သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ဖြစ်နေတဲ့ စစ်ပွဲအပေါ် ပါမောက္ခ Steinberg အမြင်


rakhine AA army conflict map (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
rakhine AA army conflict map (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တိုက်ပွဲ အမေရိကန်ပါမောက္ခအမြင်
please wait

No media source currently available

0:00 0:10:45 0:00
တိုက်ရိုက် လင့်ခ်

AA ဆင်နွှဲလာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာ ရခိုင်အမျိုးသားရေးစိတ်ဓါတ် နိုးကြားလာတာကို ပြသနေခြင်းဖြစ်တယ်။ စစ်အင်အား အသာစီးရရေးထက် နှစ်ဖက်တိတ်တဆိတ် စတင်ညှိနှိုင်းပြီး ဖယ်ဒရယ်ဖေါ်ဆောင်ဖြင်းဖြင့်သာ ရေရှည်ပြေလည်မှု ရနိုင်မှာဖြစ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသုံးသပ်သူ အမေရိကန်ပါမောက္ခ David Steinberg က သုံးသပ်ပါတယ်၊ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု ရခိုင်ပြည်နယ်ဘက်မှာ AA နဲ့ အစိုးရစစ်တပ်တို့ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စဟာ လူတော်တော်များများ စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ဖြစ်နေတာထက် ပိုပြီးတော့ စိုးရိမ်တကြီး ပြောလာကြတာကို ကြားသိရပါတယ်။ ဆရာကြီးအနေနဲ့ အဲဒီလို စိုးရိမ်စရာ ဖြစ်တယ်လို့ ဖြစ်မိပါလား။

ဖြေ ။ ။ နည်းနည်းနောက်ကြောင်းပြန်ပြီးတော့ ပြောပါရစေ New Zealand မှာ ပစ်သတ်တာတွေဟာ စစ်သွေးကြွ အမျိုးသားရေးဝါဒ၊ ပြည်ပဆန့်ကျင်ရေး အမျိုးသားရေးဝါဒလို့ ပြောကြတယ် မဟုတ်လား။ ဒီလိုသဘောပါပဲ မြန်မာနဲ့ အိန္ဒိယတို့မှာလည်း ဖြစ်နေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီလက်ထက် Ethnic Religious Nationalism လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးဝါဒ ကြီးထွားလာပါတယ်။ မြန်မာနိုင်ငံမှာလည်း မဘသ လှုပ်ရှားမှု ပေါ်လာသလို၊ ရခိုင် AA လှုပ်ရှားမှုကလည်း ဒီလိုပါပဲ။ ဗမာလူမျိုးတွေနဲ့ ယှဉ်ပြိုင်ပေါ်ပေါက်လာတဲ့ လူမျိုးရေးလှုပ်ရှားမှုတရပ်ပါ။

ဗမာတွေဟာ ရခိုင်ကို ၁၇၈၄-၈၅ မှာ အောင်နိုင်ပြီးတော့ မဟာမုနိရုပ်ပွားတော်ကို မန္တလေးကို လုယူသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို မမေ့ပျောက်ကြသေးပါဘူး။ ဒါပေမဲ့ ဗမာတွေကတော့ ဒါကို မဖော်ပြကြတော့ပါဘူး။ မကြာခင်တုန်းက New Light of Myanmar အစိုးရသတင်းစာမှာ ရခိုင်အကြောင်း ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒီမှာ ဗမာတွေ ရခိုင်ကို သိမ်းပိုက်အောင်မြင်တဲ့ကိစ္စတခုလုံးကို လုံးဝဖော်ပြမထားပါဘူး။ အင်္ဂလိပ်တွေအကြောင်းကိုတော့ ပြောထားပါတယ်။ ဒါ မမှန်ပါဘူး။

ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်မှာ ဒါတွေအရေးကြီးပါတယ်။

မေး ။ ။ သမိုင်းမှာ အင်အားကြီးတဲ့လူမျိုးက အင်အားနည်းတဲ့လူမျိုးကို အောင်နိုင်ခဲ့တယ်။ ရက်ရက်စက်စက် ပြုမှုခဲ့တယ်ဆိုတာတွေကို အမှန်အတိုင်း အခုမှ ဖော်ထုတ်နေလို့ ပြဿနာပြေလည်သွားမယ်၊ ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပြန်ပြောရုံနဲ့ ဘယ်ပြဿနာကိုမှ ပြေလည်သွားစေမှာ မဟုတ်ပါဘူး။ ပြောရမှာက သမိုင်းမှာ ဒီလိုအချက်အလက်တွေ ရှိခဲ့တယ်။ လစ်လျူရှုထားလို့ မရနိုင်ဘူး။ ဒီအမှားတွေကို ပြန်ပြင်ကြရအောင်ဆိုပြီး ပြောရမှာပါ။ ပြန်ပြင်နိုင်မယ့်စနစ်တရပ်လည်း လိုပါတယ်။ တိုင်းရင်းသားလူနည်းစုတချို့အတွက် ဖယ်ဒရယ်အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ ပြည်ထောင်စုထဲမှာ တစုတဝေးတည်း နေနိုင်ဖို့အတွက် အတိတ်ရဲ့အမှားတွေကို အသိအမှတ်ပြုပြီးတော့ အပေါင်းလက္ခဏာဆောင်လာအောင် လုပ်သွားကြရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီဖြစ်ရပ်တွေက ရာစုနှစ်ထက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ပြန်ကောက်ရမှာ သိပ်နောက်ကျမနေဘူးလား။

ဖြေ ။ ။ သိပ်နောက်မကျပါဘူး။ ဒီစိတ်ဓါတ်တွေက ကြီးမားမြင့်မားလာနေပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်အမျိုးသားနေ့မှာ မြောက်ဦးမြို့မှာ အဓိကရုဏ်းဖြစ်လို့ လူဒါဇင်ဝက်လောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကိုကြည့်ပါ။ ဒီဖြစ်ရပ်မှာ ဘယ်ဘက်ကမှားတယ်။ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာ ကျနော်တော့ မသိပါဘူး။ ကျနော် သိတာကတော့ ဗမာကြီးစိုးမှုကို ဆန့်ကျင်တဲ့ ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြသတာပါ။ ဒါတွေက အကြုံဝင်နေတုန်းပါ။ ယုတ်စွအဆုံး ရခိုင် ဗုဒ္ဓဘာသာအချို့က ဒီကိစ္စတွေကို သိပ်ကိုအလေးထားနေတုန်းပါပဲ။ ဒီစိတ်ဓါတ်တွေဟာ သူတို့ရဲ့ သားသမီးတွေဆီကို ဆက်လက်ကူးစက်သွားမှာပါ။

ဆိုတော့ ဒီသမိုင်းဖြစ်ရပ်တွေဟာ သိပ်ဟောင်းနွှမ်းနောက်ကျနေပြီဆိုတာတော့ မဟုတ်ပါဘူး။ အထူးသတိထားကိုင်တွယ်ရမယ့် ကိစ္စတွေ ဖြစ်နေတုန်းပါပဲ။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ ဆောင်ပုဒ်တခုက ပြည်ထောင်စုမပြိုကွဲရေး ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို အတိုက်အခံရော၊ တိုင်းရင်းသားအားလုံးကပါ သဘောတူလက်ခံကြပါတယ်။ လက်တွေ့မှာ တိုင်းရင်းသားအရေးကို ဒီဆောင်ပုဒ်နဲ့အညီ ကိုင်တွယ်နေတယ်လို့ ဆရာကြီး သုံးသပ်မိပါသလား။

ဖြေ ။ ။ မလုပ်ဆောင်ပါဘူး။ အစကတည်းက အမှားမှားအယွင်းယွင်း ကိုင်တွယ်လာခဲ့တာပါ။ မူလတုန်းက ပင်လုံမှာ ဖယ်ဒရယ်အစိုးရ တည်ထောင်ဖို့ ပြောခဲ့ကြပေမယ့် ဦးနုလက်ထက်မှာ အရပ်သားအစိုးရဟာလည်း ဖယ်ဒရယ်အစိုးရ မဟုတ်ခဲ့ပါဘူး။ နာမည်သာ ပြည်ထောင်စုမြန်မာနိုင်ငံ Union of Burma ဖြစ်နေပေမယ့် ပြည်ထောင်စု အစစ်အမှန် မဟုတ်ခဲ့ပါဘူး။ ကျနော် အမြဲတမ်းပြောခဲ့ဖူးသလိုပါပဲ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အခြေခံပြဿနာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တိုင်းရင်းသားဆက်ဆံရေးသာ ဖြစ်ပါတယ်။ ဗမာတချို့ကတော့ ဒါဟာ သင့်တော်မျှတတဲ့ ဆက်ဆံရေးပဲလို့ ယူဆကြပါလိမ့်မယ်။ ဘာကိုမျှတတယ်လို့ ထင်ကြသလဲတော့ မသိပါဘူး။ ကျနော်တို့ ပြင်ပကနေ ကြည့်တဲ့လူတွေအတွက်တော့ ဒီလိုမယူဆကြပါဘူး။ ဒါကို တနည်းနည်းနဲ့ ပြေလည်အောင် လုပ်ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကိစ္စဟာ သူ့အတွက် ထိပ်တန်းဦးစားပေး ပြောခဲ့ပါတယ်။ ပြီးတော့ သူဟာ ပင်လုံစိတ်ဓါတ် အစဉ်အလာကို သူ့ရဲ့ဖခင်ဆီက ဆက်ခံရတဲ့သူပါ။ ဒါပေမဲ့ အခုထိ အလုပ်မဖြစ်သေးပါဘူး။ ဒီကိစ္စကို စစ်တပ်က သံသယ ရှိနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မယုံပါဘူး။ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပြေလည်မှု ရရှိရေးဟာ ဘယ်ကိုမှ ခရီးမပေါက်နိုင်ဘဲ ရှိနေပါသေးတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဖြစ်လာနေတဲ့ကိစ္စမှာ ပထမဦးဆုံးလုပ်ရမယ့် အဓိကအကြောင်းကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဟုတ်ပါဘူး။ ဖယ်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည်ဖော်ရေးသာ ဖြစ်ပါတယ်။

ဒီအထဲမှာ အရေးကြီးတဲ့အချက်တချက်အဖြစ် ကျနော် စဉ်းစားမိတာကတော့ ပြည်နယ်တိုင်းရင်းသားနယ်ပယ်တွေမှာ အုပ်ချုပ်ရေးအကြီးအကဲကို ဒေသခံပြည်သူတွေက ရွေးချယ်သူတွေကို ခန့်ထားရေး ဖြစ်ပါတယ်။ ဗဟိုအစိုးရကကြိုက်တဲ့လူကို မခန့်သင့်ပါဘူး။

မေး ။ ။ တချို့က သုံးသပ်ကြပါတယ်။ ဒီနေရာမှာ ကြာဝင်စေ့စပ်ပေးရမယ့် လူလိုအပ်တယ်။ အထူးသဖြင့် တရုတ်က ဝင်ရောက်ဖြန့်ဖြေပေးရင် ရနိုင်မယ်လို့ ယူဆကြတာ ရှိပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါလဲ။ ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ ဒါက သိပ်ဖြစ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ နိုင်ငံခြားသားတွေရဲ့ ကြားဝင်စွက်ဖက်မှုတွေကိုလည်း မြန်မာတွေက ယုံလည်းမယုံကြည်ကြပါဘူး။

မေး ။ ။ ဒါပေမဲ့ တရုတ်က လက်ရှိမှာ မြန်မာနိုင်ငံကို နိုင်ငံတကာမျက်မှောက်မှာ ကာကွယ်ပေးနေတယ်။ စီးပွားရေးအားဖြင့်လည်း အဓိကကျနေတယ်ဆိုတော့ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုက အတော်ကြီးမားနေတယ် မဟုတ်ဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါကတော့ မှန်ပါတယ်။ လောလောဆယ်မှာ လုံးဝမှန်ပါတယ်။ ဒါပေမဲ့ အတိတ်ကို ပြန်ကြည့်ရင် တရုတ်က မြန်မာအပေါ် ဖိအားသုံးတဲ့နေရာမှာ မြန်မာဘက်က ခံစားချက်သဘောထားကို ဂရုမစိုက်ဘဲ လုပ်တတ်ပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံခြားသားတွေဟာ မြန်မာတို့ရဲ့ သဘောထားကို နားလည်ခံစားခြင်း မရှိကြပါဘူး။ ဆိုတော့ တရုတ်တို့ရဲ့ အခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမေရိကန်ရဲ့ အခန်းကဏ္ဍဟာလည်း မေးခွန်းထုတ်စရာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ Scandinavia နိုင်ငံတွေ။ ဒါမှမဟုတ် အမေရိကန်၊ တရုတ် စတဲ့နိုင်ငံတွေရဲ့ အကြံဉာဏ် တစိတ်တပိုင်းပဲ ရယူသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီအကြံအစည်လောက်နဲ့တော့ မရပါဘူး။ တကယ်လက်တွေ့ဖြစ်အောင် ဥပဒေတွေ လုပ်ရပ်တွေ ပြင်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ အိန္ဒိယအနေနဲ့ကော .. အိန္ဒိယက သူတို့တိုင်းပြည်မှာ ဒီလိုလူမျိုးစုပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပြဿနာတွေမဖြစ်အောင် ထိန်းနိုင်ခဲ့တယ်။ တဘက်မှာလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့ စီးပွားရေးအရ ရင်းနှီးမြုပ်နံှဖို့ ဆန္ဒတွေ အများကြီး ရှိနေတယ်ဆိုတော့ သူတို့ရဲ့ တိုင်းပြည်အတွေ့အကြံုံကို မြန်မာနိုင်ငံအတွက် အသုံးချအကြံပေးတာမျိုး၊ ဝင်ရောက်စေ့စပ်တာမျိုးတွေ မလုပ်နိုင်ဘူးလား။

ဖြေ ။ ။ ခင်များပြောသလိုပါပဲ မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယရဲ့ အကျိုးစီးပွားဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကုလားတန်မြစ်နဲ့ စီမံကိန်းဟာ မဏိပူရ၊ အာသံ၊ နာဂဒေသတွေလို အိန္ဒိယဒေသ အရှေ့မြောက်ပိုင်းအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒီဒေသမှာ အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့ (၁၁) ဖွဲ့လောက် ရှိနေပါတယ်။ တချို့က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံမှာ နေကြတဲ့ လူမျိုးစုသူပုန်တွေပါ။ အိန္ဒိယဟာ ဒီဒေသကို ငြိမ်းချမ်းစေချင်တာ။ တရုတ်သြဇာကနေ လွှတ်မြောက်စေချင်တာပါ။ ဆိုတော့ အိန္ဒိယက တိတ်တစိတ် ကူညီနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဟိန္ဒူအမျိုးသားရေးစိတ်ဓါတ်ကို နိုးဆွနေပါတယ်။ ဒါဟာ အိန္ဒိယအတွက် စိုးရိမ်စရာပါ။ အိန္ဒိယမှာ မူစလင်က သန်း (၁၅၀) လောက် ရှိပါတယ်။ သိပ်အကဲဆတ်တဲ့ ကိစ္စပါ။

မေး ။ ။ မြန်မာ့ရှေ့ရေးကို ပြန်ကြည့်မယ်ဆိုရင် The Worst Case Scenario အဆိုးဝါးဆုံး ဖြစ်နိုင်တဲ့ အခြေအနေ ဘာလို့ထင်ပါသလဲ။ AA က အခုအခါမှာ “ဝ” ကို အားကျပြီး Confederation ယူချင်တယ်လို့ ပြောလာပါတယ်။ ဒါကို ကျန်တဲ့ တိုင်းရင်းသားတွေကလည်း ကြိုက်တယ်လို့ မပြောတောင်မှ ဘာမှဝေဖန်ခြင်းမပြုဘဲနဲ့ နှုတ်ဆိတ်နေကြပါတယ်။ ဆိုတော့ ဒီကိစ္စကျယ်ပြန့်လာရင် ပြည်ထောင်စုပြိုကွဲရေးအထိ ဦးတည်သွားလာနိုင်တယ်လို့ ဆရာကြီး ယူဆပါသလား။

ဖြေ ။ ။ နည်းနည်းတော့ ကွဲပြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်က ပြည်နယ်အဆင့် ရှိနေပြီသားပါ။ “ဝ” က ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းတခုမျှသာ ဖြစ်ပါတယ်။ ဒါကို “ဝ” က သီးခြားပြည်နယ် လိုချင်နေတာပါ။ ဒါကို ရှမ်းက မကြိုက်ပါဘူး။ ရခိုင်က ပြည်နယ်ရပြီသားပါ။ ရိုဟင်ဂျာကိစ္စက သီးခြားပြဿနာပါ။ ဒါပေမဲ့ AA အင်အားကြီးထွားလာတာကတော့ သိပ်ပြီးတော့ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ဗမာတို့ နားလည်သဘောပေါက်ရမယ့် ရခိုင်အမျိုးသားရေးစိတ်ဓါတ် ဖြစ်ပါတယ်။ သိမ်မွှေ့တဲ့နည်းနဲ့ ကိုင်တွယ်သင့်ပါတယ်။ ဒါပေမဲ့ စစ်တပ်က ဒီလိုသိမ်မွှေ့တဲ့နည်းနဲ့ ကိုင်တွယ်လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး။ အရပ်ဘက်အစိုးရကလည်း ဒီလိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီလိုလုပ်ဖို့ကိုလည်း အချိန်ယူပြီးတော့ ဘက်စုံလုပ်ရမယ့်ကိစ္စပါ။ တချိန်တည်းမှာပဲ AA တွေ နယ်မြေသိမ်းပိုက်မယ့်ကိစ္စ။ စခန်းတွေကို ပစ်ခတ်သိမ်းပိုက်နေတဲ့ ကိစ္စကလည်း လက်ခံနိုင်စရာ မရှိပါဘူး။ ဒီအထဲမှာ ရိုဟင်ဂျာပြဿနာ ရှိနေသေးတဲ့အတွက်လည်း အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးစေပါတယ်။

မေး ။ ။ စိုးရိမ်စရာ အကောင်းဆုံးလို့ ထင်တဲ့ကိစ္စတခုကို မေးချင်ပါတယ်။ အစိုးရစစ်တပ်နဲ့ AA တို့ တိုက်နေတာအပြင် ဒီကိစ္စဟာ ကျယ်ပြန့်လာပြီးတော့ ဗမာနဲ့ ရခိုင် လူထုချင်းကြားမှာ အမုန်းပွားစရာ ဖြစ်လာလေမလား။ အဲဒီလို မဖြစ်လာအောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဆရာကြီး ဘယ်လိုလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ ပညာရေးကစပြီး လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တန်းတူညီမျှရေးစိတ်ဓါတ်ကို ဖန်တီးနိုင်တဲ့ ပညာရေး ဖြစ်ရပါမယ်။ ကျောင်းသင်ခန်းစာတွေ ပြင်ရမယ်။ လက်တွေ့မှာလည်း ဒီလိုဖြစ်အောင် လုပ်ပေးရပါလိမ့်မယ်။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုနိုင်ငံဆိုတာကို လုပ်ရပါလိမ့်မယ်။ ဒီ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိခဲ့ပါတယ်။ လူဖြူတွေဟာ လူမည်းတွေထက် အခွင့်ထူးခံ ရခဲ့တယ်။ Latino တွေထက် ပိုအကျိုးခံစားခွင့် ရှိခဲ့တယ်။ အရင်တုန်းကဆိုရင် Protestant တွေက Roman Catholic, Jew တွေထက် အခွင့်ထူးရခဲ့တယ်။ ဒါတွေကို ဖြည်းဖြည်းချင်း ကျော်လွှာနိုင်ခဲ့တာပါ။ အလားတူ ထပ်မဖြစ်အောင်လဲ အပြောင်းအလဲတွေလုပ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဒီလိုပြောင်းလဲမှုတွေ လုပ်ရပါမယ်။ ဒီလိုပြဿနာမျိုး ကျော်လွှာနိုင်မယ့် နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း တိတ်တစိတ်လေ့လာပြီးတော့ နမူနာယူသင့်ပါတယ်။

XS
SM
MD
LG