သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင် ပဋိပက္ခကြောင့် အရပ်သား အဖမ်းအဆီးတွေ တိုး


ရခိုင် ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေသလို၊ သံသယနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေလည်း ပိုပြီး များလာနေပါတယ်။ မနေ့က ကျောက်တော်မြို့နယ်အတွင်း ဖြစ် ပွါးတဲ့တိုက်ပွဲမှာ တပ်မတော်ကနေ ရွာသား (၃)ဦး အဖမ်းဆီးခံရသလို AA နဲ့ဆက်သွယ်တယ်လို့ ယူဆရသူတွေကိုလဲ ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း နှစ်ဖက်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရတဲ့ ဒေသခံ ရွာသားတွေကလည်း တနေ့တခြား ပိုများလာနေပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မနေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ်အတွင်း ဗုဒ္ဓေါကျေးရွာသား(၃)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ စစ်ရှောင်ဗုဒ္ဓေါ ကျေးရွာသားတွေရဲ့ပြောဆိုချက်အရ သိရကြောင်း ဗိုလ်မင်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးထွန်းဝင်းက ပြောပါတယ်။

“ဗုဒ္ဓေါက လူဖမ်းတာက(၃)ယောက်ပါ။ အဘ ဦးဆန်းမောင်သား နေဆန်း နောက်ပြီးတော့အဘ ဦးသန်းသိန်း သား စိုးဝင်းမောင်တယောက်ပါ။ နောက် အဘဦးအောင်လှဖြူရဲ့သား သန်းဝင်းတယောက်ပါ။ သူတို့ကိုဖမ်းတာက တပ်က ဖမ်းသွားတယ်လို့ပြောတယ်။ သူတို့ကို ရွာထဲမှာဖမ်းတာပါ။ တောထဲကိုခေါ်သွားပါတယ်လို့ပြောပါတယ်။ သတင်းတွေ ကတော့မကြားသေးပါဘူး။”

မတ်လ (၁၂) ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ သပေါ့စာတဲစုနေ ငှက်ဖျား ရောဂါသည်တဦးကို ဆေးရုံလိုက်ပို့တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ နာရေးကူညီရေးအဖွဲ့နဲ့ ကားဆရာအပေါင်း(၁၀)ဦးကို မြောက်ဦးမြို့နယ်ရဲ့ နယ်မြေခံစစ်တပ်တခုဖြစ်တဲ့ (၅၄၀) တပ်ရင်းကနေပြီးတော့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဖမ်းခံရတဲ့ ငှက်ဖျားရောဂါသည်ဟာ မနေ့ကသေဆုံးသွားပြီးတော့ ကျန်တဲ့(၉)ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလိုပြောပါတယ်။

“ဖမ်းတာကတော့ လူနာလှမောင်ဝင်းကတော့ သေသွားပါပြီ။ သူငှက်ဖျားကြောင့်သေသွားတာပါ။ သူတို့ကတော့ မြောက်ဦးအချုပ်ခန်းထဲမှာဘဲ ရှိနေပါတယ်။ ၁၇/(၁) (၂)လို့ပြောပါတယ်။ ခုနကတင်ဘဲ အဲဒီ မိသားစုဝင်တယောက်က ရှေ့နေငှါးဖို့အတွက် ကျနော်ကို ပြောပါတယ်။”

သေဆုံးသူလူနာ လှမောင်ဝင်းဟာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူလို့ တပ်မတော်ဘက်က ယူဆနေတာ ကြောင့် အခုလိုဖမ်းဆီးတာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောဆိုနေပေမဲ့ ကာယကံရှင်မိသားစုကတော့ ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒီလို အရပ်သားတွေကို ဖမ်းဆီးမှု ဖြစ်ရပ်အကြောင်းရင်းကိုသိရှိဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေး မှူးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေး ဆိုခွင့်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ AA အဖွဲ့ ခိုအောင်းနေတယ်လို့ ယူဆရတဲ့နေရာ တွေကို တပ်မတော်ကနေ လက်နက်ကြီး အပါအ၀င် လေကြောင်းအကူနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်လာ နေပါတယ်။

တိုက်ပွဲဖြစ်ပွါးရာ အနီးနားရွာတွေဖြစ်တဲ့ ပက်ခွပ်ဆိပ် သဲတော် လမ်းပိတ်ခွင် ဗုဒ္ဓေါ သံပြင် မီးရက်ပြင် ငပြောက်စည် စတဲ့ရွာတွေက စစ်ရှောင်ရွာသား (၃၀၀)ကျော် ကျောက်တော်မြို့နယ် ဗိုလ်မင်းကျေးရွာထဲမှာ တိမ်းရှောင်ရောက်နေ တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း ကပြောပါတယ်။

“ရွာကတော့ (၈) ရွာ ရောက်နေပါတယ်။ လူဦးရေ ကတော့ (၃၄၉) ယောက်။ (၁၅) ရက်နေ့မှာ နဲနဲလောက် ပိုတိုးလာပါတယ်။ သူတို့ကို လေယာဉ်တွေနဲ့ ဗုံးချတာလေ။ အိမ်တွေဘာတွေလဲ ပျက်ပါတယ်။ ဗုံးတွေက ဘုန်ကြီးကျောင်း အနားမှာ အကုန်လုံးကျပါတယ်။ အဲတာကြောင့် သူတို့ ကြောက်ပြီးတော့ပြေးလာတာ။ ”

အလားတူ ကျောက်တော်မြို့နယ်က ကန်စောင့်ရွာထဲကိုလည်း စစ်ရှောင် (၁၀၀)ကျော် တိမ်းရှောင်ရောက်ရှိနေတယ်လို့ ကျောက်တော်မြို့နယ် လူမှုအကူညီပေး အဖွဲ့ဝင် ကိုကျော်လှမြင့်က ပြောပါတယ်။

“ကျွန်တော်တို့ကျောက်တော်မှာတော့ ကန်စောက်ကျေးရွာက စစ်ပြေးဒုက္ခသည်တွေ ရောက်နေကြတယ်။ ဒီနေ့ ရောက်တာလည်း ရှိတယ်။ ဒီနေ့အကုန်လုံးဆိုရင် လူဦးရေက(၁၀၀)နီးပါးလောက်ရှိတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့လည်း မတရားအသင်းဆက်သွယ်မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီး တရားစွဲခံရတာတွေ ရှိခဲ့ပါတယ်။ အဲဒီလို ဖြစ်ရပ်တွေကြောင့်ပဲ ဒီမတ်လဆန်းပိုင်းက မြောက်ဦးမြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၀၀)ကျော် နှုတ်ထွက် စာတင်ခဲ့ပါတယ်။

ဒီလို နှုတ်ထွက်စာတင်ခဲ့တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မတ်လ ၁၅ ရက်နေ့ကစပြီး တာဝန်တွေပြန်လည် ထမ်းဆောင်ကြောင်း တင်ပြ ဖို့နဲ့ တာဝန်ထမ်းဆောင်နိုင်မှု မရှိပါက အကျိုးအကြောင်း ခိုင်လုံစွာနဲ့ ပြန်လည် တင်ပြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကနေဒီလ(၁၃)ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တာဝန်ပြန်လည် ထမ်းဆောင်ဖို့ဟာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံရေးအာမခံရှိဖို့ လိုအပ်တယ်လို့ တောင်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလအောင်က ပြောပါတယ်။

“နှုတ်ထွက်စာထဲမှာ ရေးသားဖေါ်ပြထားသလိုဘဲ ကျွန်တော်တို့ မိမိတို့ ဘ၀လုံခြုံရေးအတွက် ကျွန်တော်တို့ လိုအပ်တဲ့ အချက်တွေကို သူတို့က လိုက်လျောပေးနိုင်ရင်တော့ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အစီအစဉ်တော့ ရှိပါတယ် ခင်ဗျ။ ကျွန်တော်တို့ တောင်းဆိုချက်ကိုသာ မလိုက်လျောနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ဘက်ကလဲ ဆက်ပြီး တာဝန် ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ပါဘူး။”

တာဝန်ကနေ နှုတ်ထွက်ထားတဲ့ မြောက်ဦးမြို့ နယ်ရပ်ကျေး အုပ်ချုပ်ရေးမှူးအနေနဲ့ မတ်လ ၁၇ ရက်နေ့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ အစည်းဝေးကျင်းပပြီးမှ အကြောင်းပြန် သွားမှာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ (၂၈) ရက်နေ့တုန်းက မြောက်ဦးမြို့ နယ်ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အလားတူ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အတွင်းက အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာသားတွေကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ရှိနေသလို ဖေဖေါ်ဝါရီလဆန်းကလဲ ကျောက်တော်မြို့ အတွင်းကို စစ်ပြေးတိမ်း ရှောင်လာကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ် ရှင်းလက်ဝ ရွာသား (၁၃) ဦးကိုလဲ တပ်မတော်ကနေ တရားစွဲဆို ထားပါတယ်။

တပ်မတော်နဲ့AAအကြားဖြစ်တဲ့တိုက်ပွဲကြောင့် ဒေသခံတွေအနေနဲ့ ဘက်နှစ်ဘက်အကြားညှပ်နေတဲ့ အနေအထားမှာ ကြုံနေရပြီး လုံခြုံရေးအတွက် နေ့စဉ် စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG