သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ထုတ်ပြန်ချက် ငြိမ်းချမ်းရေး ရှေ့ကို တိုးနိုင်မယ့် လမ်းစ ဖြစ်ပါရဲ့လား


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရ သေး တဲ့ အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကြေညာချက်ကို ဖတ်ပြစဉ်။ (၁၂-၂၁-၁၈)
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရ သေး တဲ့ အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကြေညာချက်ကို ဖတ်ပြစဉ်။ (၁၂-၂၁-၁၈)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ စစ်တိုင်း(၅) ခုမှာ ၄ လကျော်ကြာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု အားလုံး ရပ်ဆိုင်းပေးထားမယ် ဆိုတဲ့ အချက် ၁၁ ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ ဒါဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကိုးကန့်၊ တအာန်းပလောင် နဲ့ ရခိုင်AA တပ်ဖွဲ့တွေဘက်ကနေ “စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဦးစွာ ရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှ အပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန် ကြေငြာခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့ ကြေငြာချက် ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဘာတွေ ဖော်ပြထားသလဲ၊ အဲဒီထုတ်ပြန်ချက်အပေါ် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေက ဘယ်လို သဘောထားသလဲ၊ ဒီ ထုတ်ပြန်ချက်ကြောင့် တစ်ဆို့သလို ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်မလား ဆိုတာ ခုတစ်ပတ် တင်ပြသွားပါ့မယ်။

တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေကတော့ လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဦးစွာ ရပ်တန့်ထားမယ် ဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး တပ်မတော်ဘက်ကလည်း စစ်တိုင်း ၅ တိုင်းမှာ လာမယ့် ၂၀၁၉ ဧပြီလ ကုန်သည်အထိ ၄ လကျော်ကြာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ အားလုံး ရပ်ဆိုင်းထားမယ် ဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော၊ NCA ထိုးထားပြီး အဖွဲ့တွေနဲ့ပါ လိုအပ်ရင် တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံဆွေးနွေးပေးမယ် ဖြစ်တဲ့အကြောင်း၊ အဲဒီအတွက် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အဖွဲ့ကိုလည်း တပ်မတော်ဘက်က ဖွဲ့စည်းထားပြီ ဖြစ်တဲ့အကြောင်း၊ တိုက်ပွဲရှောင် ပြည်သူတွေ မူလ နေရပ်ပြန်နိုင်ရေး တပ်မတော်ဘက်က လိုအပ်သလို ပူးပေါင်းကူညီ စောင့်ရှောက်ပေးသွားမယ့်အကြောင်း၊ နောက်ဆုံး တပ်မတော် အနေနဲ့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်ပြီး ငြိမ်းချမ်းရေးကို ပြည်သူတွေလက်ဝယ် အရောက်အပ်နှင်းမယ်လို့ သံန္နိဌာန် ချထားတဲ့နည်းတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ကတိကဝတ် ပြုဖို့၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး အထိ ဆောင်ရွက်သွားဖို့ တိုက်တွန်းချက်တွေ ပါဝင်ပါတယ်။

ထူးခြားတာ တခုကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အဲဒီ ကြေငြာချက်ကို ထုတ်ပြန်ပြီးနောက်ပိုင်း NRPC အစိုးရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးလိုလိုက တုန့်ပြန်တဲ့ ကြေငြာချက်တွေ ထုတ်ပြန်ခဲ့ကြတာပါ။ NRPC ရဲ့ ကြေငြာချက်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး NCA မထိုးရသေးတဲ့ လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ထိုးပြီး ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ စားပွဲဝိုင်းဆီ ရောက်လာအောင် ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ကြေငြာချက်တွေမှာတော့ အကြမ်းဖျဉ်းအားဖြင့် အဖွဲ့အားလုံးလိုလိုက တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် KNU ကရင်တပ်ဖွဲ့၊ KNPP ကရင်နီ တပ်ဖွဲ့၊ ငြိမ်းချမ်းရေး ကောင်စီ၊ KIA ကချင်တပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ SSPP/SSA ရှမ်းတပ်ဖွဲ့၊ ALP ရခိုင်တပ်ဖွဲ့နဲ့ ကိုးကန့်၊ တအာန်း၊ ရခိုင်AA သုံးဖွဲ့ပေါင်း အဖွဲ့တွေကတော့ တပ်မတော်ရဲ့ စစ်တိုင်း ၅ တိုင်းမှာပဲ အပစ်ရပ်တာ မလုံလောက်တဲ့အကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ် ကြေငြာဖို့ လိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

အလားတူ တပ်မတော်ကနေ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ဦးဆောင်စေပြီး လိုအပ်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမယ် ဆိုတဲ့ ကိစ္စကိုတော့ RCSS/SSA ရှမ်းတပ်ဖွဲ့၊ KNU ကရင်တပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့တို့က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီအဖွဲ့တွေဟာ တပ်မတော်နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ အတွက် တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုထားကြတဲ့ အဖွဲ့တွေ ဖြစ်နေလို့ပါပဲ။

ထူးခြားတာ တခုကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ကျမှ ထုတ်ပြန်လိုက်တဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ။ KIA ကဦးဆောင်ပြီး ကိုးကန့်၊ တအာန်းပလောင်နဲ့ ရခိုင် AA အဖွဲ့ ပေါင်းထားတဲ့ အဲဒီ ၄ ဖွဲ့ဟာ တပ်မတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ဆွေးနွေးရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လိုအပ်ချက် သဘောထားကို ခပ်တင်းတင်း တောင်းဆိုလိုက်လို့ပါပဲ။ ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့ ဆွေးနွေးတဲ့အခါ သူတို့ ၄ ဖွဲ့ပေါင်းပြီး ဆွေးနွေးမယ်၊ ဆွေးနွေးပွဲတိုင်းမှာ ၀ လက်နက်ကိုင်အဖွဲ့ ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ဝ၊ မိုင်းလားနဲ့ SSPP/SSA ရှမ်းတပ်ဖွဲ့တွေကို အသိသက်အနေနဲ့ ဖိတ်ကြားသွားမယ်၊ ဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံမှာပဲ လုပ်မယ် ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါတင်မက တပ်မတော်အနေနဲ့ စစ်တိုင်းအားလုံးမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု အားလုံး ရပ်ဆိုင်းပေးဖို့၊ ရခိုင်ပြည်နယ်မှာ ရခိုင်AA တပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပြီး အဲဒီ နှစ်ခု အကောင်အထည် ဖော်ပါမှ သူတို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်ကနေ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ရပ်ဆိုင်းသွားမယ့်အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

တကယ်တော့ မူလ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင် အရင် ၂၀၁၅ NCA စာချုပ် လက်မှတ်ရေးထိုးစဉ်က အစိုးရနဲ့ တပ်မတော်ဘက်က လက်မှတ်ရေးထိုးခွင့် မပေးပဲ ချန်လှပ်ထားခဲ့တဲ့ လက်နက်ကိုင် ၃ ဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ရောက်လာအောင် ငြိမ်းချမ်းရေးကော်မရှင် နဲ့ ညှိနှိုင်းရာကနေ အစ ပြုလာတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ အကြိမ်ကြိမ် ညှိနှိုင်းပြီးတဲ့နောက် လက်နက်ကိုင် ၃ ဖွဲ့ဘက်ကနေ “စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဦးစွာ ရပ်တန့်ထားမယ်”လို့ ကြေငြာပြီးနောက်မှ တပ်မတော်ဘက်က စစ်တိုင်း ၅တိုင်းမှာ ၄လကျော်ကြာ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမယ်လို့ ကြေငြာခဲ့တာပါ။ အခု မြောက်ပိုင်း ၄ ဖွဲ့ ထုတ်ပြန်ချက် အရ ဆိုရင်တော့ တပ်မတော်ဘက်က စစ်တိုင်းအားလုံး အပစ်ရပ်တာ မလုပ်ရင်၊ ရခိုင်ပြည်နယ်မှာ ရခိုင် AA တပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာ မရပ်ရင် သူတို့ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းပေးဖို့ မရှိဘူး ဆိုတဲ့ သဘော ပြန်သက်ရောက်သွားစေပါတယ်။ ဒါဆိုရင် နှစ်ဖက် အခြေအနေတွေဟာ အရင် မူလ တင်းတင်းမာမာ အခြေအနေအတိုင်း ပြန်ရောက်သွားတဲ့ သဘော သက်ရောက်စေပါတယ်။ KIA ခေါင်းဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ရဲ့ ကြေငြာချက်မှာ ပြသနာတွေ အများကြီး ပါဝင်နေသလို၊ နဂိုမူလ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ကြေငြာချက်မှာလည်း မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေဆဲပါ။ တပ်မတော်ဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ဦးဆောင်စေပြီး သီးသန့် အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တာဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မလဲ ဆိုတာ သိပ်ပြီးတော့ မရှင်းလင်းပါဘူး။ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်သားတွေ ပါဝင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ပဲ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲလို ဆွေးနွေးမှုကနေ တဆင့်ပဲ NCA စာချုပ်ပေါ်ပေါက်လာအောင်အထိ စွမ်းဆောင်ခဲ့တာပါ။

နောက်ပြသနာ တခုကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြသနာ အကြီးအကျယ် တက်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး လုပ်ဖို့၊ တနည်းအားဖြင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ အကောင်အထည် ဖော်ဖို့ လိုအပ်တယ် ဆိုတဲ့သဘော ထပ်လောင်း ပြောဆိုလိုက်ခြင်းပါ။ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ တစ်ဆို့နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး၊ ရှေ့ကို သေခြာပေါက် တိုးတက်လာတော့မယ် ဆိုသည်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မမျှော်မှန်းနိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG