သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA တိုက်ခိုက်မှုပြသနာ ဘယ်လို အဖြေရှာမလဲ


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

အခုရက်ပိုင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းကတော့ မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည်နေ့မှာ AA ရခိုင်တပ်ဖွဲ့ကနေ ရခိုင်ပြည်နယ်က ရဲကင်းစခန်း ၄ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်တာ၊ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော် ထိပ်သီးအစည်းအဝေးလုပ်၊ အဲဒီ အစည်းအဝေးအကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ လုပ်တာ စတဲ့ သတင်းတွေပါပဲ။ လွယ်လွယ်ပြောရရင် ရခိုင် AA တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ သတင်းတွေလို့ ပြောရင်လည်း ရပါတယ်။ ရခိုင်ပြည်နယ်ထဲက AA တပ်ဖွဲ့ရဲ့ နောက်ဆုံး အခြေအနေ၊ AA တပ်ဖွဲ့နဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်ရဲ့ သဘောထား ဘယ်လို ဖြစ်မလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေးကိုရော ထိခိုက်စေနိုင်သလား ဆိုတာ ခုတစ်ပတ် လေ့လာဆွေးနွေးကြည့်ကြရအောင်ပါ။

ဇန်နဝါရီ ၄ ရက် AA တပ်ဖွဲ့ရဲ့ ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်မှု မတိုင်ခင် အချိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ စစ်တိုင်း ၅ တိုင်းမှာ ၄ လကျော်ကြာ အပစ်အခတ် ရပ်ထားမယ့် အကြောင်း ကြေငြာထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ AA ရခိုင်တပ်ဖွဲ့ အခြေချထားပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တဲ့ ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါဘူး။ တပ်မတော်ရဲ့ အပစ်ရပ် ကြေငြာချက်မှာ ရခိုင်ပြည်နယ်နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တစ်ချို့ မပါဝင်တဲ့ ကိစ္စ KIA ကချင်လက်နက်ကိုင်အဖွဲ့ အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့က ထောက်ပြ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကချင်၊ ကိုးကန့်၊ တအာန်းပလောင် နဲ့ ရခိုင် AA ၄ ဖွဲ့ ပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကတော့ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ အခြား အချက်တွေနဲ့ အတူ “ရခိုင်ပြည်နယ်မှာ ရခိုင်AA တပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပြီး အဲဒါတွေ အကောင်အထည် ဖော်ပါမှ သူတို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်ကနေ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ရပ်ဆိုင်းသွားမယ့်အကြောင်း” ဆိုပြီး တောင်းဆိုပါတယ်။ ဒီ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်က တပ်မတော်ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေ ရပ်ဆိုင်း မပေးတာကြောင့် ခုလို လွတ်လပ်ရေး နှစ်ပတ်လည်နေ့မှာ ရဲကင်းစခန်း ၄ ခုကို တပြိုင်နက်တည်း တိုက်ခိုက် တုန့်ပြန်လိုက်တာ ဖြစ်နိုင်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာမှာ AA တပ်ဖွဲ့ဘက်က အင်အား ၃၀၀ ဝန်းကျင်လောက် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအပြီး ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေမှာ ရဲစခန်းနံရံနဲ့ အမိုးတွေမှာ ကျည်ဆံရာ ဇကာပေါက်တွေလို ဖြစ်နေတာကိုကြည့်ရင် AA အဖွဲ့ဟာ လက်နက်ငယ် အပြည့်အစုံနဲ့ ကျည်အား အများကြီး အသုံးပြု တိုက်ခိုက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု(၂) ကြိမ်နဲ့ အတော်လေးကို ခြားနားတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်အပြီး နားလည်လို့ရနိုင်တာကတော့ ရခိုင်ပြည်နယ်မှာ အခြေချပြီးဖြစ်တဲ့ AA လက်နက်ကိုင် အဖွဲ့အင်အားဟာ သေးသေးမွှားမွှား မဟုတ်တော့ဘူးဆိုတာ မှန်းဆ နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရရဲ့ ခွင့်ပြုချက်ကိုလည်း ရပြီဖြစ်လို့ တပ်မတော်ဘက်ကလည်း ရခိုင်ပြည်နယ်ထဲက AA တပ်ဖွဲ့ကို အသေအခြာ ချေမှုန်းတာ လုပ်နေပါပြီ။ မေးစရာ မေးခွန်းကတော့ တပ်မတော်ကနေ ရခိုင်ပြည်နယ်ထဲကနေ AA ကို အပြီးတိုင် ချေမှုန်းပစ်နိုင်မှာလား ဆိုတာပါ။

လတ်တလော နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုကြည့်ရင် အဲလို နှိမ်နင်း၊ မောင်းထုတ်ဖို့ မလွယ်လောက်ဘူးလို့ မှန်းဆ နိုင်ပါတယ်။ တကယ်တော့ လွတ်လပ်ရေး ရပြီး နောက်ပိုင်းကစ အစိုးရ အဆက်ဆက်ကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပုန်ကန်မှု ရှိခဲ့ပါတယ်။ ပထမတုန်းကတော့ ကွန်မြူနစ်ပါတီတွေ ဦးဆောင်တဲ့ လက်ဝဲ ပုန်ကန်မှုတွေဖြစ်ပြီး စစ်အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၆၇ ခုနှစ်ဝန်းကျင်ရောက်တော့မှ အမျိုးသားရေး လက္ခဏာဆောင်တဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေ ထူထောင် ပုန်ကန်မှု လုပ်ခဲ့ကြတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်ထဲမှာ မဟုတ်ပဲ ALA နဲ့ ALP နှစ်ဖွဲ့စလုံး ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ ဖွဲ့စည်းခဲ့ကြတာပါ။ အဲဒီအချိန်ကတည်းက ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အဓိက ရည်မှန်းချက်ဟာ သူတို့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရခိုင်ပြည်နယ်ထဲမှာ အခြေချရေး ဖြစ်ခဲ့ပါတယ်။

အဲလို အခြေချနိုင်ဖို့ ၁၉၇၀ ကျော်နှစ်တွေက ရခိုင်တပ်ဖွဲ့တွေဟာ ထိုင်းနယ်စပ် ကေအဲန်ယူ နယ်မြေကနေ ကရင်နီ၊ ရှမ်း၊ ကချင် ပြည်နယ်ကို နယ်စပ်နားကနေ ပတ်၊ ဖြတ်သန်းပြီး ချင်းပြည်နယ်ထဲကနေ တဆင့် ရခိုင်ပြည်နယ်ထဲဝင်ရောက်ဖို့ မိုင် ရာပေါင်းများစွာရှိတဲ့ ခရီးရှည်ချီတက်ပွဲကြီး ဆင်နွဲှခဲ့ကြပါသေးတယ်။ ဒါပေမယ့် ချင်းပြည်နယ် အဖြတ်မှာ တပ်မတော်ရဲ့ ချေမှုန်းတာကို ခံရပြီး ခေါင်းဆောင်လည်းကျဆုံး တစ်ချို့ ဖမ်းဆီးခံရပြီး ထောင်ထဲရောက်ကုန်ပါတယ်။ နောင် နှစ်ပေါင်း ၄၀ နီးပါးကြာသည်အထိ ရခိုင်တပ်ဖွဲ့တွေ ရခိုင်ပြည်နယ်ထဲ အင်နဲ့အားနဲ့ ခြေချလှုပ်ရှား၊ တပ်မတော်ကို အံတု တိုက်ခိုက် နိုင်တာမျိုး မရှိခဲ့ပါဘူး။

