သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေတိုက်ပွဲ အရင်ကထက် အကြိမ်များလာ


တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲ(Voa)
တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲ(Voa)

စစ်တိုင်း ဌာနချုပ်နယ်မြေ ၅ခုမှာ တပ်မတော်က အပစ်အခတ် ရပ်စဲခဲ့တဲ့ ၃လ မြောက်ကာလ အတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေအကြားတိုက်ပွဲတွေဟာ အရင်လတွေထက် မြင့်တက်လာခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရာမှ မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့နဲ့ မူလ သတ်မှတ်ထားတဲ့ အပစ်ရပ်ကာလ ၄လဟာ လုံလောက်တဲ့အချိန် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေး ပို့ ထားပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးကော်မတီက သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြီး အပစ်ရပ်ထားတဲ့ စစ်တိုင်း ၅ခုနယ်မြေက စစ်ရေး အခြေအနေကို အဓိက ရှင်းလင်းခဲ့သလို စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂ လက်နက်ကိုင်အဖွဲ့ NSCN-K နဲ့ ရခိုင်ပြည်နယ် က တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို ရှင်းလင်းခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ အပစ်ရပ်လိုက်တဲ့ တတိယမြောက် ကာလအတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား တိုက်ပွဲဖြစ်ပွားတာ တွေဟာ အရင်လတွေထက် မြင့်တက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက အခုလို ပြောကြားပါတယ်။

“တတိယမြောက် ကာလအတွင်းမှာ တတိယလမှာ မိမိတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု ၂၄ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၅ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု စုစုပေါင်း ၉၄ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၁၀ကြိမ်နဲ့ လူသစ်စုဆောင်းမှု ၈ကြိမ် ဆောင်ရွက်ခဲ့တာ တွေ့ရှိရပါတယ်။”

တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာဟာ KIA နဲ့ ၂ကြိမ်၊ TNLA နဲ့ ၂ကြိမ်၊ MNDAA နဲ့ ၃ကြိမ်၊ SSA ဝမ်ဟိုင်းနဲ့ ၈ကြိမ်၊ RCSS/SSA တောင်ပိုင်းနဲ့ ၂ကြိမ်၊ TNLA၊ MNDAA ပူးပေါင်းတပ်နဲ့ ၅ကြိမ် ဖြစ်ခဲ့တာပါ။

၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ အပစ်ရပ်ပြီးနောက် ပထမလမှာ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အကြား ပထမလမှာ ၂ကြိမ်၊ ဒုတိယလမှာ ၄ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် EAOတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အပေါ်မှာလည်း ဗိုလ်ချုပ်စိုးနိုင်ဦးက တပ်မတော်ရဲ့ သဘောထားကို အခုလို ပြောဆိုထားပါတယ်။

“ ကျနော်တို့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုးတက်တယ် ဆိုတဲ့ လက္ခဏာဆောင်တာကို လက်ခံပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့ အနေနဲ့ Result ကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ Result မထွက်ခဲ့ရင် သို့မဟုတ် ကောင်းတဲ့ Result မရရင် ဒီတွေ့ဆုံမှုတွေက အကျိုးမရှိပါဘူး။ ဒါကြောင့် EAO တွေအနေနဲ့ တွေ့ဆုံမှုတွေမှာ မဖြစ်နိုင်တာတွေ တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ လုပ်ဆောင်မှုတွေကိုသာ ပြုလုပ်ဖို့အတွက် တပ်မတော်အနေနဲ့ ပြောကြားလိုကြောင်း ပြောလိုပါတယ်။”

အပစ်ရပ်ကာလ ၄လ ကို ထပ်မံ တိုးမြှင့်ဖို့ ရှိ - မရှိ ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး က အခုလို ဖြေကြားခဲ့ပါတယ်။

“တကယ်တမ်း ငြိမ်းချမ်းရေးကို လိုလားပြီးကာမှ ဆောင်ရွက်မယ်ဆိုရင် လုံလောက်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်ကာလကို တွက်ချက်ပြီးကာမှ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနာဂလက်နက်ကိုင်အဖွဲ့ NSCN-K နယ်မြေမှာ တတိယမြောက်လ အတွင်းမှာ လူ ၂၂ ဦး၊ လက်နက် ၃၃လက်နဲ့ ခဲယမ်းမီးကျောက်တွေ ထပ်မံ ဖမ်းဆီးရမိကြောင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AAတပ်ဖွဲ့က မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနဲ့ ရပ်ရွာအတွင်းကနေ ပစ်ခတ်တာတွေ ရှိကြောင်းနဲ့ ဒေသခံပြည်သူတွေအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံကြောင်းကို ထည့်သွင်းရှင်းလင်းပါတယ်။

မြောက်ဦး တိုက်ခိုက်မှုမှာတော့ AA အဖွဲ့က လူနေ အိမ်ခြေတွေအတွင်းက ပစ်ခတ်တာမျိုး မရှိကြောင်း ငြင်းဆိုထားသလို AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ ဒီလ၂၁ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နောက်မှာ ရခိုင်ပြည်နယ်မှာ အနည်းဆုံး တိုက်ပွဲ ၈ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG