သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြန်မာအစိုးရ လမ်းဖွင့်ထား


နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (၂၀၁၉ ဇန်နဝါရီ ၇ ရက်နေ့)
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (၂၀၁၉ ဇန်နဝါရီ ၇ ရက်နေ့)

မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တွေအကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပေမယ့်လည်း AAအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။ ကျောက်တော်ဒေသဘက်မှာ ပစ်ခတ်မှုတချို့ ရှိခဲ့သလို၊ ရသေ့တောင်မြို့နယ်မှာလည်း မနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး ပျောက်ဆုံးနေတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်ကာဒီချောင်းအတွင်း စက်လှေပေါ်က ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က ပစ်ခတ်လို့ ရဲတပ်သားတစ်ဦး ရေထဲမျောပါသွားပြီး လက်နက်အချို့လည်း ရေထဲ နစ်မြုပ်သွားခဲ့ ရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ ၉ ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုးလုပ်ငန်း လုပ်ဆောင်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က လာရောက် တိုက်ခိုက်တာ ရှိတယ်လို့လည်း ဆိုပါတယ်။

ခုလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးမှုရှိစေဖို့ အစိုးရနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး တချိန်တည်းမှာလည်း AA အဖွဲ့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲလမ်းဖွင့်ထားတဲ့အကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောဆိုလိုက်တာပါ။

"အုပ်ချုပ်မှုနယ်မြေပေါ့နော်၊ ကိုယ့်ရဲ့နိုင်ငံပိုင်တဲ့နယ်မြေမှာတော့ အုပ်ချုပ်ရေး ယန္တရား တည်ငြိမ်အောင် ဆောင်ရွက်ရတာတော့ ဖြစ်တယ်။အဲ့အပေါ်မှာကတော့ ဒီအခု ရဲစခန်းတွေ တိုက်တယ် အခုဆိုရင် ရခိုင်မှာပြည်သူတွေလည်း ကျီးလန့်စာ စားပေါ့နော်။ ဆယ်တန်းစာမေးပွဲ ကျင်းပနေတဲ့ အချိန်မှာတောင် ဒါမျိုးတွေဖြစ်တော့ ဆယ်တန်းကလေးတွေလည်း တုန်လှုပ်ပြီးတော့ စာကျက်ရတာ အနှောင့်အယှက် ဖြစ်တယ်လို့လည်း ကျနာ်တို့ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ အစိုးရကတော့ ဒေသတွေတည်ငြိမ်အေးချမ်းရေးအတွက် အဓိကထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။အလားတူဘဲ တပ်မတော်ကလည်း တည်ငြိမ်အေးချမ်းရေးကို အစိုးရနဲ့အတူပေါ့နော် ပံ့ပိုးကူညီဆောင်ရွက် ရမှာဖြစ်တယ်။ နောက် မြန်မာနိုင်ငံရဲတပ်ဖွဲကပေါ့နော်။ဒီပေါ်မှာတော့ အစိုးရ တစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်သွားမှာဖြစ်တယ်။သို့သော် AAကိုတော့ လမ်းမပိတ်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ်ရောက်အောင်နိုင်ငံရေး စကားဝိုင်းပေါ်ရောက်အောင် ကျနော်တို့ ဖိတ်ခေါ်နေတယ်။အဓိက NCAထိုးဖို့ ကျနော်တို့ဖိတ်ခေါ်နေတယ်။ ကျနော်တို့ ဒီတစ်ဖွဲ့တည်းတင်မကဘူး ။ကျန်တဲ့အဖွဲ့တွေအားလုံးပါအောင် ကျနော်တို့ ဖိတ်ခေါ်နေတာဖြစ်တယ်။ အဲ့ဒီအတွက်လည်း ငြိမ်းချမ်းရေး ကော်မရှင်၊အစိုးရ ၊တပ်မတော်အားလုံး ကြိုးစားဆောင်ရွက်နေတယ်လို့ပြောချင်တယ်။"

လက်ရှိအခြေအနေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တဲ့ စိုးရိမ်စရာ အခြေအနေမျိုး ဖြစ်လာနေတာကြောင့် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ အစိုးရက အလေးအနက်ထား ကိုင်တွယ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"ဖြစ်လာတဲ့ အနေအထားအသစ်က ရခိုင်ပြည်နယ်အတွက်ရော ကျနော်တို့ ပြည်ထောင်စု အတွက်ရော စိုးရိမ်စရာအနေအထားဖြစ်လာတယ်။လုံခြုံရေးအရရော ဖွံ့ဖြိုးရေး အရရော နောက်ဒီမိုကရေစီ ကူးပြောင်းရေးအရပါ စိုးရိမ်စရာဖြစ်လာတယ်။"

လက်ရှိအခြေအနေမှာကတော့ မြန်မာစစ်တပ်နဲ့ AA အကြား တိုက်ပွဲတွေက နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။ မနေ့က ကျောက်တော်ကြီးဘက်မှာလည်း တိုက်ခတ်တဲ့အသံတွေ ကြားရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောက်တော်ဘက်က အခြေအနေကို သိရဖို့ တပ်မတော်သတင်းပြန်ကြားရေးနဲ့ AA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

မတ်လ၉ရက်နေ့တုန်းကတော့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း ကို AA က ဝင်ရောက် တိုက်ခိုက်ရာမှာ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရပြီး၊ တစ်ဦးပျောက်ဆုံး ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA ဘက်က ရဲစခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ဦး အထိ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ဖြစ်ပွားနေတဲ့ နှစ်ဘက် တိုက်ပွဲတွေကြောင့် လတ်တလော စစ်ဘေးသင့်ပြည်သူ တသောင်းကျော် ထွက်ပြေးနေကြရပြီး ဒီလိုနယ်မြေ မတည်ငြိမ်မှုတွေကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေလည်း တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG