သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တည်ငြိမ်ရေး အထောက်အကူပြုကော်မတီ ထိရောက်မှုရှိမရှိ သုံးသပ်ချက်


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက မတ်လ ၁၄ ရက် ကြာသပတေးနေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကော်မတီအနေနဲ့ ဘာတွေ အထောက်အကူ ပေးနိုင်မလဲ။ တကယ်ပဲ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိရဲ့လားဆိုတာတွေကို ဗွီအိုအေ သတင်းထောက် မေခက စုစည်း တင်ပြထားပါတယ်။

အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်ကို ကော်မတီဥက္ကဌ အဖြစ်ထားပြီး အဖွဲ့ဝင် ၁၄ ဦးပါ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို သမ္မတက ဖွဲ့စည်းလိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တပ်မတော်နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး သောင်းနဲ့ ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရချိန်မှာ အခုလို ရခိုင် တည်ငြိမ်အေးချမ်းအောင် အထောက်ကူပြု ကော်မတီကို ဖွဲ့စည်းတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကော်မတီဝင် တချို့ကတော့ အခုလို ကော်မတီဖွဲ့စည်းမယ့် အကြောင်းကို သူတို့ကို တစုံတရာ အကြောင်းကြားတာ မရှိခဲ့ကြောင်း ပြောဆိုကြပါတယ်။

ကော်မတီထဲမှာ အမည်စာရင်း ပါလာပေမဲ့ ဒီကော်မတီ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး သူ ဘာမှမသိခဲ့ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဗွီအိုအေကို ပြောပါတယ်။

"အဲ့တော့ ကျနော်တို့ပေါ်မှာ ခုထက်ထိ ဘာမှ ဆက်သွယ်တာလည်း မရှိဘူး။ အစည်းအဝေး ဘယ်နေ့လုပ်မလဲ၊ ဘာလုပ်ရမလဲ၊ ဘာတာဝန်ယူရမလဲ ဆိုတာလည်း ဘာမှ ကျနော်တို့ ပြောထားတာလည်း မရှိဘူး။ ဘာမှ ရခိုင်ပြဿနာကို လျော့ချနိုင်တဲ့ အဖြေရှာနိုင်တဲ့ လမ်းကြောင်းတွေ ရစရာအကြောင်းလည်း ဘာမှမရှိဘူး။ ပိုဆိုးတဲ့ အချက်တချက်က ဘာလဲဆိုတော့ အစိုးရရဲ့ ဘုံ policy တွေကို ရှင်းပြရမယ်ဆိုတာ ပါတယ်။

အဲ့ဒီတော့ ကျနော်က အစိုးရရဲ့ လူလည်းမဟုတ်ဘူး။ ဒီပါတီဝင်လည်း မဟုတ်ဘူး။ ဝန်ကြီးလည်း မဟုတ်ဘူး။ တာဝန်ရှိတဲ့လူလည်း မဟုတ်ဘူး။ တိုင်းရင်းသားပါတီ တခုက လူတယောက်ပဲ။ အဲ့ဒီတော့ ကျနော် တိုင်းရင်းသားပါတီတယောက်က လူတယောက်က NLD အစိုးရနဲ့ ခုလောလောဆယ် အာဏာရနေတဲ့ cabinet policy ကျနော် ရှင်းပြနေစရာ ဘာအကြောင်းမှ မရှိဘူး။ အဲ့တော့ ဒီလောက် အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အတွက်ကြောင့် ပြည်တွင်းစစ်က မကြီးသင့်ဘဲ ကြီးမားလာရတဲ့ဟာကို ကျနော်က အစိုးရရဲ့ မူဝါဒတွေကို ဘယ်လိုလုပ် သွားရှင်းပြရမှာလဲ။ ဒါဟာကျနော်အတွက် တော်တော် ခက်ခဲတယ်။ အဲ့တော့ ဒီတာဝန်လည်း ကျနော် ထမ်းဆောင်နိုင်စရာ အကြောင်းမရှိဘူး။"

ကော်မတီအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်နယ်တွင်း ကွင်းဆင်းလေ့လာတာ၊ တွေ့သင့်တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတော်အစိုးရရဲ့မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတာ၊ လိုအပ်တဲ့အကြံဉာဏ်တွေ ရယူ တင်ပြတာ၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပြည်သူတွေကြား လိုအပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ ဖြစ်တယ်လို့ သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ခုလို ကော်မတီဖွဲ့စည်းမှုအပေါ်မှာ အကောင်းမြင်ပေမဲ့လို့ လက်ရှိ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းဖို့ ဆိုတာမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူတွေကိုယ်တိုင် တိုက်ခိုက်မှုတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် ပါဝင်လုပ်ဆောင်တာကသာ ပိုပြီး လက်တွေ့ကျလိမ့်မယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ထောက်ပြပါတယ်။

"ဘာပဲပြောပြော ရခိုင်တွေအများစုပါတဲ့ အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းလိုက်တဲ့ အခါကျတော့ တကယ် သူတို့ ပြန်ပြီးတော့မှ အစီရင်ခံတယ်၊ ပြန်တင်ပြတယ်ဆိုတဲ့ အခါကျလို့ရှိရင် ကောင်းမွန်တဲ့ အကြံတွေ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါမဲ့ အဲ့ဒါဟာ အထောက်အကူပြု အဖွဲ့ဆိုတဲ့ အတိုင်း အထောက်အကူပဲ ဖြစ်လိမ့်မယ်။ တကယ့် တကယ်ကျတော့ ကာယကံရှင်တွေ တဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ ဥစ္စာက ရခိုင် AA တပ်ဖွဲ့နဲ့ တပ်မတော်နဲ့ ဖြစ်နေကြတာ။ ဖြစ်နေကျတဲ့ အခါကျတော့ အဲ့ဒါက ပိုအရေးကြီးတယ်။ ပိုအရေးကြီးတဲ့ အခါကျတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဥစ္စာက ထိလွယ်ရှလွယ်တယ်။

ရှေ့ပိုင်းမှာဆို ဘာဖြစ်ထားသလဲဆိုရင် ဥပမာ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေမှာ ရခိုင်တိုင်းရင်းသားတွေဘက်ကို မျက်နှာမူပြီးတော့ ပြောတဲ့ ဥစ္စာတွေက တဖက်မှာ မခံမရပ်နိုင်လောက်အောင် ဖြစ်တဲ့ စကားလုံးတွေဘာတွေကအစ ပါတယ်။ ဒါတွေက အစ ရှောင်ကြည်သင့်တယ်။ အဲ့တော့ ငြိမ်းချမ်းရေးကို မူတည်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုဆိုတဲ့ ဥစ္စာ ဘယ်နေရာရောက်နေပြီ ဖြစ်စေ ရပ်ရမှာပဲ၊ ရပ်လိုက်ပြီးတော့ ဆွေးနွေး၊ ဆွေးနွေးပြီးရင် တပ်တွေ ဘယ်လိုထားမလဲ ဘာညာဆိုတာ... ဒါက နောက်အလုပ် အဲ့တော့ ရပ်ကိုရပ်ရမယ်။ မရပ်ဘဲနဲ့တော့ ဒီငြိမ်းချမ်းရေးလုပ်ချင်တာတို့ တည်ငြိမ် အေးချမ်းမှုတွေကတော့ ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ အဲ့လိုပဲ ကျနော်မြင်ပါတယ်။"

နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်တဲ့ အခုကော်မတီ အဖွဲ့ဝင်တွေထဲမှာတော့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အပါအဝင် ရခိုင်တိုင်းရင်းသား လွှတ်တော်အမတ်တချို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG