သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံ


အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ KIO တာဝန်ရှိသူများ ဇွန်လ ၂၀ ရက်နေ့တုန်းက တွေ့ဆုံစဉ် .(Kachin News Group)
အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ KIO တာဝန်ရှိသူများ ဇွန်လ ၂၀ ရက်နေ့တုန်းက တွေ့ဆုံစဉ် .(Kachin News Group)

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ တရုတ်နိုင်ငံကူမင်းမြို့ မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ လောလောဆည် မှာတော့ ဘယ်အချက်တွေကို ဆွေးနွေးတယ်၊ ဘယ်အချက်တွေ သဘောတူညီချက် ရတယ်ဆိုတာကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တစ်ချိန်တည်းမှာပဲ တပ်မတော် ညှိနှိုင်းရေးအဖွဲ့ နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ နဲ့ SSPPတို့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ အခြေအနေတွေကို ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ် သတင်းထောက် ကိုမိုးဇော် က ပေးပို့ထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာနNRPC ကိုယ်စားလှယ် အဖွဲ့ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP/MNDAA ကိုးကန့်အဖွဲ့၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖြစ်ကြောင်းကို KIO က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။

“ တွေ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာမှ သတင်းကတော့ မထွက်သေးဘူး။ ဘာမှ အကြောင်းမကြားသေးဘူး။ ကျနော်တို့ ဗဟိုကော်မတီရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ဦးလနန်ပေါ့။ ကျနော်တို့ အထွေထွေအတွင်းရေးမှုး သူက ဦးဆောင်ပြီးမှ သွားတာပါ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၄ဖွဲ့ လုံးသွားတယ်လို့ ကြားပါတယ်။ ဘာအကြောင်းတွေ ဆွေးနွေးတယ်။ ဘာကြောင်းတွေ တွေ့ဆုံကြတယ်ဆိုတာတော့ အခုထက်ထိကတော့ ဘာမှ မကြားရသေးဘူး။”

NRPC ရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲအခြေအနေကို မေးမြန်းဖို့ ပါဝင်တက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်မှာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ် ၅ခုနယ်မြေအတွင်းမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ခဲ့တဲ့နောက် ၂လတာကာလအတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေ သိသိသာသာလျော့ကျခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဆွေးနွေးပွဲမှာ ပါဝင်တဲ့ AA ရက္ခိုင်တပ်မတော်နဲ့ တပ်မတော်အကြား ရခိုင်ပြည်နယ် အတွင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေဆဲရှိပြီး AA တပ်ဖွဲ့တွေ ရခိုင်ပြည်နယ် မှာ ခြေကုတ်ယူမှာကို တပ်မတော်က လက်မခံကြောင်းလည်း ဒီလ ၂၃ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတေ်ာသတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောဆိုထားပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီလ ၂၁ရက်နေ့က NRPC နဲ့ KIO တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံအပြီး သဘောတူညီချက်အရ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီလို ဆွေးနွေးနေတဲ့ တချိန်တည်းမှာပဲ တနင်္လာနေ့ မနက်ပိုင်းကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီနဲ့ SSPPတို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့အချက်တွေကိုတော့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က အခုလို ပြောပါတယ်။

“ အဓိကကတော့ ကျနော်တို့ ပုံမှန် ဆက်သွယ်နိုင်မယ့် ယန္တရားပေါ့နော်။ ဘယ်လို လုပ်ကြမလဲ ။ အဲဒါကို ကျနော်တို့ စပြီးတော့ ဖော်ချင်တဲ့အပိုင်းပေါ့။ ဒီနားလည်မှု၊ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်အောင် ဒေသဖွံ့ဖြိုးရေးကစပြီးတော့ ပုံမှန် တွေ့ဆုံနိုင်ဖို့၊ အဲဒါကို ကျနော်တို့က အဓိက ဆွေးနွေးဖြစ်တာပါ။ ဒီဟာကို လုပ်နိုင်မယ် ဆိုရင်တော့ ဒါ ပဋိပက္ခကို တစ်စုံတစ်ရာဖြေလျော့နိုင်မယ်။ အဲဒီကနေတစ်ဆင့် ယုံကြည်မှု ကို ပြန်ပြီးတည်ဆောက်နိုင်မယ်ဆိုတဲ့အပိုင်းပါပဲ။ ”

ဒီဆွေးနွေးပွဲမှာ တပ်မတော်ဘက် ဒီဇင်ဘာ ၂၁ နဲ့ ဇန်နဝါရီ ၂၄ရက်က ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ထုတ်ပြန်ချက်ကို ပြန်လည်ရှင်းလင်းသလို SSPPဘက် ဒီထုတ်ပြန်ချက် မှာ ပါဝင်တဲ့ နယ်မြေကိစ္စတွေကို ပြန်လည်ဆွေးနွေးခဲ့သလို ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးခံထားရတဲ့ SSPP အဖွဲ့ဝင်တွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

SSPP အဖွဲ့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ NRPC နဲ့ နေပြည်တော်မှာ ဆွေးနွေး ခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်- မြန်မာနယ်စပ် အခြေစိုက် FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ FPNCC အဖွဲ့ဟာ နိုင်ငံရေး၊ငြိမ်းချမ်းရေးကိစ္စရပ်တွေကို တဖွဲ့ချင်းစီ မဟုတ်ဘဲ ကော်မတီအနေ နဲ့ ဆွေးနွေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG