လိုက်နာ စောင့်ထိန်းကြဖို့ မစ္စတာ Ostby က တိုက်တွန်းပါတယ်။”

လက်ရှိ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် မြန်မာအစိုးရကို ကမ်းလှမ်းထားကြောင်းလည်း မစ္စတာ Ostby ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အကူအညီ၊ အထောက်အပံ လိုအပ်နေသူအားလုံး၊ အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒီပဋိပက္ခကြောင့် သက်ရောက်မှုဒဏ် ခံနေရသူအားလုံး ထိရောက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမှီနိုင်ရေးအတွက် လိုအပ်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့လည်း မြန်မာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် လူသားချင်း စာမှုဆိုင်ရာ အကူအညီတွေ ဆက်လက် ကူညီ ဆောင်ရွက်ပေးနိုင်ရေး အဆင်သင့်ရှိနေပါတယ်။”

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ တနလာၤနေ့ ညနေပိုင်းက ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ခံတွေ ထိတ်လန့်တကြား ပုန်းအောင်းခဲ့ကြရပါတယ်။ AA ရခိုင့်တပ်မတော်နဲ့ မြန်မာ စစ်တပ်ကြား စစ်ရေး တင်းမာမှုဖြစ်နေတဲ့ ဒီလပိုင်းတွေအတွင်း မြောက်ဦးမြို့ တဝိုက်မှာလည်း နေ့စဉ်ဆိုသလို ပစ်ခတ်သံတွေ ကြားနေရပေမယ့် အခုလို မြို့တွင်းကိုလာပြီး ပစ်ခတ်တာမျိုးကတော့ အရင်က မရှိခဲ့ပါဘူး။

မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာစစ်တပ်က ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - တပ်မတော် စစ်ကြောင်းကို AA အဖွဲ့က မြောက်ဦးမြို့အဝင်မှာ ည ၇ နာရီခွဲကျော်လောက်က စတင် တိုက်ခိုက်တာမှာ အပြန်အလှန် ပစ်ခတ်မှုတွေဟာ နာရီဝက်လောက် ကြာခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG