သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားမြို့နယ် ရခိုင်ဒေသခံ သုံးထောင်ကျော် စစ်ဘေးတိမ်းရှောင်


စစ်ရှောင်ရခိုင်ဒေသခံများ
စစ်ရှောင်ရခိုင်ဒေသခံများ

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်အစပ်မှာ မြန်မာစစ်တပ် နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေး လှုပ်ရှားမှုတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်နေပြီး၊ လတ်တလောအားဖြင့် ရွာသား သုံးထောင်လောက် နေရပ် ကနေ တိမ်းရှောင်နေကြပါတယ်။ ဒေသအတွင်း ကျေးရွာတွေမှာ မြန်မာစစ်တပ်က ဝင်ရောက် ရှင်းလင်းရှာဖွေတာတွေ၊ ကျေးရွာသားတွေကို ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဆိုကြပေမယ့်၊ မြန်မာတပ်မတော်တာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

မြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား စစ်ရေးတင်းမာ မှုတွေကြောင့် မင်းပြား နဲ့မြောက်ဦးမြို့နယ်အစပ် ပန်းမြောင်းနဲ့ မြိုချောင်းကျေးရွာတွေ ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်ရွာသား(၃၀၀၀) ဟာ ပန်းမြောင်ရွာက ဘုန်းကြီး ကျောင်း(၃)ကျောင်းမှာ ခိုလှုံနေရတယ်လို့ ရွှေဖေါင်တင်ကျောင်း ဆရာတော် ဦးပညာဝံသကမိန့်ပါတယ်။

“အခြေအနေကတော့ ဘုန်ကြီး ကျောင်းထဲမှာ စစ်ရှောင်(၂၀၀၀)ကျော်လောက်ရှိတယ်။ အောင်မင်္ဂလာကျောင်းရယ် ပရိယတ္တိတက္ကသိုလ်ကျောင်းရယ် အကုန်လုံးက ပန်းမြောင်းမှာ အခုစစ်ရှောင်က(၃၀၀၀)ပတ်ဝန်းကျင်လောက်ရှိတာပေါ့။ သူတို့က စစ်တပ်တွေက လက်နက်ပစ်တယ်လေ။ လက်နက်နဲ့ပစ်လို့ သူတို့ဘက်ကပြေးလာတယ်ပါ့။”

ဒီရွာသားတွေဟာ မတ်လ(၁၉)ရက် မနေ့ကရောက်ရှိလာတဲ့ စာရင်းအရလို့ ဆရာတော်က မိန့်ပါတယ်။

တပ်မတော်အနေနဲ့ရွာအတွင်း ဝင်ရောက်ခြောက်လှန့်ပစ်ခတ်နေလို့ ရွာသားတွေ တိမ်းရှောင်နေရတာဖြစ်ကြောင်း ပန်းမြောင်းရွာသားဦးဖေဆန်းကပြောပါတယ်။

“ကျွန်တော်တို့ရွာထဲမှာ စစ်တပ်ကလာပြီးတော့ AAတွေရှိတယ်ဆိုပြီးတော့ ရွာကိုခြောက်ပစ်တယ်။ ဒါပေမဲ့ရွာထဲမှာက ဘယ်သူမှမရှိဘူး။ ရွာသားတွေ ဘဲရှိတာ။ ရွာသားတွေကြောက်လန့်ပြီးတော့ခိုကျင်းတွေတူးထားရတယ်။ သေနတ် တွေ နဲ့ခြိမ်းခြောက်တယ် ရွာသားတွေကို။ ပြီးတော့လက်ပစ်ဗုံးတွေနဲ့ တွင်းထဲကို ပစ်ထည့်မယ်လို့ဘာညာပြောတယ်။ ရွာအ နားမှာလဲ လက်နက်ကြီးတွေ ကျရောက်ပြီးတော့ အိမ်တွေပျက်စီးတာရှိတယ်။ လူတွေလဲအထိခိုက်တွေရှိပါတယ်။ ရွာသား တွေက အကုန်လုံးကြောက်လန့်ပြီး ဘုန်ကြီးကျောင်းတွေမှာ ပြေးခိုနေရပါတယ်ခင်ဗျ။”

စစ်ရှောင်တွေဟာ ရွှေဖေါင်တင်ကျောင်းမှာ(၂၀၀၀) အောင်မင်္ဂလာကျောင်းနဲ့ ပရိယတ္တိ တက္ကသိုလ်ကျောင်းမှာ(၁၀၀၀) ရှိနေပြီး ရေရှည်စားသောက်နေထိုင်ရေး အတွက် အခက်တွေ့ နိုင်တယ်လို့ကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

မတ်လ(၁၉)ရက်နေ့က မြန်မာစစ်တပ်ကပန်းမြောင်ကျေးရွာထဲဝင်ရောက်လာပြီး ရွာသား ၁၀၀ ကျော်ကိုလည်း အဲဒီနေ့မှာပဲ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒီအထဲက(၄)ဦး ကိုပြန်မလွှတ်သေးဘူး လို့ ရွာသားဦးဖေဆန်းက ပြောပါတယ်။

“သေနတ်နဲ့လိုက်ပစ်တော့ (၈)နှစ်အရွယ်ရှိတဲ့ကလေး ကောင်လေးတယောက်မှာ သူ့မှာလက်သူကြွယ် ကျည်ထိသွား တယ်ခင်ဗျ။ ကျွန်တော်တို့ပန်းမြောင်းအုပ်စု မြောက်ဦးမြို့နယ်ထဲက မြိုချောင်းအုပ်စု အဲဒီနှစ်အုပ်စုပေါင်းလိုက်တော့ လူပေါင်း၁၃၀- ၁၅၀ ဝန်းကျင်လောက်တော့ဖမ်းသွားတယ်။ သူတို့ကို အင်္ကျီတွေ အကုန်လုံးချွတ်ပြီးတော့ နေပူ လှန်းတယ်။ ပြီးတော့လွှတ်တဲ့ လူတွေကိုပြန်လွှတ် လိုက်တယ်။ ကျန်ခဲ့တဲ့သူက(၄)ယောက်ဘဲကျန်ခဲ့တယ်။ သူတို့တွေ ကိုတော့ အခုထက်ထိ ပြန်မလွှတ်သေးဘူး။”

မြိုချောင်းကျေးရွာက ဦးခင်မောင် ကျော်အေးမောင်နဲ့ ပန်းမြောင်းကျေးရွာက စိုးဝင်းနိုင်မောင်မြင့်လှိုင် တို့ကို AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ အစိုးရတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သူဆိုပါတယ်။

အဖမ်းဆီးခံရတဲ့ပန်းမြောင်းကျေးရွာသား စိုးဝင်းနိုင်ရဲ့အမေဖြစ်သူကတော့ သူသားကို ဘယ်နေရာမှာဖမ်းထားတာ မသိရှိသေးဘူးလို့ ဆိုပါတယ်။

“ဖမ်းထားတာနေရာကိုလဲမသိပါ။”

ဒေသခံတွေကနေ မြန်မာစစ်တပ်က ရွာအတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်ဆောင် နေတယ်လို့ ပြောဆို နေတဲ့အပေါ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ အခုလိုငြင်းဆို ပါတယ်။

“ဖမ်းဆီးထားတာမရှိပါဘူးခင်ဗျ။ ကျွန်တော်တို့အဲဒီ ပန်းမြောင်းမှာမရှိဘူးခင်ဗျ။ အဲတာတွေနဲ့ပက်သက်ပြီးတော့လဲ AAသောင်းကျန်းသူတွေက ပစ်လို့ဆိုပြီးတော့ မှ ဒဏ်ရာရသွားတဲ့ကောင်လေး အဲဒီမှာတယောက်ရှိတယ်လူငယ်လေး။ အဲတာတွေ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။”

မတ်လ(၁၈)ရက်နေ့ကလဲ မြောက်ဦးမြို့ပေါ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ(၆)ဦး ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်ဖက်ကတော့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကနေ မြောက်ဦးမြို့ပေါ် အိမ်တွေကနေ နေရာယူပြီး လုံခြုံရေးယူ ပြီး ပြန်လာတဲ့ တပ်မတော်ကို ပစ်ခတ်ခဲ့လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်တပ်မတော်ဘက်ကတော့ မြောက်ဦးမြို့ပေါ်မှာ သူတို့နဲ့တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ငြင်းဆိုထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့NCA လက်မှတ်ရေးထိုး ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးနေ တဲ့ တချိန်တည်းမှာပဲ၊ တဖက် ကလည်း ရခိုင်ပြည်နယ်အတွင်းမှာတော့ ပစ်ခတ် တိုက်ခိုက်မှုတွေက မရပ်တန့်နိုင်သေးသလို တိုက်ပွဲအကျိုး ဆက်ကြောင့် ဒေသခံ(၂၀၀၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG