သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မြန်မာစစ်ဘက် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်း


၂၀၁၇ ခုနှစ်ကစတဲ့ ရခိုင် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထပ်မံ စီစစ် အတည်ပြုနိုင်ဖို့ ဆိုပြီး မြန်မာစစ်တပ်က အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းလိုက်ပြီး စတင် စစ်ဆေးမှုတွေ လုပ်မယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ ၃ ဦးပါအဖွဲ့ကို “ခုံရုံး” ဆိုတဲ့ အမည်တပ်ထားပေမယ့် ဘယ်လို လုပ်ပိုင်ခွင့်နဲ့ ဘယ်လောက် ကိုင်တွယ် ဆောင်ရွက်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသလို၊ ဒါနဲ့ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူတွေကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

“ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြု တင်ပြချက်များအရ လည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့၏ စွပ်စွဲရေးသား ဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြုတင်ပြချက်များ အရ လည်းကောင်း အစီရင်ခံစာ အသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံ စီစစ်အတည်ပြုရန် လိုအပ်ပါသည်။” လို့ အခု မတ်လ ၁၈ ရက်နေ့စတဲ့ စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့ရတဲ့ ရည်ရွယ်ချက်ကိုပဲ ပြောထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင် မြောက်ပိုင်းဒေသမှာ အစွန်းရောက် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ အစီရင်ခံစာ အသီးသီးမှာ ဖော်ပြထားတာပါ။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းထားတာတွေကို အခြေခံပြီး၊ မွတ်ဆလင်တွေ အပေါ် လူမျိုးစုလိုက် ရှင်းလင်း ဖယ်ရှားမှုတွေ လုပ်ခဲ့တယ်လို့လည်း နိုင်ငံတကာ စွပ်စွဲချက်တွေ ထွက်ခဲ့ပါတယ်။

မြန်မာ အစိုးရဘက်ကရော စစ်တပ်ဘက်ကပါ နိုင်ငံတကာ သုံးနှုန်းတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့အပြင်၊ ဒီ စွပ်စွဲချက်တွေဟာလည်း အခြေအမြစ် မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ဒါပေမယ့်လည်း ဒီလို စွပ်စွဲချက်တွေကို စုံစမ်းဖို့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ထားသလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထားတွေလည်း တောင်းခံထားပါတယ်။

တချိန်တည်းမှာတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ICC နိုင်ငံတကာ ခုံရုံးကို လွဲှပြောင်းဖို့ တိုက်တွန်းမှုတွေ ရှိနေတာပါ။ အခု မတ်လအတွင်းမှာပဲ ICC ရှေ့နေချုပ် Fatou Bensouda ဦးဆောင်တဲ့ ပဏာမ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အမှုတည်ဆောက်ဖို့ အခု ဘင်္ဂလားဒေ့ရ်ှက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ICC ခုံရုံး ဖွဲ့စည်းဖို့ သဘောတူညီချက်မှာ မြန်မာက လက်မှတ် ရေးထိုးထားခြင်း မရှိပေမဲ့၊ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ မောင်းထုတ်ခဲ့ရတယ်ဆိုတဲ့ အနေနဲ့ နယ်မြေ စီရင်ပိုင်ခွင့် အာဏာယူနိုင်ဖို့ ICC ဘက်ကလည်း နည်းလမ်းရှာဖွေနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကတော့ ဒီအမှုတွေနဲ့ ပတ်သက်လို့ ICC ကို လွဲှပြောင်းနိုင်ခြင်း မရှိရင် သီးခြားနိုင်ငံတကာ ခုံရုံးသစ်ဖွဲ့ပြီး အရေးယူဖို့ တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG