သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြန်ပို့ရေး ဆုံးဖြတ်ချက် အိန္ဒိယ ခုခံချေပ 


 အိန္ဒိယရှိ ရိုဟင်ဂျာဒုက္ခသည်များ
အိန္ဒိယရှိ ရိုဟင်ဂျာဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်ရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၅ ဦးရဲ့ အင်္ဂါနေ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး ဒီကြေညာချက်ဟာ အိန္ဒိယအပေါ် အမြင်မှားစေအောင် လုပ်ဆောင်တာ ဖြစ်ပြီး မှန်ကန်မှုလည်း မရှိဘူးလို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ဝေဖန်ပြီး ရှုံ့ချလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Raveesh Kumar က အိန္ဒိယအစိုးရက အခုလို နေရပ်ရင်း ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေဟာ တရားဝင်လုပ်ငန်းစဉ်တွေ ဖြစ်ပြီး၊ တရားမဝင် လာရောက်သူ တွေကို ပြန်ပို့တာဟာ အိန္ဒိယဥပဒေအရ ဆောင်ရွက်နေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၃ မှာ အိန္ဒိယကို တရားမဝင် လာရောက်ခဲ့တဲ့အတွက် အာသံခရိုင်အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃ ဦးကို အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာပါ။ ဒီနှစ်ဇန်နဝါရီမှာလည်း ၅ ဦးပြန်ပို့ခဲ့သလို နောက် ၇ ဦးကိုတော့ အိန္ဒိယမြန်မာနယ်စပ် မိုရေးဘက်ကနေ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရဟာ နောင်မှာလည်း အိန္ဒိယ တရားရေးဌာနက ညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေအတိုင်း ဆက်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောခွင့်ရ Kumar က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ဖခင်နဲ့ သူ့သား ၂ ဦး စုစုပေါင်း ၃ ဦးကို မြန်မာနိုင်ငံပြန်ပို့တာနဲ့ ပတ်သက်ပြီး စိတ်ပျက်ရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးစုံစမ်းရေးမှုး Yanghee Lee နဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက လူမျိုးရေး ခွဲခြားဆက်ဆံမှု ဆို်င်ရာ အထူးကိုယ်စားလှယ် E. Tendayi Achiume ၊ ရွှေ့ပြောင်းအခြေချသူများ အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Felipe González Morales ၊ တရားမဲ့ဖမ်းဆီးမှုဆိုင်ရာ အလုပ်အဖွဲ့ အကြီးအကဲ Seong-Phil Hong ၊ လူနည်းစု အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Fernand de Varennes တို့ ၅ ဦး အင်္ဂါနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရင် ကျရောက်နိုင်တဲ့ အန္တရာယ်တွေအတွက် စိုးရိမ်ရတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ဒေသအများအပြားမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်က ၄ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG