မြန်မာအစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားတွေ မျှော်မှန်းထားတဲ့ လမ်းကြောင်းက သွေဖည်နေကြောင်း အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောဆိုလိုက်ပါတယ်။ သွေဖည်နေတဲ့ လမ်းကြောင်းကို ပြန်လည်တည့်မတ်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ ကျင်းပတဲ့ အစိုးရ၊တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ပြီးနောက်မှာ ကရင်အမျိုးသား အစည်းအရုံးKNU နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ဟာ တရားဝင်နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ယာယီရပ်ဆိုင်းခဲ့သလို NCA အဖွဲ့တွေ ပူးပေါင်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးဟာလည်း ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
ဒီလို ရပ်ဆိုင်းပြီး ၄လကြာမြင့်တဲ့နောက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီကနေ့ PPST အထူးအစည်းအဝေး ကို ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး အဖွင့်နုတ်ခွန်း ဆက်မိန့်ခွန်းမှာ လက်ရှိ နိုင်ငံရေးအခြေအနေကို အဖွဲ့ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက အခုလို ထည့်သွင်းပြောဆိုပါတယ်။
“ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းဟာ မူလက ကျနော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်။ ဒါကို ဓမ္မဓိဌာန်ကျကျကသုံးသပ်ပြီး ပြန်လည်တည့်မတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ တကယ်လို့ ဒီလိုလမ်းကြောင်း အပြောင်းအလဲဖြစ်ဖို့ လိုအပ်လာပြီဆိုရင်လည်း NCA ပေးထားချက်တွေနဲ့ သွေဖည်ခြင်းမရှိစေဘဲ ပါဝင်သူအားလုံးအကြားမှာ အကျေအလည်ဆွေးနွေးဖို့ လိုအပ်မှာ လည်း ဖြစ်ပါတယ်။ ”
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီမှာ KNU နဲ့ RCSSS ဥက္ကဌ ၂ဦးဟာ အချက် ၃ချက်ပါတဲ့ စာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ ပေးပို့ခဲ့ကြောင်းနဲ့ ဒီစာပါအချက်တွေကို PPST အဖွဲ့ဝင်တွေအကြားမှာ ဘုံသဘောရယူဖို့အတွက် ညှိနှိုင်းဆွေးနွေးကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက တိုက်တွန်းထားပါတယ်။
ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်တဲ့ RCSS အဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ်ဦးခွန်ဆိုင်းက
“ ဒီနေ့ကတော့ အစီရင်ခံတာလောက်ပဲ ရှိသေးတယ်။ မနက်ဖြန်ကြရင်တော့ အသေးစိတ်ပြောကြလိမ့်မယ်။ အခုလောလောဆည်ကတော့ အစီရင်ခံတာ နားမလည်တာတွေကို မေးတာ၊ ရှင်းတာ အဲဒါလောက်ပဲ ရှိသေးတယ်။ အဓိကက။ မနက်ဖြန်ကျတော့ သူတို့ လုပ်ငန်းစဉ်တွေ ဘာတွေ လုပ်သွားမယ့် ကိစ္စ အသေအချာ ပြောနိုင်မှာ ဖြစ်ပါတယ်။”
KNU နဲ့ RCSS က အချက် ၃ချက်ပါ စာကို ပေးပို့စဉ်က PPST ရဲ့ သဘောထားအနေနဲ့ ပေးပို့ခဲ့တာမဟုတ်တဲ့အတွက် ဒီကနေ့ အစည်းအဝေးမှာ ဒီအချက်တွေကို ပြန်လည် ဆွေးနွေးခဲ့တာတွေ ရှိခဲ့ကြောင်း ပြောဆိုပေမဲ့ ဒီအချက် ၃ချက်ကိုတော့ ဦးခွန်ဆိုင်းက ရှင်းလင်းပြောဆိုတာမရှိပါဘူး။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ ပြည်ထောင်စုက ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးနဲ့ တပ်တွေပြန်လည်ပေါင်းစည်းရေးစတဲ့ ကိစ္စတွေ ပြေလည်အောင်မဆွေးနွေးနိုင်သေးတဲ့အခြေအနေတွေမှာ KNU နဲ့ RCSS က နိုင်ငံရေးဆွေးနွေးတာတွေကို ယာယီရပ်ဆိုင်းခဲ့ပြီး အချို့အဖွဲ့အစည်းတွေကတော့ NCA ပါ သဘောတူညီချက်အရ ငြိမ်းချမ်းရေးညီလာခံကို ဆက်လက်ဆောင်ရွက်လိုတာတွေ ရှိနေပါတယ်။
PPST အတွင်း ဒီကွဲလွဲနေတဲ့အချက်အပေါ်မှာ မညှိနှိုင်းနိုင်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အားနည်းလာနိုင်ကြောင်း ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။
“ လောလောဆည် တကယ်လို့ သူတို့ ဘာမှ ဆုံးဖြတ်ချက်မပေးနိုင်ဘူးဆိုရင် သူတို့ ပူးပေါင်းဆောင်ရွက်မှုကလည်း အားပိုနည်းသွားမှာပေါ့။ အားနည်းသွားလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူက အဆင့်ထပ်တက်နိုင်ဖို့ နည်းနည်းခက်သွားမှာပေါ့။ အဲဒါပဲ ဖြစ်တယ်နော်။ ”
PPST အထူး အစည်းအဝေးကို မနက်ဖန်အထိ ဆက်လက်ကျင်းပမှာလည်း ဖြစ်သလို ဒီအစည်းအဝေးဟာ PPST မပြိုကွဲရေးအတွက်လည်း အရေးပါတဲ့ အစည်းအဝေးအဖြစ် သုံးသပ်တာတွေ ရှိနေပါတယ်။