နောက်ပိုင်း ၂၀၀၉ ခုနှစ် KIA ကချင်လက်နက်ကိုင် နယ်မြေမှာ ဖွဲ့စည်းလိုက်တဲ့ ရခိုင် AA တပ်ဖွဲ့ကတော့ ပထမပိုင်းမှာ မဟာမိတ်တွေနဲ့ အတူတွဲ တိုက်ခိုက်တာတွေ လုပ်ပြီး ၂၀၁၅ ခုနှစ်ရောက်မှ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေ စပြီး ထွက်ပေါ်လာပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ၂၀၁၆ ဧပြီလကုန်မှာတော့ AA တိုက်ပွဲပြသနာ လွှတ်တော်ထဲအထိ ရောက်လာပါတယ်။ အမျိုးသားလွှတ်တော်ထဲမှာ ရခိုင်အမတ် ဦးဝေစိန်အောင် တင်လာတဲ့ အဆိုကတော့ “ မြန်မာ့ တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့အကြား ရခိုင်ပြည်နယ် အတွင်း ယခုတလော တကြော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ခြင်း ရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုတဲ့ အဆိုပဲ ဖြစ်ပါတယ်။ ဒီအဆိုကို တင်လာပြီးနောက် သိလိုက်ရတာကတော့ ရခိုင်နိုင်ငံရေး ခေါင်းဆောင် အားလုံးလိုလိုဟာ AA တပ်ဖွဲ့ ရခိုင်ပြည်နယ်မှာ အခြေချတာကို ထောက်ခံတယ်ဆိုတာ သိလိုက်ရပါတယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ချို့က AA ရခိုင်ပြည်နယ်ထဲ အခြေချဖို့ ကြိုးစားတာကို ကိုယ့်မိခင်ဌာနေ ကိုယ်ပြန်လာတာပါလို့ ဆိုကြပါတယ်။ လွှတ်တော်တွင်းမှာတော့ ရခိုင်အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲခဲ့ပါတယ်။ အဲဒီ အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေကို ဆုံးဖြတ်ချက် မချခဲ့ပဲ မှတ်တမ်းတင်ရုံလောက် လုပ်ပြီး နှစ်ဖက်တင်းမာမှု လျော့ကျရုံပဲ လုပ်နိုင်ခဲ့တာပါ။ ဒီနေ့အချိန်ထိ တပ်မတော်ဘက်က AA တပ်ဖွဲ့ ရခိုင်ပြည်နယ်ထဲ အခြေချတာကို လက်မခံနိုင်သေးပေမယ့် AA တပ်ဖွဲ့ကတော့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ရခိုင်တိုင်းရင်းသား အလွှာစုံရဲ့ ထောက်ခံမှု ပိုရလာတာကိုတော့ တွေ့မြင်လာရပါတယ်။

နောက်ဆုံးအခြေအနေအရ ရဲကင်းစခန်းတွေ ဝင်အတိုက်ခံရလို့ AA ကို တန်ပြန် ထိုးစစ်ဆင်ရတယ် ဆိုပေမယ့် တပ်မတော်ဘက်ကတော့ တစ်ချိန်ချိန်မှာ အပစ်အခတ် ရပ်ပေးပြီး AA ကို အသိအမှတ်ပြု၊ နိုင်ငံရေး ဆွေးနွေးပွဲဝိုင်းရောက်အောင် ခေါ်ယူဖို့ လိုပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် AA အခြေစိုက်ရာ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ရုံမက၊ အစိုးရအခြေစိုက်ရာ ဒေသတွေမှာပါ မိုင်းထောင်တာ၊ လုပ်ကြံတာ၊ ဖေါက်ခွဲတာ စတာတွေ ဖြစ်လာမယ့် အလားအလာတွေ ရှိသလို၊ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေရဲ့ တုန့်ပြန် တိုက်ခိုက်မှုတွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးပြောသလို စစ်ပွဲဟာ ရခိုင်ပြည်နယ်မှာပဲ ကွက်ပြီး ဖြစ်ပွားနေဖို့တော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ကို အမှန်တကယ် ငြိမ်းချမ်းစေချင်ရင်တော့ ရောက်တဲ့ နေရာကနေ တိုက်ပွဲတွေရပ်၊ ပစ်ခတ်နေရတဲ့ အဖွဲ့အစည်းတွေနဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာတာကလွဲပြီး အခြားနည်းလမ်း မရှိနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG