သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC ဖျက်သိမ်းရလု နီးပြီလား


UNFC ခေါင်းဆောင်များ
UNFC ခေါင်းဆောင်များ

KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီဟာ UNFC လက်နက်ကိုင် တပ်ပေါင်းစုကနေ နှုတ်ထွက်တော့မယ်လို့ မကြာသေးမီက ဆုံးဖြတ်ခဲ့ပါတယ်။ တချိန်က အင်အား တောင့်တင်းခဲ့ပြီး သြဇာကြီးမားခဲ့တဲ့ UNFC ထဲကနေ အခုလိုတဖွဲ့ချင်း ခွဲထွက်သွားနေတာကြောင့် UNFC အဖွဲ့ကို ဖျက်သိမ်းရမယ့် အခြေအနေဆိုက်နေတယ်လို့ သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ နှုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်း ကျင်းပခဲ့တဲ့ KNPP ပါတီ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးပေါ့ ဇန်နဝါရီလထဲမှာ လုပ်ခဲ့တဲ့ အဲ့ဒီကိစ္စတော့ ရှိတယ်။ ဒါပေမဲ့ အများ ဆန္ဒကတော့ သူတို့နှုတ်ထွက်ဖို့တော့ ရှိတယ်။"

UNFC ရဲ့အဖွဲ့ဝင်တွေ နှုတ်ထွက်ခွင့်ကို ဗဟိုညီလာခံကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတာပါ။ KNPP နှုတ်ထွက်မယ့်ကိစ္စကို မသိရှိရသေးကြောင်း UNFC တပ်ပေါင်းစု ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ဆိုပါတယ်။

"အမှန်က မသိဘူးဗျ အဲ့ဒီကိစ္စတွေ။ KNPP က စာတင်တာလည်းမရှိဘူး။ အရေးပေါ် ညီလာခံခေါ်ဖို့ တောင်းဆိုတာလည်းမရှိဘူး။"

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ NMSP ကလည်း UNFC ကနေ နှုတ်ထွက်တော့မယ်လို့ ၂၀၁၈ စက်တင်ဘာ လထဲမှာ ကြေညာထားတာပါ။ အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့နဲ့ အရင်ကစုစည်းထားတဲ့ UNFC ဟာ လောလောဆယ် မွန်ပြည်သစ်ပါတီ၊ KNPP ကရင်နီ၊ SSPP ရှမ်းမြောက်တပ်ဖွဲ့၊ ANC ရခိုင် အမျိုးသားကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ၅ဖွဲ့ထဲသာ ကျန်တော့တာပါ။

လာမယ့် UNFC ညီလာခံ ကျင်းပချိန်ကျရင် ANC ကလွဲပြီး ကျန် ၄ ဖွဲ့ နှုတ်ထွက်ဖို့ရှိတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ရွှေသိန်းက မွန်ဘာသာနဲ့ပြောပါတယ်။

"အစည်းအဝေးကတော့ ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာကို မသိပေမယ့် ဒီတခါတော့ ဖြစ်အောင်လုပ်ရမှာပါ။ အဲ့ဒီတခါ လုပ်ဖြစ်တော့မှပဲ ကျနော်တို့ ဘယ်လို ရုပ်သိမ်းမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ နှုတ်ထွက်မယ်ဆိုတော့ သူတို့နဲ့ ANC နဲ့ပဲ ကျန်တော့တာမို့ မထူးပါဘူး။ ကျနော်တို့ထွက်တာနဲ့ သူတို့လည်း နှုတ်ထွက်ရတာပေါ့လေ။"

UNFC ထဲကနေ အခုလိုမျိုး တဖွဲ့ချင်း နှုတ်ထွက်နေကြတာကြောင့်၊ နောက်ဆုံး UNFC ကိုဖျက်သိမ်းရမယ် အခြေအနေ ဆိုက်သွားမယ်လို့ အမေရိကန်အနောက်ဘက် ကာလီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က သုံးသပ် ပါတယ်။

"UNFC က ၂၀၁၁ ခုနှစ်မှာ စဖွဲ့လာတယ်။ သူစဖွဲ့တုန်းကဆိုရင် တော်တော်အင်အားကြီးတယ်။ ၂၀၁၄ မှာ ကျတော့ KNU အပါအဝင် အဖွဲ့ ၃ ဖွဲ့က ထွက်သွားတယ်။ ထွက်သွားပြီးတော့မှ NCA ကို သွားထိုးလိုက်တယ်။ ထွက်သွားတော့ နောက်ဆုံး အခု ၂၀၁၉ မှာ ကျနော်တို့ ကြားနေတာက မွန်ပြည်သစ်လည်း ထွက်တော့မယ်၊ ကရင်နီတိုးတက်ရေး အဖွဲ့ကလည်း ထွက်မယ်လို့ပြောတယ်။ ဆိုတော့ ဒီ UNFC က ဘာမှ မကျန်တော့ဘူး။ အခုဆိုရင် နာမည်ပဲရှိတော့တယ်။ ဒီ UNFC အနေနဲ့ ငြိမ်းချမ်းရေးမှာ ဆွေးနွေးဖို့လည်း ဒါက UNFC အဖွဲ့နဲ့တော့ သွားလို့တော့ မရတော့ဘူးလို့ ကျနော်ထင်တယ်။ UNFC လည်း သူတို့ ဖျက်သိမ်းရလိမ့်မယ်လို့ ကျနော်မြင်တယ်။"

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၊ သမ္မတ ဦးသိန်းစိန်လက်ထက် NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ KNU ကရင် တော်လှန်ရေးအဖွဲ့ရော RCSS ရှမ်းပြည် တောင်ပိုင်းတပ်ဖွဲ့ပါ နှုတ်ထွက်သွားသလို၊ နောက်ပိုင်းမှာ KIO/KIA ကချင် လက်နက်ကိုင်အဖွဲ့ စတာတွေကလည်း နှုတ်ထွက်သွားကြတာကြောင့် တချိန်ကသြဇာကြီးမားခဲ့တဲ့ UNFC ဟာ နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရှိန်အဝါ ကျဆင်းသွားတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

UNFC ဖျက်သိမ်းရလု နီးပြီလား
please wait

No media source currently available

0:00 0:03:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG